ဆီ (ရေနံ) ယိုဖိတ်မှုကြောင့် ပင်လယ်ပြင် ညစ်ညမ်းမှုမှတစ်ဆင့် ထိခိုက်နစ်နာသူများနှင့် ဆုံးရှုံးမှုများကို လျော်ကြေးရရှိရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းအား ပြင်ဆင်သည့် နောက်ဆက်တွဲ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးရန် လွှတ်တော် အတည်ပ

ဆီ (ရေနံ) ယိုဖိတ်မှုကြောင့် ပင်လယ်ပြင် ညစ်ညမ်းမှုမှတစ်ဆင့် ထိခိုက်နစ်နာသူများနှင့် ဆုံးရှုံးမှုများကို လျော်ကြေးရရှိရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းအား ပြင်ဆင်သည့် နောက်ဆက်တွဲ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးရန် လွှတ်တော် အတည်ပ
Published 18 May 2016
ကျော်ဇင်ဝင်း၊ မျိုးမင်းထက်

၁၉၆၉ ခုနှစ် ဆီ(ရေနံ) ယိုဖိတ်မှုကြောင့် ပင်လယ်ပြင် ညစ်ညမ်းမှုဖြစ်စဉ်များမှ တစ်ဆင့်  ထိခိုက်နစ်နာသူများနှင့် ဆုံးရှုံးမှုများကို လျော်ကြေးရရှိရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းအား ပြင်ဆင်သည့် ၁၉၉၂ ခုနှစ် နောက်ဆက်တွဲ သဘောတူစာချုပ် (CLC Protocol 1992) အား မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးနိုင်ရန် မေ ၁၇ ရက်တွင် ကျင်းပသည့်ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။အဆိုပါ နောက်ဆက်တွဲ သဘောတူစာချုပ်သို့ ပါဝင်လက်မှတ်ရေးထိုးရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်း၊ တပ်မတော်သားလွှတ်တော်       ကိုယ်စားလှလ် ဗိုလ်မှူးအောင်ဖြိုးကျော်၊ ဒက္ခိဏသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း၊ ကျောက်ဖြူ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်၊ ဖောင်းပြင်မဲဆန္ဒနယ်ပြည် သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းဝေ၊ ဖာပွန်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်၊ ဂန့်ဂေါ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်တို့က ထောက်ခံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ယခုတင်ပြထားသည့် နောက်ဆက်တွဲစာချုပ် လက်မှတ် ရေးထိုးပြီးပါက ဆီ(ရေနံ)ယိုဖိတ်မှုများ ဖြစ်ပွားလျှင် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် OPRC ကွန်ဗင်းရှင်းသို့ ဆက်လက် ဝင်ရောက်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊  နစ်နာဆုံးရှုံးမှု လျော်ကြေးကို အပြည့်အဝရနိုင်သမျှ ရရှိရေးအတွက်လည်း Fund ကွန်ဗင်းရှင်းသို့   လက်မှတ်ရေးထိုး ဝင်ရောက်ရမည် ဖြစ်ကြောင်း၊ အခြား ဆက်စပ်ကွန်ဗင်းရှင်းများသို့ ဝင်ရောက်မှုအခြေအနေနှင့် ပြည်တွင်းတွင် လိုအပ်သည့် ဥပဒေများ ရေးဆွဲသွားရန်ရှိကြောင်း စသည်တို့ကို ရှင်းလင်းပြောကြားသည်။ထိုသို့ လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးနှင့် ပြည်ထောင်စုဝန်ကြီးတို့၏ ရှင်းလင်းဆွေးနွေးမှုများအပြီးတွင် အဆိုပါ နောက်ဆက်တွဲ သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန်အတွက် လွှတ်တော်မှ သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။၁၉၆၉ ကွန်ဗင်းရှင်းမှာ ဆီအမျိုးအစား သတ်မှတ်ချက် ပိုမိုရှင်းလင်းစွာ ဖော်ပြရန် လိုအပ်ခြင်း၊ သင်္ဘောပေါ်တွင် ကုန်စည်အဖြစ် သယ်ဆောင်လာသော ဆီများသာမက လောင်စာဆီအဖြစ် အသုံးပြုသော ဆီများကြောင့် ဖြစ်ပေါ်လာသည့် ပင်လယ်ပြင် ညစ်ညမ်းမှုများကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်ခြင်း၊ ဆီကို ကုန်စည်အဖြစ် သယ်ဆောင်လာစဉ်သာမက ကုန်စည်မပါဘဲ သွားလာစဉ် ဖြစ်ပွားသည့် ယိုဖိတ်မှုများကိုပါ အရေးယူဆောင်ရွက်နိုင်ရန် လိုအပ်ခြင်းကြောင့် အဆိုပါ လိုအပ်ချက်များကို ထပ်မံထည့်သွင်းပြီး ၁၉၉၂ ခုနှစ် နောက်ဆက်တွဲ သဘောတူစာချုပ်ကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယင်းနောက်ဆက်တွဲ သဘောတူစာချုပ်တွင် International Maritime Organization (IMO) အဖွဲ့ဝင် နိုင်ငံပေါင်း ၁၃၄ နိုင်ငံမှ လက်မှတ်ရေးထိုးခဲ့ကာ အာဆီယံနိုင်ငံ ခုနစ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည်လည်း လက်မှတ် ရေးထိုးထားပြီး ဖြစ်သဖြင့် မြန်မာနိုင်ငံအနေဖြင့်လည်း မိမိ၏ ပိုင်နက်ရေပြင်အတွင်း ဆီ (ရေနံ) တင် ရေယာဉ်များမှ ဖြစ်ပေါ်လာနိုင်သည့် ပင်လယ်ပြင်ညစ်ညမ်းမှုများနှင့် စပ်လျဉ်းသည့် အခွင့်အရေးများနှင့် ရပိုင်ခွင့်များကို အပြည့်အ၀ ရရှိရန်အတွက် နောက်ဆက်တွဲ သဘောတူစာချုပ်အား နောက်မှ သဘောတူပါဝင်ခြင်း နည်းလမ်းဖြင့် ပါဝင်လက်မှတ်ရေးထိုးရန် လိုအပ်ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ နောက်ဆက်တွဲ သဘောတူစာချုပ် (CLC Protocol 1992) ကို လက်မှတ်ရေးထိုးခြင်းဖြင့် စာချုပ်အဖွဲ့ဝင် မဟုတ်သည့်  နိုင်ငံ၏ သင်္ဘောသည်  စာချုပ်ဝင်နိုင်ငံ၏ ရေပြင်တွင် လာရောက် ဆီယိုဖိတ်ခဲ့ပါက အဆိုပါ သင်္ဘောများကို အရေးယူဆောင်ရွက်နိုင်ရန်အတွက် ကွန်ဗင်းရှင်းတွင် လုံလောက်သည့် လျော်ကြေးများ ရရှိနိုင်ရန် ပါဝင်ကြောင်း သိရသည်။အဆိုပါ နောက်ဆက်တွဲစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုး ပြီးပါက အများဆုံးရရှိနိုင်သည့် လျော်ကြေးမှာ အမေရိကန်ဒေါ်လာ ၁၃၅ သန်းဖြစ်ပြီး အထူးထုတ်ယူခွင့် လက်မှတ် ၈၉ ဒသမ ၇၇ သန်းအထိ ရေနံတင်သင်္ဘော၏ အရွယ်အစားပေါ် မူတည်ရရှိနိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၏ ပြောကြားချက်အရ သိရသည်။ထို့ပြင် လျော်ကြေးငွေတွင် အမေရိကန် ဒေါ်လာ ၁၃၅ သန်း ပိုမိုရရှိလိုပါက အမေရိကန်ဒေါ်လာ ၄၅၂ သန်း အထူးထုတ်ယူခွင့် ၃၀၀ ဒသမ ၇၄ သန်းအထိ ရရှိနိုင်မည့် IMO ၏ နောက်ဆက်တွဲ သဘောတူစာချုပ် တစ်ခုဖြစ်သည့် Fund Protocol 1992 ဝင်ရောက်ရန် လိုကြောင်း၊ Fund Protocol  1992 ဝင်ရန်အတွက်မှာလည်း ပထမဆုံးအနေဖြင့် ယခုတင်ပြသည့် နောက်ဆက်တွဲ စာချုပ်ဖြစ်သည့် CLC Protocol 1992 ဦးစွာ ဝင်ရောက်ရမည် ဖြစ်ကြောင်း သိရသည်။ထိုသို့ စာချုပ်ဝင်နိုင်ငံအဖြစ် ဝင်ရောက်ပြီးပါက ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စတွင် စာချုပ်ဝင်နိုင်ငံများ၏ တရားရုံးကသာ လျှင် မိမိနိုင်ငံ၏ ပင်လယ်ပြင်တွင် ဆီ(ရေနံ) ယိုဖိတ်မှုကြောင့် ညစ်ညမ်းမှု ဖြစ်ပေါ်ပါက လျော်ကြေးငွေ တောင်းခံရေး ဆုံးဖြတ်နိုင်ရန်အတွက် ဆုံးဖြတ်ခွင့်ရှိကြောင်း သိရသည်။ 

Most Read

Most Recent