ရုရှားနိုင်ငံတွင် ယခု မေလအတွင်း ကျင်းပမည့် အာဆီယံ-ရုရှား ထိပ်သီး အစည်းအဝေးသို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော် တက်ရောက်မည် ဖြစ်သော်လည်း အဆိုပါ ခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ကြောင်း နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မေ ၁၅ ရက်တွင် ပြောကြားသည်။နိုင်ငံတော် သမ္မတ ဦးထင်ကျော်သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့၌ မေ ၁၉ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် အာဆီယံ ရုရှား ဆက်ဆံရေး နှစ် ၂၀ ပြည့် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် မေ ၁၇ ရက်တွင် ရုရှားနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သိရသည်။အာဆီယံ-ရုရှား ခရီးစဉ်နှင့် ပတ်သက်ပြီး ဦးဇော်ဌေးက “အာဆီ ယံ-ရုရှား ထိပ်သီး သဘောမျိုး လုပ်တာလေ။ ကျွန်တော်တို့ သိသလောက်ကတော့ ဒေါ်အောင်ဆန်းစုကြည် မပါဘူး။ ပြီးရင် သတင်းထုတ်မှာပါ” ဟု ပြောကြားသည်။နိုင်ငံတော် သမ္မတ ဦးထင်ကျော်၏ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် မေ ၆ ရက်က လာအိုနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် နေ့ချင်းပြန်ခရီး သွားရောက်ခဲ့ရာ အဆိုပါ ခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်ခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည် မေ ၁၃ ရက် ညပိုင်းတွင် နေပြည်တော်မှ ရန်ကုန်သို့ လာရောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မေ ၁၄ ရက်တွင် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများထံမှ သြဝါဒ ခံယူခြင်း၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (Myanmar Peace Center) သို့ သွားရောက်ကြည့်ရှု စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပြီး မေ ၁၅ ရက် နံနက်တွင် နေပြည်တော်သို့ ပြန်သွားကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည်သည် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရန်နှင့် ပတ်သက်၍ ပြီးခဲ့သည့် မေ ၉ ရက်က နေပြည်တော်၌ အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (National Reconciliation and Peace Centre- NRPC) ဖွဲ့စည်းရေးဆိုင်ရာ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို ဦးဆောင် ကျင်းပခဲ့ရာ အဆိုပါ အစည်းအဝေးတွင် ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးကို လာမည့် သီတင်းပတ်အတွင်း ဆက်လက် ကျင်းပသွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက သတင်း ထုတ်ပြန်ထားသည်။မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ ဆက်ဆံရေးကို လက်ရှိထက် လေးနက်စေရန် တိုးမြှင့် လုပ်ဆောင်နေရာ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များ အိမ်နီးချင်းနှင့် အာဆီယံနိုင်ငံများ အပါအဝင် အခြား နိုင်ငံများသို့ ချစ်ကြည်ရေး ခရီးသွားရောက်ရန် စီစဉ်နေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးနှင့် ပြောရေးဆိုခွင့်အဖွဲ့ အတွင်းရေးမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုးက မေ ၁၃ ရက်တွင် ပြောကြားသည်။
ရုရှားနိုင်ငံ၌ ကျင်းပမည့် အာဆီယံ-ရုရှား ထိပ်သီး အစည်းအဝေးသို့ နိုင်ငံတော် သမ္မတ တက်ရောက်မည် ဖြစ်သော်လည်း အဆိုပါ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်















