မြန်မာအပေါ် အရေးယူ ပိတ်ဆို့မှု သက်တမ်းတိုးရန် စီစဉ်ထားသော်လည်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် တိုးမြှင့် လုပ်ဆောင်ရန် ကန့်သတ်မှု အချို့ ဖြေလျှော့သွားရန် ရှိနေကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများ ပြောကြား

မြန်မာအပေါ် အရေးယူ ပိတ်ဆို့မှု သက်တမ်းတိုးရန် စီစဉ်ထားသော်လည်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် တိုးမြှင့် လုပ်ဆောင်ရန် ကန့်သတ်မှု အချို့ ဖြေလျှော့သွားရန် ရှိနေကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများ ပြောကြား
Published 14 May 2016
ငြိမ်းကို

မြန်မာနိုင်ငံ အပေါ် အမေရိကန် အစိုးရက ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများသည် လာမည့် ရက်သတ္တပတ်တွင် ကုန်ဆုံးတော့မည်ဖြစ်ပြီး အဆိုပါ အရေးယူ ပိတ်ဆို့မှုများကို သက်တမ်း တိုးရန် စီစဉ်ထားသော်လည်း ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် တိုးမြှင့် လုပ်ဆောင်ရန် ကန့်သတ်မှု အချို့ကို ဖြေလျှော့သွားရန် ရှိနေကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများ၏ ပြောကြားမှုကို ကိုးကား၍ ရိုက်တာ သတင်းဌာနက သုံးသပ် ဖော်ပြခဲ့သည်။မြန်မာနိုင်ငံသို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ မေ ၂၂ ရက်တွင် လာရောက်မည်ဟု အတည်ပြု ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ သုံးသပ်မှုများ ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။အမေရိကန် အစိုးရ အနေဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နံှမှုများတွင် တိုးမြှင့် လုပ်ဆောင်ရန်အတွက် ကုမ္ပဏီ အချို့ကို အထူး ကုန်သွယ်ရေး လိုင်စင်များ ချထားပေးနိုင်ပြီး ပစ်မှတ်ထား အရေးယူ ပိတ်ဆို့ထားသော မြန်မာနိုင်ငံ၏ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်အချို့ ပါဝင်သည့် လူပုဂ္ဂိုလ် တစ်ရာကျော်အနက် အချို့ကို ဖယ်ရှားပေးနိုင်သည်ဟု အမေရိကန် ထိပ်တန်း အရာရှိ အချို့က ပြောကြားကြောင်း အဆိုပါ သတင်းတွင် ဖော်ပြခဲ့သည်။မြန်မာနိုင်ငံတွင် တပ်မတော် ခေါင်းဆောင်များသည် အရပ်သား အစိုးရ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်လာခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှ စ၍ အမေရိကန် အစိုးရ အနေဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အရေးယူ ပိတ်ဆို့မှုများကို လျှော့ချပေးလာခဲ့ခြင်း ဖြစ်သည်။၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အတွင်း အမေရိကန် အစိုးရသည် ကုန်သွယ်မှု ကန့်သတ်ချက် ဖြေလျှော့မှုအချို့ ပြုလုပ်ပေးခဲ့ပြီး မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများနှင့် လေဆိပ်အားလုံးမှ တစ်ဆင့် ကုန်ပစ္စည်း ကူးသန်းခွင့်ကို ခြောက်လကြာ ခွင့်ပြုပေးခဲ့သည်။မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အမေရိကန် အစိုးရ၏ အရေးယူ ပိတ်ဆို့မှုများ သက်တမ်းသည် မေ ၂၀ ရက်တွင် ကုန်ဆုံးတော့မည် ဖြစ်ပြီး မြန်မာ့ တပ်မတော်၏ နိုင်ငံရေး အာဏာခွဲဝေမှုကို ဆက်လက် ဖိအားပေးနိုင်ရန်အတွက် အရေးယူ ပိတ်ဆို့မှုများအား ကုန်သွယ်ခွင့် ဖြေလျှော့မှု အချို့နှင့် အတူ ဆက်ထားရန် အိုဘားမား အစိုးရက စီစဉ်ထားကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြခဲ့ပါသည်။     အမေရိကန် အစိုးရသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို သတိထား စောင့်ကြည့်နေပြီး အထူးသဖြင့် တိုင်းရင်းသားများ အရေးနှင့် ဘာသာရေး ပြဿ နာများ ပါဝင်ကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများက ရိုက်တာကို ပြောကြားခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့ အနေနဲ့ ဒီမိုကရက်တစ်ကျကျ ပထမဆုံး ရွေးချယ်ထားတဲ့ မြန်မာ အစိုးရကို ကူညီ ထောက်ပံ့ပေးမှု အဆင့်တွေကို စောင့်ကြည့်နေပါတယ်။ မရှိမဖြစ် လိုအပ်တဲ့ အဆင့်တွေမှာ ကျွန်တော်တို့ ထောက်ပံ့မှု ပေးနိုင်မှသာ သူတို့ (မြန်မာအစိုးရ) အနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ အောင်မြင်မှုတွေ ရနိုင်မှာ ဖြစ်ပါတယ်” ဟု အမေရိကန် အစိုးရ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ အရေးယူ ပိတ်ဆို့မှု အကြီးတန်း အကြံပေးဟောင်း တစ်ဦးဖြစ်သူ Peter Kucik ကမူ အမေရိကန် အစိုးရသည် မြန်မာနိုင်ငံအပေါ် ဘဏ်လုပ်ငန်း ပိတ်ဆို့မှု အချို့ကို ၂၀၁၂ ခုနှစ်မှ စ၍ ဖြေလျှော့ပေးခဲ့သော်လည်း မြန်မာနိုင်ငံတွင် လက်ရှိ အချိန်ထိ ငွေကြေး လွှဲပြောင်းမှုများ ပြုလုပ်ရာတွင် အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း ပြောကြားသည်။ အမေရိကန်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရန် စီစဉ်ခြင်းမှာ အာရှဒေသတွင် တရုတ်နိုင်ငံ၏ စီးပွားရေး လွှမ်းမိုးမှု မြင့်တက်လာခြင်းကို တန်ပြန်ရန်နှင့် မြန်မာနိုင်ငံကို ရှေ့တန်းဈေးကွက် တစ်ခုအဖြစ် အသုံးချရန် ရည်ရွယ်ကြောင်း ရိုက်တာ သတင်းတွင် သုံးသပ်ဖော်ပြခဲ့သည်။     မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီး Scot Marciel က ကျန်ရှိနေသည့် ပိတ်ဆို့မှု အားလုံး ဖယ်ရှားပေးရန်နှင့် Generalized System of Preference (GSP) ပြန်လည် သတ်မှတ်ပေးရန် လိုလားပါက မြန်မာနိုင်ငံ အနေဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် အထူးသဖြင့် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များတွင် ပြုပြင်မှုများ အရှိန်မြှင့်ရန် လိုအပ်ကြောင်း မေ ၁၀ ရက်က မီဒီယာ သမားများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။     မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရပြီး ပထမဆုံးအကြိမ် ပြုလုပ်သည့် မိန့်ခွန်းပြောပွဲတွင် Scot Marciel က ပိတ်ဆို့မှု အားလုံး ဖယ်ရှားပေးရန် ဖြတ်လမ်း မရှိကြောင်း ပြောကြားသည်။ ထို့ပြင် ဒီမိုကရေစီ ဖော်ဆောင်မှု၊ လူ့အခွင့်အရေး လေးစား လိုက်နာမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပဋိပက္ခများကို လျှော့ချပေးနိုင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့သည် ပိတ်ဆို့မှုများ ပြန်လည် စိစစ်ရေးအတွက် အဓိက အကြောင်းအရာ ဖြစ်သင့်ကြောင်း အလေးထား ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအပေါ် ယခင်က ထားရှိသည့် အရေးယူ ပိတ်ဆို့မှု အများစု လျှော့ချပေးခဲ့သော်လည်း ယခင် တပ်မတော် အစိုးရနှင့် ရင်းနှီးသည့် လုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်းများကို ဦးတည် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများသည် ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ဖော်ဆောင်စေရန် ရည်ရွယ်ထားသော်လည်း အမေရိကန် ကုမ္ပဏီများနှင့် မြန်မာ့ စီးပွားရေး အပေါ် မရည်ရွယ်သည့် အကျိုး သက်ရောက်မှုများ ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel က ဝန်ခံပြောကြားသည်။ 

Most Read

Most Recent