လျှပ်စစ် ပျောက်ရှ ဆုံးရှုံးခြင်းများ

လျှပ်စစ် ပျောက်ရှ ဆုံးရှုံးခြင်းများ
ရခိုင်ပြည်နယ် ဒေသအချို့တွင် မေ ၂ ရက် ညနေပိုင်းက မိုးသက်လေပြင်းများ တိုက်ခတ်ခဲ့ပြီး ပေါက်တော-မင်းပြား ကားလမ်းဘေး မဟာဓာတ်တိုင်များ ယိုင်လဲသွားစဉ်
ရခိုင်ပြည်နယ် ဒေသအချို့တွင် မေ ၂ ရက် ညနေပိုင်းက မိုးသက်လေပြင်းများ တိုက်ခတ်ခဲ့ပြီး ပေါက်တော-မင်းပြား ကားလမ်းဘေး မဟာဓာတ်တိုင်များ ယိုင်လဲသွားစဉ်
Published 5 May 2016
မိုးဝါ

လျှပ်စစ် ပျောက်ရှ ဆုံးရှုံးခြင်းဆိုသည်ကို ပို၍ ပြည့်ပြည့်စုံစုံ ပြောရမည်ဆိုပါက လျှပ်စစ်စွမ်းအား ဆုံးရှုံးခြင်းများ ( Electrical Power Losses) ဟုပြောမှသာ သဘောပေါက်ရန် လွယ်ကူမည် ထင်ပါသည်။ မည်သည့်လုပ်ငန်း စီမံကိန်းကိုပင် ဆောင်ရွက်စေကာမူ လုပ်ငန်းဆောင်ရွက်စဉ် ကာလစပ်ကြားတွင် ပျက်စီးဆုံးရှုံးခြင်းပမာဏ အနည်းနှင့်အများ ရှိတတ်ကြစမြဲပင်ဖြစ်သည်။ ဆုံရှုံးခြင်းအမျိုးအမည်နှင့် ပုံစံတ့ိုသည်သာ ကွာခြားသည်။လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် သုံးစွဲသူထံ အရောက်ဖြန့်ဖြူးခြင်း ကိစ္စရပ်များ၌ ထုတ်လုပ်သည့် စွမ်းအားပမာဏ အားလုံးသည် မည်သည့်အခါမျှ သုံးစွဲသူထံ မပျောက်မပျက် မကြွင်းမကျန် သည်ဟူ၍မရှိပေ။ အထူးသဖြင့် ရန်ကုန်မြို့ကဲ့သို့သော သုံးစွဲမှုဝန်အားပမာဏ ကြီးမားသော ဒေသမျိုးသို့ မိုင်ပေါင်းရာချီ၍ ဝေးလံသော ရေအားလျှပ်စစ်စက်ရုံများမှ ဓာတ်အားပေးပို့ရခြင်းကြောင့် လမ်းခရီးတစ်လျှောက် ပို့လွှတ်လိုင်း (Transmission Line) များတွင် စွမ်းအားဆုံးရှုံးခြင်းများ မလွဲမသွေ ဖြစ်ပေါ်လာရသည်။ ပို့လွှတ်လိုင်းပေါ်၌ ဝန်ပမာဏအလိုက် စီးနေသော လျှပ်စီးပမာဏ အနည်းအများနှင့်လိုက်၍ စွမ်းအားဆုံးရှုံးခြင်း ဖြစ်ပေါ်သည်။ လျှပ်စီးသည် ပူစေသည့် ဂုဏ်သတ္တိရှိသဖြင့် အပူအဖြစ်သို့ ပြောင်းလဲဆုံးရှုံးသွားခြင်း ဖြစ်သည်။ ပို့လွှတ်လိုင်းအပြင် အခြားသော ပစ္စည်းကိရိယာထဲတွင် လျှပ်စီးစီးခြင်းကြောင့် အပူစွမ်းအားအဖြစ် လေထဲသို့ လွင့်ပါ ပျောက်ဆုံးသွားမှုလည်း ရှိသေးသည်။အထက်ဖော်ပြပါ စွမ်းအားဆုံးရှုံးခြင်းမှာ နည်းပညာရပ်ဆိုင်ရာ ဆုံးရှုံးခြင်းများဖြစ်သည်။ နည်းပညာနှင့် မသက်ဆိုင်သည့် စွမ်းအား ဆုံးရှုံးခြင်းများလည်း ရှိသေးသည်။ ယင်းအား မဖော်ပြမီ နည်းပညာရပ်နှင့် သက်ဆိုင်သော စွမ်းအားဆုံးရှုံးခြင်း (ပျောက်ဆုံးခြင်းဟု ခေါ်နေကြသည်) အကြောင်းကို ဦးစွာရေးသားပါမည်။ဥပမာအားဖြင့် ထရန်စဖော်မာတစ်လုံးတွင် အသုံးပြုထားသော သံပြားများဖြင့် စုစည်းထားသည့် အူတိုင်အပါအဝင် နန်းကြိုးတို့အား ပတ်ထားသည့် လျှပ်တားပစ္စည်း (Insulation)၊ အပူစုပ်ဆီ အမျိုးအစား စသည်တို့၏ အရည်အသွေးပေါ် မူတည်၍ စွမ်းအားဆုံးရှုံးခြင်း အနည်းအများရှိသည်။ ထရန်စဖော်မာကို ဝန်နှင့်ချိတ်ဆက် အသုံးမပြုဘဲ ထားလျှင်ပင် Core Losses ဟုခေါ်သော အူတိုင်ဆုံးရှုံးခြင်းကလည်း ဖြစ်ပေါ်သေးသည်။အဓိကအကျဆုံးဟု ဆိုနိုင်မည့် စွမ်းအားဆုံးရှုံးခြင်း အနည်းဆုံးဖြစ်ပေါ်စေသော အခြေအနေမှာ ဓာတ်အားပို့လွှတ်လိုင်းအတွက် အသုံးပြုသောလိုင်းကြိုး (ကြေးနှင့် အလူမီနီယမ်တို့ကိုအသုံးပြုသည်) အရွယ်အစားများသည် ထိုအချိန်၌ အသုံးပြုသတ်မှတ်ထားသည့် ဝန်အားနှင့် သဟဇာတ လိုက်လျောညီထွေဖြစ်နေရန် လိုသည်။ ဆိုလိုရင်းမှာ အချိန်နှင့်အမျှ အကယ်၍ ဝန်ပမာဏ တိုးမြင့်လာခဲ့သည်ဆိုပါက သင့်တော်သည့် သတ်မှတ်ဝန်အားကို ထမ်းဆောင်နိုင်ရန် လိုင်းကြိုးများအား အစားထိုး လဲလှယ်သွယ်တန်းပေးရန် လိုအပ်ပေသည်။  မြန်မာနိုင်ငံတွင်တော့မသိ အခြားဖွံ့ဖြိုးပြီး နိုင်ငံများတွင် စွမ်းအားဆုံးရှုံးခြင်း နည်းနိုင်သမျှနည်းစေရန် ပို့လွှတ်လိုင်းကြိုးတို့ကို နည်းပညာ၏ လိုအပ်ချက်အရ ဘဏ္ဍာငွေများစွာ အကုန်အကျခံပြီး အစားထိုး လဲလှယ် သုံးစွဲကြသည်ဆိုသည်။ ဖြန့်ဖြူးရေးပိုင်းအတွက် ဗို့အားနိမ့် လိုင်းကြိုးများသည် အစွပ်အကာပါသော ကြိုးများဖြစ်မှသာ ဆုံးရှုံးခြင်းနည်းစေရန် ထိန်းထားနိုင်မည်ဖြစ်သည်။တစ်နိုင်ငံလုံး အတိုင်းအတာအပါအဝင် ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်ကာ မီးမှောင်ကျသောဖြစ်စဉ်များ မကြာမကြာ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ရှုထောင့်အမျိုးမျိုးမှ ဝေဖန်ပြောဆိုခြင်းများ ရှိနေခဲ့သည်။  ရန်ကုန်မြို့တစ်ခုတည်း၏ လျှပ်စစ်စွမ်းအား လိုအပ်သုံးစွဲမှုမှာ တစ်နိုင်ငံလုံး လိုအပ်ချက်၏ ထက်ဝက်ရှိသည်ဟု နားလည်တတ်ကျွမ်းသူများက ဆိုသောကြောင့် ယင်းလိုအပ်ချက်ကို ပြည့်ဝစွာ ဖြည့်ဆည်းနိုင်ရန် အကြံပြု ပြောဆိုမှုများလည်း ရှိနေခဲ့သည်။လက်ရှိ အခြေအနေ၌ ရန်ကုန်နှင့် မိုင် ၅၀၀ ခန့် အကွာအဝေးရှိ ရွှေလီ၊ ရဲရွာ၊ ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံတို့မှ ဓာတ်အားပေးပို့နေခြင်းသည် လမ်းခရီးတွင် ဓာတ်အား ပျောက်ရှ ဆုံးရှုံးခြင်းများစွာ ဖြစ်ပေါ်စေသည်ဟု သိရသည်။မကြာသေးမီက သတင်းတစ်ပုဒ်တွင် ယခင်လျှပ်စစ်စွမ်းအားဝန်ကြီးက မြန်မာနိုင်ငံ၌ အစိုးရက လျှပ်စစ်ကိစ္စဆောင်ရွက်နေသောကြောင့် ၎င်းတို့ဌာနအနေဖြင့် နှစ်စဉ် ဘီလျံချီ၍ ရှုံးနေကြောင်း ပြောကြားသည်ကို ဖတ်ရသည်။ မျှော်မှန်းသလောက် အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း၊ အဝယ်ယူနစ်၊ အရောင်းယူနစ်များကို ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း စစ်ဆေးခဲ့ရာတွင် အဖြေကောင်း မရခဲ့ပြီး အချို့မြို့နယ်လျှပ်စစ်ရုံးများသည် အတော်ပင် ဆိုးရွားခဲ့ကြောင်းလည်း ပြောခဲ့သေးသည်။ (The Daily Eleven - ၃၀-၃-၂၀၁၆ နေ့ထုတ်)။ယင်းကို ထောက်ရှုခြင်းအားဖြင့် နည်းပညာဆိုင်ရာ လျှပ်စစ်ဓာတ်အား ဆုံးရှုံးခြင်းများစွာ ဖြစ်ပေါ်နေသည်ဟု မှတ်ချက်ချရပေမည်။ ဓာတ်အားခွဲရုံအတွင်းရှိ တပ်ဆင်သုံးစွဲနေလျက်ရှိသည့် လျှပ်စစ်ပစ္စည်းကိရိယာတို့၏ အရည်အသွေး နိမ့်ကျညံ့ဖျင်းမှုသည်လည်း တစ်စိတ်တစ်ပိုင်းအဖြစ် ဆုံးရှုံးခြင်းကို ပို၍ မြင့်တက်စေသည်။ ထို့အပြင် နည်းပညာပိုင်းနှင့် မသက်ဆိုင်သော ဆုံးရှုံးခြင်းများသည် စုစုပေါင်း၏ ထက်ဝက်မက ဖြစ်နေသည်ဟု ကျွမ်းကျင်သူများက ဝေဖန် ထောက်ပြ နေကြသည်။ ယင်းတို့အနက် တရားမဝင် မီတာတပ်ဆင် အသုံးပြုခြင်း၊ မီတာမလည်နိုင်အောင် ပြုလုပ်ခြင်း၊ ဓာတ်အား ခိုးယူသွယ်တန်းခြင်း စသည်တို့ကို စစ်ဆေးဖော်ထုတ်ရာ နိုင်ငံအတွက် နစ်နာမှုအား သက်သာစေခဲ့သည်။  လျှပ်စစ်နှင့်သက်ဆိုင်သော ပစ္စည်းကိရိယာ၏ အရည်အသွေး နိမ့်ကျမှုကိစ္စကို လေ့လာဆန်းစစ်ပါက လာဘ်ပေးလာဘ်ယူနှင့် အဂတိလိုက်စားမှု အများအပြားနှင့် ဆက်စပ်ပတ်သက်နေသည်ဟု ဝေဖန်သံများ ကြားသိနေရသည့်အပြင်၊ ဗြိတိန်သံအမတ်ကြီးဟောင်းတစ်ဦး ဦးဆောင်သည့် “ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြု ဌာန”  (MCRB) က အဂတိလိုက်စားမှု တိုက်ဖျက်ရေး လက်တွေ့ကျကျ ဆွေးနွေးသည့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုတွင် စစ်တမ်း ကောက်ယူ ထုတ်ပြန်ခဲ့သေးသည်။ အဆိုပါ ထုတ်ပြန်ချက်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် လာဘ်ပေးရမှုများဆိုင်ရာ စစ်တမ်းအရ အစိုးရ ခွင့်ပြု ချက်လိုင်စင်နှင့် တင်ဒါများ ဆောင်ရွက်ရာတွင် အများဆုံး လာဘ်ပေးရသည်ဟုဆိုသည်။(The Daily Eleven - ၁၈-၃-၂၀၁၆ နေ့ထုတ်)။  ပြည်သူတစ်ဦး ရေးသားတင်ပြထားသော ကျေးလက်မီးလင်းရေး စီမံကိန်းတစ်ခုနှင့် ပတ်သက်၍ ခေါ်ယူထားသော တင်ဒါပါအချက်အလက်၏ အားနည်းချက်များကြောင့် ချမှတ်ပေးလိုက်သည့် ဘတ်ဂျက်နှင့် လုံလောက်မှုမရှိခြင်းမှ အစပြု၍ နောက်ဆုံးတွင်တော့ ငွေမည်းလျှော်ဖွပ်သူ (Money Laundering)  ငွေရှင်ကြေးရှင်တစ်ဦး၏ လက်ထဲသို့ ယင်းလုပ်ငန်း ရောက်ရှိသွားကြောင်း ရေးသားထားသည်။ ထွက်ပေါ်လာသော ရလဒ်အဖြစ် ထို ငွေရှင်ကြေးရှင်က မီးလင်းရေးအတွက် ဝယ်ယူအသုံးပြုသော ဓာတ်တိုင်မှအစ လျှပ်စစ်ပစ္စည်းကိရိယာများသည် ဈေးပေါပြီး စံချိန်စံညွှန်းမမီသည့် ပစ္စည်းများဖြစ်လာသည်။  သံချောင်းအကူမပါသော ဓာတ်တိုင်အသစ် အများအပြား လေတိုက်၍ ပြိုလဲနေသည့် ပုံများကို လူမှုကွန်ရက်ပေါ်တွင် တွေ့မြင်နေရခြင်းသည်ပင်လျှင် မျက်မြင်သက်သေ ဖြစ်နေပေပြီ။လျှပ်စစ်ထုတ်လုပ်မှုပမာဏသည် သုံးစွဲသောဝန်ပမာဏနှင့် မမျှအောင်ပင် နည်းပါးနေသောအခါ ဒေသအလိုက် အလှည့်ကျ မီး ဖြတ်တောက်ပြီးနောက် မီးပြန်ပေးသည်နှင့် အိမ်သုံးနှင့် စက်မှုလက်မှုသုံး လျှပ်စစ်ပစ္စည်းများ တစ်ပြိုင်နက်တည်း လည်ပတ်အသုံးပြု ကြသောကြောင့် လိုင်းကြိုးရှိ လျှပ်စီးသည် ပုံမှန်ထက်များစွာ မြင့်တက်သွားလေသည်။  ယင်းအတွက်ကြောင့်လည်း လျှပ်စစ်စွမ်းအား ဆုံးရှုံးခြင်းများ ပိုမိုဖြစ်ပေါ်လာသည်။  နှစ်ပေါင်းများစွာ စည်းမျဉ်းစည်းကမ်းတို့ကို ဖောက်ဖျက်ကာ ပရမ်းပတာ မီးသွယ်တန်းခြင်းများကြောင့် ဗို့အားကျခြင်း (Voltage Drop)ကိုလည်း ဖြစ်စေသည်။ ဗို့အားကျမှုသည်လည်း လျှပ်စစ်စွမ်းအား ဆုံးရှုံးခြင်းကို ဖြစ်စေသည်။ ဥပမာအားဖြင့်မီးအားမြှင့်စက်များ အသုံးပြုသောအခါ အဝင်လိုင်းကြိုးပေါ်၌ ပုံမှန်ထက်မြင့်မားသော လျှပ်စီးပမာဏအား စီးစေ၍ ယင်းကြောင့် စွမ်းအားဆုံးရှုံးခြင်း ပိုမိုလာသည်။မည်သို့ဆိုစေ နည်းပညာဆိုင်ရာ စွမ်းအား ပျောက်ရှဆုံးရှုံးခြင်း မြင့်တက်မှုကို နည်းပညာသုံး၍ ကာကွယ်ပြုပြင်ပေးနိုင်သလို နည်းပညာနှင့် သက်ဆိုင်မှုမရှိသော လျှပ်စစ်စွမ်းအား ပျောက်ရှဆုံးရှုံးခြင်း (တစ်နည်းအားဖြင့် ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးခြင်း) တို့ကိုလည်း စီမံခန့်ခွဲမှုအလွဲပြုလုပ်ခဲ့မှုများ၊ အဂတိလိုက်စား ကိုယ်ကျိုးရှာမှုများ၊ တာဝန်ယူ လုပ်ဆောင်လျက်ရှိသည့် လက်ရှိလုပ်ငန်းရှင်များ၏ လုပ်ဆောင်မှုများ စသည်တို့ကို လုပ်ငန်းဆောင်ရွက်မှု မှန်ကန်စေရေးနှင့် ကျွမ်းကျင်မှု ရှိ မရှိ ပြန်လည်စိစစ်ရန် လိုအပ်နေပြီဖြစ်သည်။