ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိစ္စများနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ကူညီသွားမည်ဟု ပြောကြား

ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးကိစ္စများနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ကူညီသွားမည်ဟု ပြောကြား
Published 3 May 2016
နေရိုင်း၊ ကျော်မျိုး

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဖူမီအိုခိရှိဒါသည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် ကူညီဆောင်ရွက် ပေးသွားမည်ဟု ပြောကြားသည်။
ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက မေ ၃ ရက် နံနက် ၉ နာရီ မိနစ် ၃၀ တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ လာရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဖူမီ အိုခိရှိဒါက “အခု တွေ့ဆုံဆွေးနွေးပွဲမှာ ဂျပန်နိုင်ငံဟာ အစိုးရသစ်ရဲ့ ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဂျပန်အစိုးရပုဂ္ဂလိက ပူးပေါင်းပြီး အဘက်ဘက်က အစွမ်းကုန် ထောက်ပံ့ကူညီ သွားမယ်ဆိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ နောက်တစ်ခုက ဒေသတွင်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်း အတွင်းမှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကို အတူတကွ လက်တွဲပြီး အရေးတယူ ဆောင်ရွက်ချင်တဲ့ အကြောင်း ပြောကြားခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ပြောကြားချက်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်ခံသဘောတူတဲ့အကြောင်း ပြောချင်ပါတယ်” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။
ထို့ပြင် ဂျပန်နိုင်ငံသည် မြန်မာအစိုးရ အလေးအနက်ထား လုပ်ဆောင်နေသည့် အလုပ်အကိုင်ဖန်တီးရေး၊ ကျန်းမာရေး၊ ပညာရေး၊ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး၊ ဘဏ္ဍာရေး၊ ငွေရေးကြေးရေး အစရှိသည့် ကဏ္ဍများတွင် အစွမ်းကုန် ကူညီသွားမည်ဖြစ်ကြောင်း၊ မြန်မာပြည်သူ ပြည်သားများနှင့် ဂျပန်လုပ်ငန်းရှင်များ နှစ်ဖက် အကျိုးရှိသည့် ရင်းနှီးမြှုပ်နှံနိုင်မည့် ပတ်ဝန်းကျင် ကောင်းများကို လက်တွဲဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ လိုအပ်ချက်နှင့် ဂျပန်အစိုးရ ပေးအပ်သည့် အကူအညီ ကိုက်ညီမှုမရှိ မဖြစ်စေရန်အတွက် နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်များတွင်လည်း ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“တိုင်းရင်းသားလူနည်းစု အုပ်စုတွေနဲ့ ငြိမ်းချမ်းရေးရဖို့ကိစ္စ၊ အမျိုးသား ရင်ကြားစေ့ရေးကိစ္စကို ကူညီဆောင်ရွက် ပေးပါတယ်။ အစိုးရသစ် တက်လာပြီး နောက်ပိုင်းလည်း အစွမ်းကုန် ကူညီဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ ခေါင်းစဉ်ကို အလေးထားပြီး အစွမ်းကုန်ကူညီ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံသူ နိုင်ငံသားများက ၎င်းနှင့် ၎င်း၏လှုပ်ရှားမှုများအပေါ် စေတနာထားသည့်အတွက် ဂျပန်ပြည်သူများကို ကျေးဇူးတင်ကြောင်း ပြောကြားသည်။
“ကျွန်မအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဂျပန်အစိုးရရဲ့ဆက်ဆံမှုက တခြားအနောက်နိုင်ငံနဲ့ မတူဘူးဆိုတာ သဘာဝကျပါတယ်။ မတူခြင်းကိုလည်း ကျွန်မတို့ လက်ခံပါတယ်။ ဒီမိုကရေစီကို ယုံကြည်လို့ရှိရင် မတူကွဲပြားမှုကို လက်ခံနိုင်ရပါမယ်။ မတူကွဲပြားမှုတွေကို အခြေခံပြီးတော့ ကျွန်မတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေးတိုင်ပင်ပြီးတော့ ပြေလည်အောင် လုပ်ခဲ့တာ ကြာပါပြီ။ အထူးသဖြင့် ဘယ်လိုပြောပြော ဂျပန်နိုင်ငံသူ နိုင်ငံသားများဟာ ကျွန်မနဲ့ ကျွန်မရဲ့ လှုပ်ရှားမှုအပေါ်မှာ အင်မတန်မှ စေတနာမေတ္တာ ထားခဲ့တာကြောင့်မို့လို့ အမြဲတမ်းတန်ဖိုးထား ကျေးဇူးတင်နေမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဂျပန်နိုင်ငံခြားရေး ဝန်ကြီးနှင့် အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သမ္မတနှင့် ဆက်လက် တွေ့ဆုံခဲ့သည်။      
 

Most Read

Most Recent