လမ်းမထက်က အန္တရာယ်တုံးများ

လမ်းမထက်က အန္တရာယ်တုံးများ
Published 20 March 2016
ကျော်ထင်

ယာဉ်အစီးရေ တိုးတက်များပြားလာသော ရန်ကုန်မြို့တော်တွင် ယာဉ်သွားလာမှု စနစ်တကျရှိစေရေး၊ သတ်မှတ်လမ်းကြောင်းအတိုင်း သွားလာစေရေးအတွက်ဟုဆိုကာ ရန်ကုန်မြို့ရှိ လမ်းများပေါ်တွင် ဘလောက်တုံးများကို ချထားခဲ့သည်။
ယင်းသို့ချထားခြင်းမှာ ယာဉ်လမ်းကြောင်းများကို စည်းကမ်းတကျ ကန့်သတ်ပြီး တည့်သွားသည့်ယာဉ် တည့်သွားအောင်၊ ကွေ့ကြောမှ သွားသည့်ယာဉ်က ကွေ့ကြောအတိုင်းသွားအောင်၊ ဖရီးကြောမှလာသည့်ယာဉ် ဖရီးကြောမှ သွားလာနိုင်အောင်  အဓိက ရည်ရွယ်ခြင်းဖြစ်သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့က ဆိုသည်။
■ ဘလောက်တုံးတွေ ဘယ်တုန်းကပေါ်လာသလဲ
ရန်ကုန်မြို့တော်အတွင်း ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ  မြို့တွင်းခြောက်မြို့နယ်ရှိ လမ်းမကြီးများ၊ မီးပွိုင့်ထိပ်များ၊ ယာဉ်ကြောစုပြီး ကျပ်တည်းနိုင်သည့် နေရာများတွင် ယာဉ်ကြောများ ပြုံတိုးမှုမရှိစေရန် ဘလောက်တုံးများချ၍ ကန့်သတ်ခဲ့ခြင်းဖြစ်သည်။ မြို့တွင်းခြောက်မြို့နယ်ရှိ ဘတ်စ်ကားများ သွားလာမှု များပြားသည့်နေရာများတွင်လည်း ဘတ်စ်ကားလမ်းကြောင်းများနှင့် အခြားယာဉ်များ၏ လမ်းကြောင်းများကို ကန့်သတ်သည့်အနေဖြင့် ဘလောက်တုံးများ ချခဲ့ခြင်းဖြစ်သည့်အပြင် ယာဉ်တိုက်မှုများ လျော့နည်းအောင်၊ ယာဉ်မျာအား တွေ့ကရာ နေရာတွင် ချိုးကွေ့ခြင်း မပြုရန်နှင့် အန္တရာယ်ကင်းရှင်းစေရန် စဉ်းစားကာ ချထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ရန်ကုန်တစ်မြို့လုံးတွင် ဘလောက်တုံး အရေအတွက်များစွာ ချထားခဲ့ပြီး အဆိုပါ ဘလောက်တုံးများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်လုပ်အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
■ အနော်ရထာလမ်းပေါ်က ဘလောက်တုံး ပြဿနာ
ရန်ကုန်မြို့တွင် ခရီးသည်တင်ယာဉ်များ စနစ်တကျ ပြေးဆွဲရေး အထောက်အကူပြုစေရန် မြို့တွင်းလမ်းများဖြစ်သော အနော်ရထာ၊ မဟာဗန္ဓုလ၊ ကုန်သည် စသည့်လမ်းများတွင် ခရီးသည်တင်ယာဉ်များအတွက် မျဉ်းဝါများ ရေးဆွဲကာ လမ်းကြောင်းများ သတ်မှတ်ပေးခဲ့သည်။ သို့သော် အဆိုပါမျဉ်းဝါ ရေးဆွဲသည့်စနစ်မှာ ယာဉ်ထိန်းရဲရှိသည့် နေရာတွင်သာ အဆင်ပြေပြီး ယာဉ်ထိန်းရဲမရှိသည့် နေရာများတွင် သီးသန့်ပြေးဆွဲမှု မရှိဟုဆိုကာ မျဉ်းဝါးနေရာတွင် ဘလောက်တုံးများချကာ သီးသန့်လမ်းကြောင်း သတ်မှတ်ခြင်းကို အနော်ရထာလမ်းပေါ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ၂၀၁၄ ခုနှစ်ကုန်ပိုင်းတွင် စတင်ပြုလုပ်ခဲ့သည်။
အဆိုပါဘလောက်တုံးများ ချထားပြီးနောက်  အနော်ရထာလမ်းပေါ်တွင် ယာဉ်သွားလာမှု အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့ပြီး အထူးသဖြင့် ခရီးသည်တင်ယာဉ် သီးသန့်လမ်းကြောင်းများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာဖြစ်ပေါ်လာခဲ့သည်။ ဘလောက်တုံးများကြောင့် ခရီးသည်တင်ယာဉ်များ ကွေ့၍မရခြင်း စသည့်အခက်အခဲများလည်း ဖြစ်ပေါ်ခဲ့ပြီး အနော်ရထာလမ်းသည်  ဘလောက်တုံးများကြောင့် များစွာပိတ်ဆို့ခဲ့ပြီး နေ့စဉ် ဘတ်စ်ကားစီး ခရီးသွားပြည်သူများလည်း ဒုက္ခရောက်ကြရသည်။
“ကားလမ်းပိတ်တာကတော့ နေရာတိုင်းနီးပါးပဲ။ အခုဟာက ဘလောက်တုံးတွေကြောင့်  ပိုဆိုးတာပေါ့။ ဘာကြောင့်လဲဆိုတော့ ခရီးသည်တင်ယာဉ် လမ်းကြောင်းကို တစ်ကြောင်းတည်းပေးပြီးတော့ ဘလောက်တုံးနဲ့ ကန့်ထားတယ်။ အခြားတက္ကစီတွေ၊ အိမ်စီးကားတွေကိုတော့ လမ်းကြောင်းသုံးလေးခုလောက် ပေးထားတယ်။ အဲဒီကြားထဲက တက္ကစီ၊ အိမ်စီးကားအချို့က ခရီးသည်တင်ယာဉ်လမ်း ကြောင်းထဲကို ဝင်ပြီးတော့ မောင်းတာတွေရှိတော့ ပိုပြီးပိတ်ဆို့ကုန်တာပေါ့”ဟု  အနော်ရထာလမ်းပေါ်တွင် ခရီးသည်တင်ယာဉ် မောင်းနှင်နေသူတစ်ဦးက ပြောကြားသည်။
ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ မထသ (ဗဟို) က ခရီးသည် တင်ယာဉ်သွားလာမှုများ အဆင်ပြေစေရန်အတွက် ချထားသော ဘလောက်တုံးများအနက် ၂၄၂ တုံးအား ပြန်လည်ဖယ်ရှားပေးရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တင်ပြခဲ့သည်ဟု သိရသည်။
“အနော်ရထာလမ်းမှာ တင်ပြတယ်။ ရန်ကုန်တစ်မြို့လုံးမှာ ချထားတာကိုတော့ တင်ပြတာမရှိဘူး။ အနော်ရထာလမ်းမှာ ဘတ်စ်ကားတွေ ကွေ့လို့မရလို့။ ကျဉ်းတာတွေလုပ်ပေးဖို့ တင်ပြထားတာရှိတယ်။ ကျွန်တော်တို့တင်ပြတာကို စည်ပင်က ပြန်ပြုပြင်ပေးခဲ့တယ်။ အမှန်တော့ ကပ်တုံးတွေ ချပြီးတော့ တားတယ်ဆိုတာလည်း ယာဉ်တွေ စည်းကမ်းလိုက်နာမှု အားနည်းတဲ့အတွက် လိုက်နာအောင်၊ တစ်ဖက်က အစိုးရက ထိန်းကျောင်းပေးထားတဲ့ သဘောသဘာ၀ ဖြစ်နေပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။
■ မျဉ်းဝါနဲ့တင် အဆင်ပြေနိုင်တယ်
မျဉ်းဝါရေးဆွဲပြီး ခရီးသည်တင်ယာဉ်များအတွက် သီးသန့်လမ်းကြောင်းများ သတ်မှတ်ပေးခဲ့သော်လည်း ယာဉ်ထိန်းရဲမရှိသည့် နေရာများတွင် မလိုက်နာဟု ဆိုနေသဖြင့် ယင်းနေရာတွင် ယာဉ်ထိန်းရဲအင်အားများ တိုးချဲ့ချထားခြင်းဖြင့် ယင်းပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ဘလောက်တုံးများ လိုအပ်မည်မဟုတ်ပေ။ အထူးသဖြင့် ရန်ကုန်မြို့လယ်ကဲ့သို့ ယာဉ်ကြောပိုမိုရှုပ်ထွေးသည့် နေရာများတွင် ဘလောက်တုံးများက နေရာယူထားသလို ဖြစ်နေသည်။
■ ဘလောက်တုံးလား၊ အန္တရာယ်တုံးတွေလား
ရန်ကုန်မြို့တွင် ချထားသည့် ဘလောက်တုံးများသည် အသေချထားသည့် ဘလောက်တုံးများမဟုတ်သော်လည်း ကွန်ကရစ်ဖြင့် ပြုလုပ်ထားသည့် သလောက်တုံများဖြစ်သည်။ ထို့အတွက် ယာဉ်များ ဘလောက်တုံးများဖြင့် ထိခိုက်မိပါက အန္တရာယ်များစွာ ရှိနိုင်သည်။
အဆိုပါ ဘလောက်တုံးများ ချပြီးသည့် နောက်ပိုင်း အချို့နေရာများတွင် ယာဉ်ကြောများ ပိုမိုကျပ်တည်းလာပြီး ဘလောက်တုံးများကြောင့် ယာဉ်များကွေ့မရ၊ လှည့်မရ စသည်ဖြင့်ကြုံတွေ့နေရကြောင်း ရန်ကုန်မြို့တွင်း မောင်းနှင်သွားလာနေကြသည့် ယာဉ်မောင်းများက ဆိုသည်။
ယာဉ်မောင်းအချို့က ဘလောက်တုံးများကို အန္တရာယ်တုံးများဟု သတ်မှတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံ ယာဉ်မောင်းနှင်ရင်း အဆိုပါတုံးများနှင့်တိုက်မိ၍ အန္တရာယ် ဖြစ်ပေါ်ခဲ့မှုကြောင့်ဟု ဆိုကြသည်။ ယင်းသို့ ဘလောက်တုံးများနှင့် ဝင်တိုက်မိ၍ ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုဖြစ်စဉ်များလည်း ရှိနေသည်။
“ဘလောက်တုံးတွေ ချထားရတဲ့ အကြောင်းရင်းက ယာဉ်မောင်းတွေ စည်းကမ်း မလိုက်နာလို့ပါပဲ။  ကွေ့ကြော၊ တည့်ကြော၊ ဖရီးကြောတွေမှာ အချို့က ကိုယ့်လမ်းကြောင်းကိုယ် မမောင်းဘဲ တည့်သမားက ကွေ့ကြောမှာ တက်မောင်းတာတွေ ရှိတယ်။ ဒါကြောင့် ယာဉ်တိုက်မှုတွေ ဖြစ်တယ်။ ဒါကြောင့် ဘလောက်တုံးတွေ ချထားတာပါ။ စည်းကမ်းလိုက်နာရင်တော့ ဒါတွေကို မချပါဘူး။ ပြီးတော့ ဒီမှာက ကွန်ကရစ်တုံးတွေ အရမ်းအန္တရာယ်များပါတယ်။ ဒါပေမဲ့ ဒီလိုချတာတောင် အချို့ယာဉ်မောင်းတွေ ကားသွားဖို့ မရွေးခဲ့တာတွေ ရှိပါတယ်”ဟု  ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပုဇွန်တောင်မြို့နယ်အတွင်း တွေ့ရသော ဘလောက်တုံးများ (ဓာတ်ပုံ-ရှိုင်းလင်းအောင်)
■ လူကူးလို့မရအောင်ချထားတဲ့ ဘလောက်တုံးတွေ
ရန်ကုန်မြို့ရှိ အချို့နေရာများတွင် ဘလောက်တုံးများ ချထားမှုမှာ လမ်းလျှောက်သူများပင် လမ်းဖြတ်ကူး၍ မရနိုင်အောင် စိပ်လွန်းနေသည်။ လူကူးမျဉ်းကြားများတွင်သာ ဘလောက်တုံးများကို လွှတ်ထားပေးပြီး အခြားနေရာများတွင် ဘလောက်တုံးများကို စိပ်နေအောင် ချထားခြင်းဖြစ်သည်။ ထိုသို့ချထားခြင်းမှာ လူကူးမျဉ်းကြားမှ လူကူးအောင် လုပ်ဆောင်နေခြင်းဟု ဆိုသော်လည်း လူကူးမျဉ်းကြားနှင့် ဝေးကွာသည့် နေရာများတွင် ကားလမ်းဖြတ်ကူးသူများအတွက် များစွာ အခက်အခဲ ဖြစ်နေသည်။
“ကျွန်တော်တို့ သင်္ကန်းကျွန်း စံပြဈေးမှာ ဘလောက်တုံးတွေ တစ်ခုနဲ့ တစ်ခုစိပ်နေလို့ လူဖြတ်ကူးလို့ မရဘူးဖြစ်နေပါတယ်”ဟု သင်္ဃန်းကျွန်း စံပြဈေးအနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
■ သတိထားမောင်းနေရတဲ့ ဘလောက်တုံးများ
ဘလောက်တုံးများ ချထားပြီးနောက်ပိုင်း အချို့နေရာများတွင်  ယာဉ်ကြောများ လွတ်လပ်စွာမောင်းနှင်ခွင့် မရတော့ဘဲ ဘလောက်တုံများနှင့် မတိုက်မိစေရန် သတိထား မောင်းနှင်နေရသည်ဟု ယာဉ်မောင်းများက ဆိုသည်။
မကြာသေးမီက  ကမ္ဘာအေးစေတီလမ်းပေါ်ရှိ သာသနာရေးဝန်ကြီးဌာန ရုံးရှေ့တွင်လည်း ယာဉ်များ  အရှိန်ပြင်း မောင်းနှင်သည့်အတွက် အဆိုပါနေရာတွင် ဘလောက်တုံးများ ချခဲ့သဖြင့် ပုံမှန်အတိုင်း စည်းကမ်းရှိရှိ မောင်းနှင်သည့်သူများအတွက် သတိပြု မောင်းနှင်စရာများ ဖြစ်လာကြောင်း ယာဉ်မောင်းတစ်ဦးက ဆိုသည်။
“လမ်းတား ကွန်ကရစ်တုံးတွေ ထားရတဲ့ ရည်ရွယ်ချက်က နှစ်မျိုးဖြစ်ပါတယ်။ ဂငယ်ကွေ့တို့ လမ်းသွယ်တွေထဲ ကွေ့တာတွေကို မလုပ်စေချင်တာရယ်၊ နောက်တစ်ခုက မီးပွိုင့် တွေမှာ လမ်းပြောင်းပြန် မကျော်တက်စေချင်တာရယ်ကြောင့်ပါ။ အမှန်ဆိုရင် ဒါတွေကို တခြားနည်းလမ်းတွေနဲ့ပဲ ဖြေရှင်းသင့်ပါတယ်။ တုံးတွေထားတယ်ဆိုတာက အလွယ်လုပ်သလိုမျိုး ဖြစ်နေပြီး အဆင့်မရှိဘူး။ ပြည်လမ်း ခရေပင်လမ်းခွဲနားမှာဆိုရင် ရှင်းနေတာကို ဒါမျိုးထားဖို့ မလိုပါဘူး။ စိတ်လွတ်ကိုယ်လွတ် မောင်းရမယ့်နေရာမှာ စိတ်ပင်ပန်းစေပါတယ်။ အပေါ်ကြောယူပြီး အမြန်မောင်းရမယ့် အချိန်မျိုးမှာလည်း ကွန်ကရစ်တုံးတွေကိုသတိထားနေရလို့ အတွင်းဝင်ပြီး ပြန်မောင်းနေရတယ်။ ညဘက်ဆိုရင်လည်း အန္တရာယ်ပိုများပါတယ်”ဟု တက္ကစီယာဉ်မောင်းတစ်ဦးဖြစ်သူ ကိုအောင်ကျော်ခိုင်က ပြောကြားသည်။
“ကျွန်တော်ဟို့နေက မြို့ထဲ ၂၇ လမ်းဘက်ကိုသွားတော့ တွေ့မိပါတယ်။ ဘလောက်တုံးတွေ ချထားတာကို ရှောင်ရင်းတိမ်းရင်း  တိုက်မိမလိုဖြစ်ပြီး အန္တရာယ်ဖြစ်တာတွေကို မြင်တွေ့နေရပါတယ်”ဟု ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်က ပြောကြားသည်။
“ဟိုနေ့ကပဲ ကျွန်တော့်ကို တစ်ယောက် တိုင်တယ်။ ဘတ်စ်ကားကြီးက တိုးလာတဲ့ အခါကျတော့  ဒီကားက ဘလောက်တုံးနားကို ရောက်သွားတာ ကျွန်တော်တို့လည်း ခဏခဏကြုံတယ်လေ။ ဒါကို သတိမမူဘဲနဲ့ မောင်းနှင်ရင် ကပ်တုံးနဲ့ တိုက်မိတဲ့အခါ ပြဿနာတက်ပြန်ရော။ ဒါတွေက ကြည့်ရင် အဆင်ပြေတာလည်းရှိသလို ပြန်စဉ်းစားသင့်တာလည်း ရှိတာပေါ့”ဟု မထသ (ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က သူ၏အမြင်ကို ပြောကြားသည်။
■ ဘလောက်တုံးချတာကို ရှက်မိတယ်
ရန်ကုန်မြို့လယ်တွင် ချထားသော ဘလောက်တုံးများမှာ ယာဉ်များ စည်ကမ်းတကျ မရှိခြင်းကြောင့် ချထားခြင်းဖြစ်ကြောင်းနှင့် ဘလောက်တုံးများ ချထာခြင်းကို ရှက်မိကြောင်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က သတင်းမီဒီယာများနှင့် ရန်ကုန်မြို့တော်ခန်းမတွင် တွေ့ဆုံခဲ့စဉ်က ပြောကြားထားသည်။
ဆိုလိုသည်က ယာဉ်စည်းကမ်း  မလိုက်နာခြင်းကြောင့်သာ ဘလောက်တုံးများ ချထားခြင်းဖြစ်ပြီး စည်းကမ်းလိုက်နာပါက ဘလောက်တုံးများ ချထားစရာမလိုသည့်  အဓိပ္ပါယ်ဖြစ်သည်။ စည်းကမ်းရှိလာပါက အချိန်မရွေး ဘလောက်တုံးများကို ပြန်လည် သိမ်းယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြို့နယ်တစ်ခု၏ လမ်းမကြီးတွင် ဘလောက်တုံးများကို ယန္တရား အသုံးပြုချထားစဉ် (ဓာတ်ပုံ-ဖြိုးဝေ)
■ နိုင်ငံတကာမှာမရှိတဲ့ သလောက်တုံး
အမှန်အတိုင်း ပြောရမည်ဆိုပါက ရန်ကုန်မြို့တွင် ချထားသော ဘလောက်တုံးများမှာ နိုင်ငံတကာတွင် ချထားလေ့မရှိကြောင်းနှင့် လုပ်စရာမလိုကြောင်း နိုင်ငံတကာ အတွေ့အကြုံရှိသည့် မြို့ပြရေးရာ ကျွမ်းကျင်သူများက ဆိုကြသည်။
အချို့နိုင်ငံများတွင် ယာယီသဘောမျိုး သုံးသည့် ဘလောက်တုံးများသည်လည်း ရာဘာတုံး၊ ပလတ်စတစ်တုံးများသာဖြစ်ပြီး ယခုရန်ကုန်မြို့တွင် သုံးနေသည့် အန္တရာယ် ဖြစ်နိုင်ခြေရှိသည့် ကွန်ကရစ်ဘလောက်တုံးများ မဟုတ်ကြောင်း သိရသည်။
“ကျွန်တော်လည်း အိမ်နီးချင်းနိုင်ငံအချို့ကို ရောက်ဖူးပါတယ်။ ဒီလို ဘလောက်တုံးတွေ ချထားတာ မတွေ့ရဘူး။ အချို့စည်းကမ်းပိုင်းအရ ဘလောက်တုံးချထားတာ ကောင်းတယ်ဆိုပေမယ့် ကားတွေ စည်းကမ်းရှိရှိနဲ့ မောင်းမယ်ဆိုရင်တော့ ဒီဘလောက်တုံးတွေအတွက် နေရာပေးစရာ မလိုတော့ဘူး ပေါ့”ဟု သာကေတမြို့နယ်တွင် နေထိုင်သူ ကိုအောင်ဖြိုးက ပြောကြားသည်။
“နိုင်ငံတကာမှာလည်း ဒီလို စနစ်မျိုးကို မတွေ့ရပါဘူး။ ဘလောက်တုံးတွေ ချခြင်းက ယာဉ်ကြောပိတ်ဆို့မှုကို ဖြစ်စေတဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ပါတယ်။ ပြီးတော့ ကားကွေ့တဲ့ နေရာမှာလည်း အခက်အခဲဖြစ်ပါတယ်။ နောက်ပြီး ကားတစ်စီးနဲ့တစ်စီး တိမ်းရှောင်တဲ့ နေရာမှာလည်း ကားချင်းတိုက်မိတာတွေကို တွေ့နေရပါတယ်။ တကယ်တော့ လူတစ်ယောက်ချင်းစီအလိုက် စည်းကမ်းတကျ မောင်းမယ်ဆိုရင်တော့  ဘလောက်တုံးတွေ မရှိလည်း ပြဿနာမရှိနိုင်ပါဘူး”ဟု တာမွေမြို့နယ်တွင် နေထိုင်သူ ကိုတိုးလွင်က သူ၏အမြင်ကို ပြောကြားသည်။
ထို့ပြင် ဘလောက်တုံးများ ပြုလုပ်သည့် ငွေကုန်ကြေးကျလည်းများပြီး မလိုအပ်ဘဲ ယင်းဘလောက်တုံးများကို သုံးစွဲနေရသည့် ပုံစံမျိုးလည်း ဖြစ်သည်။
လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကွန်ကရစ်ဘလောက်တုံး ၄၂၂၄၀ တုံး ထုတ်လုပ်ရန်အတွက် ငွေကျပ် ၂ ဒသမ ၁၁၂ ဘီလျံ ကို  ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန်က တင်ပြတောင်းခံထားခဲ့သည်။
ယင်းသို့ တင်ပြတောင်းခံခဲ့သည့် ကွန်ကရစ်တုံး ၄၂၂၄၀ တုံးအတွက် ငွေကျပ် ၂  ဒသမ ၁၁၂  ဘီလျံမှာ နည်းပါသည့် ငွေကြေးမဟုတ်။ ယင်းငွေကြေးဖြင့် အခြား လိုအပ်သည့်နေရာများတွင် များစွာအသုံပြုနိုင်သည်။
■ ဝေဖန်မှုများ ရှိနေသော်လည်း ဘလောက်တုံးများ ပြန်သိမ်းရန်  အစီအစဉ်မရှိ
ရန်ကုန်မြို့လယ် အနော်ရထာလမ်းပေါ်တွင် ဘလောက်တုံးများချကာ ခရီးသည်တင်ယာဉ်များအတွက် သီးသန့်လမ်းကြောင်း များ သတ်မှတ်ခဲ့မှုကြောင့် ယာဉ်သွားလာမှု အခက်အခဲများဖြစ်ပေါ်ကာ ပိတ်ဆို့နေခဲ့သော်လည်း မဟာဗန္ဓုလလမ်းတွင်ပါ ကွန်ကရစ်တုံးများ ထပ်မံချထားခဲ့သည်။
ယင်းသို့ ဘလောက်တုံးများနှင့် ပတ်သက်၍ ဝေဖန်သံများ ထွက်နေသော်လည်း စည်ပင်ဘက်က ဘဘောက်တုံးများ ချထားမှုကြောင့် ယာဉ်ကြောများ ရှင်းလင်းသွားသည်၊ အဆင်ပြေသည်ဟုဆိုပြီး ဘလောက်တုံးများအား ပြန်လည်ဖယ်ရှားရန် အစီအစဉ်မရှိသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ဖြေကြားထားသည်။
“လောလောဆယ် ရန်ကုန်မြို့မှာ ဘလောက်တုံးတွေ ချထားခြင်းအားဖြင့် ယာဉ်တွေကို ထိန်းကျောင်းတာ မှန်သော်လည်းပဲ နိုင်ငံတကာမှာက  မျဉ်းသေသတ်မှတ်ပြီးတော့ပဲ ယာဉ်သွားလာမှုတွေကို ထိန်းကျောင်းတာ”ဟု ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်က ပြောကြားသည်။ 
■ ဘလောက်တုံးထက် အခြားနည်းနဲ့ ဖြေရှင်းသင့်တယ်
ယာဉ်သွားလာမှုကို ကန့်သတ်ဖို့၊ ယာဉ်လမ်းကြောင်းတွေကို စည်းကမ်းတကျဖြစ်စေဖို့ ဘလောက်တုံးတွေ ချထားသည်ဆိုလျှင်လည်း လက်တွေ့တွင် အဆင်မပြေမှုများ ရှိနေခြင်းကြောင့် အခြားနည်းလမ်းများဖြင့် စဉ်းစား ဖြေရှင်းသင့်သည်ဟုလည်း သုံးသပ်မှုများ ထွက်ပေါ်လာသည်။
အခြားနည်းလမ်းဆိုသည်မှာ တင်းကျပ်သည့် ဥပဒေ စည်းမျဉ်းစည်းကမ်းများဖြင့် အရေးယူခြင်းဖြင့် ဖြေရှင်းသင့်သည်ဟု ဆိုကြသည်။ မော်တာ်ယာဉ် ဥပဒေတွင်ပါဝင်သည့် စည်းကမ်းများအတိုင်း ကြပ်မတ်လိုက်နာစေမည်ဆိုပါက ယခုကဲ့သို့ ငွေကြေးကုန်ကျခံကာ သလောက်တုံးများ ထားရှိရန်မလိုတော့ကြောင်းလည်း သုံးသပ်မှုများရှိနေသည်။ မော်တော်ယာဉ် ဥပဒေဟုဆိုရာတွင် ခေတ်ကာလအခြေအနေနှင့် လျော်ညီစွာ ထုတ်ပြန်ထားသည့် ဥပဒေများဖြင့် လုပ်ဆောင်မည်ဆိုပါက ပိုမိုထိရောက်နိုင်မည်ဟု ဆိုကြသည်။
“ပြောရရင် ကွန်ကရစ်တုံးတွေထားတာက အန္တရာယ်ကြီးလွန်းပါတယ်။ တကယ်တော့ စည်းကမ်းမရှိကြတဲ့ ပြဿနာကို ဒီနည်းနဲ့ ဖြေရှင်းတာက အဆင်မပြေပါဘူး။ ဒါနဲ့ဖြေရှင်းမယ့်အစား တင်းကျပ်တဲ့ဥပဒေနဲ့ပဲ ဖြေရှင်းသင့်တယ်။ စည်းကမ်းတကယ်ချမှတ်ပြီး တကယ်အပြစ်ပေးတာမျိုးတွေ လုပ်သင့်တယ်။ စည်းကမ်းမရှိတဲ့သူတွေအတွက် ရည်ရွယ်ပေမယ့် စည်းကမ်းရှိတဲ့ သူတွေအတွက်၊ တကယ်ဖြတ်သွားရမယ့် သူတွေအတွက် ကွန်ကရစ်တုံးတွေက အဆင်မပြေဖြစ်စေပါတယ်။ နောက်တွေ့ရတာတစ်ခုက ယာဉ်မောင်းလိုင်စင်သာ ရလာကြပေမယ့် အချက်ပြစနစ်တွေ၊ ယာဉ်ကြောစနစ်တွေကို နားမလည်တာမျိုး၊ မလိုက်နာတာမျိုးတွေ အများကြီးတွေ့ရတယ်။ တကယ်တော့ စည်းကမ်းဖောက်တာတွေကို ဥပဒေနဲ့ပဲ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ပြီး ထိထိရောက်ရောက် အရေးယူတာမျိုးနဲ့ ဖြေရှင်းသင့်တာပါ” ဟု မြို့ပြရေးရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။
“ဒီလိုဘလောက်တုံးတွေနဲ့ ဖြေရှင်းတာထက် အခြားဖြေရှင်းနည်းလမ်းတွေကို စဉ်းစားသင့်တယ်။ ဥပမာဆိုရင်ဗျာ မီးပွိုင့်တွေ စနစ်တွေကို အော်တိုစနစ်တွေနဲ့ လုပ်တာတို့။ ပြီးတော့ အခုလက်ရှိ မြို့ထဲကို ဦးတည်ဆွဲနေတဲ့ ဖောင်းပွနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေကို လျှော့ချပေးဖို့လည်း လိုပါတယ်။ အခြားနည်းလမ်းတွေ ရှာသင့်တာပေါ့”ဟု  ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်က သုံးသပ်ပြောကြားသည်။
■ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေလည်း သေချာအလုပ်လုပ်ဖို့လိုတယ်
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်ပြီး ဘလောက်တုံးများ ချထားရုံနှင့်ပင် မပြီးသေးဘဲ   ယာဉ်စည်းကမ်း ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများကလည်း သေချာထိန်းကျောင်း အလုပ်လုပ်ရန်လိုကြောင်း သုံးသပ်မှုများ ရှိနေကြသည်။
“ယာဉ်တွေကလည်း စည်းကမ်းမရှိဘူး။ အာဏာပိုင်တွေ၊ ဌာနဆိုင်ရာတွေကလည်း အရေးယူမှုမရှိဘူး။ စည်ပင်၊ မ.ထ.သ အဖွဲ့အစည်းတွေလည်း သေချာ အလုပ်လုပ်ဖို့ လိုပါတယ်”ဟု မြို့ပြရေးရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။
အချုပ်အားဖြင့်ဆိုလျှင် ရန်ကုန်မြို့တွင်း ချထားသော ဘလောက်တုံးများကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် ယာဉ်ကြောပိတ်ဆို့မှု၊ အန္တရာယ် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ပြန်လည် သုံးသပ်ပြီး အခြားမည်သည့်နည်းလမ်းများဖြင့် အစားထိုး ဖြေရှင်းမည်ကို စဉ်းစားသင့်နေပြီ ဖြစ်သည်။

Most Read

Most Recent