ဝေဒနာဆိုသော ခံစားခြင်းသည် အာရုံ နှင့် ဒွါရခြောက်ပါး တွေ့ဆုံသည့်အခါ ဖြစ်ပေါ်လာသော အရာပင်ဖြစ်သည်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်စိတ်ဆိုသော ဒွါရခြောက်ပါးနှင့် ဝန်းကျင် အာရုံတို့ ဆက်စပ်ပြီး မိမိတို့၌ ဖြစ်ပေါ်ခံစားရသော ဝေဒနာငါးမျိုး ခွဲခြားနိုင်ပါသည်။ (၁) သောမနဿဝေဒနာ- စိတ်၌ဖြစ်သော ချမ်းသာခြင်း (၂)ဒေါမနဿ ဝေဒနာ-စိတ်၌ဖြစ်သော ဆင်းရဲခြင်း (၃) သုခဝေဒန-ကိုယ်၌ဖြစ်သော ချမ်းသာခြင်း (၄) ဒုက္ခဝေဒနာ-ကိုယ်၌ဖြစ်သော ဆင်းရဲခြင်း (၅) ဥပေက္ခာဝေဒနာ-ချမ်းသာသည်လည်း မဟုတ်၊ ဆင်းရဲသည်လည်း မဟုတ်သော ခံစားခြင်းတို့ ဖြစ်ပါသည်။ ဥပေက္ခာ ဝေဒနာကတော့ သာမန်လူသားတို့ ခံစားကျင့်သုံးဖို့ ခက်ခဲပါသည်။
ကျွနု်ပ်တို့သည် အလိုရှိအပ်သော ကောင်းမြတ်သော အာရုံ (ဣဋ္ဌာရုံ) နှင့် ဆုံတွေ့သည့်အခါ ချမ်းသာသောခံစားမှု (သုခဝေဒနာ) ဖြစ်ပေါ်လာရသည်။ အလိုမရှိအပ်သော မကောင်းသောအာရုံ(အနိဋ္ဌာရုံ) နှင့် ဆုံတွေ့လျှင်တော့ ဆင်းရဲသောခံစားမှု (ဒုက္ခဝေဒနာ) ဖြစ်ပေါ်ရသည်။ လူတိုင်းသည် အလိုရှိအပ်သော ကောင်းမြတ်သောအာရုံ (ဣဋ္ဌာရုံ) ကိုသာ မြင်ချင်တွေ့ချင်ကြသည်။ ထိုဣဋ္ဌာရုံမှ ပေးစွမ်းသော စိတ်ချမ်းသာခြင်း၊ စိတ်ကြည်နူးခြင်း၊ စိတ်အေးချမ်းခြင်းဆိုသည့် သောမနဿ ဝေဒနာကို ခံစားချင်ကြသည်။ မည်သူမျှ စိတ်ဆင်းရဲခြင်း ဒေါမနဿဝေဒနာနှင့် ကိုယ်ဆင်းရဲခြင်း ဒုက္ခဝေဒနာကို လိုလားတောင့်တခြင်း၊ ရရှိခံစားခြင်း ပြုချင်မည် မဟုတ်ပါ။ သို့သော်လည်း လောကဓမ္မတာအရ ဆုတောင်းတိုင်းလည်းမပြည့် လိုချင်တိုင်းလည်း မရတတ်ပြန်ပေ။ မည်သို့ပင်ဖြစ်စေ လူတို့သည် စိတ်ချမ်းသာခြင်း ကိုယ်ချမ်းသာခြင်းသုခကိုရရှိဖို့ မျှော်လင့်တတ်သလို ကြိုးစားအားထုတ်ရမှာလည်း တာဝန်တစ်ခုပင်ဖြစ်ပါသည်။
ပီတိဆိုသည်မှာ နှစ်သက်ခြင်းဟု အဓိပ္ပာယ်ဖွင့်ထားသည်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်စိတ်တို့မှ မိမိဝန်းကျင် (မိသားစုမှ နိုင်ငံရေး၊ ကမ္ဘာရေးအထိ) မြင်တွေ့ ကြားသိ တွေ့ထိ ခံစားရသော အာရုံတို့အပေါ်တွင် နှစ်သက်ခြင်း၊ ကျေနပ်အားရခြင်း၊ ရွှင်လန်း တက်ကြွခြင်း ဖြစ်လာသည့် စိတ်ခံစားမှု သုခ ဝေဒနာတစ်ခုပင် ဖြစ်ပါသည်။ အဘိဓမ္မာသဘောအရ လူတို့တွင် ပီတိဖြစ်သောအခါ စိတ်စေတသိက် (စိတ်ဝေဒနာ)သည် ပွင့်လန်းလာသော ပဒုမ္မာကြာပွင့်နှင့် တူသည်ဟု ဆိုသည်။ ရွှင်လန်းလာသောစိတ်ကြောင့် ခန္ဓာကိုယ် အစိတ်အပိုင်းများသည်လည်း လန်းဆန်း အားပြည့် တက်ကြွစေသည်ဟု ဆိုပါသည်။
ကန္တာရခရီးကြမ်းတွင် ကြာရှည်စွာ ဖြတ်သန်းသွားလာရပြီး စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်းတို့ ခံစားနေရသည့် လူတစ်ယောက်သည် စိမ်းလန်းစိုပြည်သော တောအုပ်ကို မြင်တွေ့လိုသည့် အလိုဆန္ဒဖြစ်မည်သာ ဖြစ်သည်။ ထိုအချိန်တွင် တစ်ဦးတစ်ယောက်က သိပ်မကြာခင်အချိန်၌ အိုအေစစ်တစ်ခုကို တွေ့တော့မည် ရောက်တော့မည်ဟု ပြောလာလျှင် ခရီးသည်၌ ဝမ်းမြောက် ရွှင်လန်းသော နှစ်သက်သော ပီတိဖြစ်ပေါ် ခံစားရသည်။ စိမ်းလန်းစိုပြည်သော တောအုပ်ကို အဝေးမှ လှမ်းမြင်ရသည့်အခါ ကြည်လင်အေးမြသော ရေကန်ကို တွေ့ရသည့်အခါ ဖြစ်ပေါ်လာသော ရွှင်လန်းတက်ကြွခြင်းသည်လည်း ပီတိပင်ဖြစ်ပါသည်။ ထိုခရီးသည်ကို အေးမြသောအရိပ်နှင့် ရေကြည်အစား ကိတ်မုန့်ကိုပေးလျှင်တော့ ပီတိဖြစ်လိမ့်မည် မဟုတ်ပါ။
လူကြီးများပင် မဆိုထားနှင့် အရွယ်မရောက်သေးသည့် ကလေးတစ်ယောက်၊ မွေးကင်းစ တစ်ယောက်မှာပင် ကျေနပ်နှစ်သက်ခြင်း ပီတိကိုဖော်ပြလေ့ရှိသည်။ ကလေးတစ်ယောက် ငိုနေလျှင် တစ်ခုခု လိုအပ်နေ၍ဖြစ်သည်။ သူကလေးငိုသည်မှာ ဆာလောင်၍၊ နွေးထွေးသော မေတ္တာကို ငတ်မွတ်နေ၍ ဖြစ်နိုင်သည်။ နွေးထွေးသော မေတ္တာကို လိုချင် တောင့်တနေသော လိုအပ်နေကလေးကို နို့အစား ကစားစရာ ပေးပေမယ့် အငိုတိတ်မည် မဟုတ်ပါ။ ဆာနေသောကလေးကို နို့တိုက်မည်။ အစာကျွေးမည်ဆိုလျှင် အငိုတိတ်ပြီး သူ၏မျက်နှာ၌ ကျေနပ်နှစ်သက်ခြင်းဆို သော ပီတိသွင်ပြင်ကို မြင်တွေ့ရသည်။ ဝေဒနာ ခံစားနေရသော ကလေးကို အစာနှင့် နို့၊ နွေးထွေးသော ကြင်နာမှု ပေးသော်လည်း အငိုတိတ်မည်မဟုတ်ပါ။ အနာတခြား ဆေးတခြားလို သူလိုချင်ဖြစ်ချင်သည်နှင့် မကိုက်ညီ၍ ကျေနပ်နှစ်သက်ခြင်း ပီတိကို မြင်တွေ့ရမည်မဟုတ်ပါ။ ထိုအခါ သားတို့ရုပ်ရည် သီတာရေအလား ဆိုသကဲ့သို့ မိဘတို့မှာလည်း ပီတိဖြစ်မှာ မဟုတ်ပါ။
မြတ်ဆရာကို ညွှန်းဆိုဂုဏ်ပြုသော စကားတစ်ခုရှိသည်။ ‘ပီတိကိုစား အားရှိပါ၏။ ဆရာတို့အနေဖြင့် ငွေကြေးဂုဏ်သိန်နဲ့ အစားကောင်းကို ရရှိခံစားရမှ အားအင်ပြည့်ဖြိုးတာမဟုတ်ဘဲ တပည့်များ၏ ရွှင်လန်း တက်ကြွသောမျက်နှာ၊ တတ်သိလိမ္မာ ယဉ်ကျေးတာကို မြင်တွေ့ခံစားပြီး ကျေနပ်နှစ်သက်ခြင်းကြောင့် ရွှင်လန်းတက်ကြွဖြစ်ရခြင်းကို ဖော်ညွှန်းခြင်း ဖြစ်ပါသည်။ ဆရာကောင်း ဆရာမြတ်တို့ဟူသည် တပည့်များကိုကြည့် ပြီး အရိုးအကြောထဲအထိ ပီတိများ စိမ့်ဝင် ခံစားတတ်ကြပါသည်။ ကျေနပ် နှစ်သက်ရသော ပီတိသည် ဆရာကောင်းဆရာမြတ်တို့ အတွက် တန်ဖိုးမဖြတ်နိုင်သော အင်အားပင်ဖြစ်ပြီး အခြားငွေကြေးဥစ္စာ ပကာသနနှင့် လဲလှယ်နိုင်မည် မဟုတ်ကြပါ။
မိသားစုဝင် သားသမီးများသည် မိဘဖြစ်သူများကိုကြည့်၍ ပီတိဖြစ်ကြသည်။ ငယ်ရွယ်စဉ်အခါ သားသမီးတို့၏ အာရုံနှင့် ခံစားမှုသည် မိဘတို့အပေါ် တည်မှီနေကြသည်။ မိဘနှစ်ပါး ကြည်လင်ရွှင်ပြနေလျှင် သူတို့လည်း ပြုံးပျော်ရွှင်လန်းကြရသည်။ မိဘနှစ်ပါး စီးပွားရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ ကျန်းမာရေး အဆင်မပြေလျှင် သားသမီးတို့ သည်လည်း စိတ်ဆင်းရဲခြင်း၊ ကိုယ်ဆင်းရဲခြင်း ဝေဒနာကို ခံစားတတ်ကြသည်။ ထိုအခါ သူတို့သည် ရွှင်လန်းတက်ကြွသော ပီတိများအစား ဓိတ်ဓာတ်ကျခြင်း၊ စိတ်ညစ်ခြင်း၊ စိတ်မချမ်းသာခြင်းတို့ ခံစားရလေ့ရှိသည်။
အပြန်အလှန်အားဖြင့် စိတ်တူကိုယ်တူ ကြည်ဖြူသည့် မိဘနှစ်ပါးကြောင့် သားသမီးများ ပီတိဝေဖြာနေသည်ကိုကြည့်ပြီး မိဘများမှာ ပီတိသောမနဿဖြစ်ရပြန်သည်။ သောကကင်းဝေးပြီး ရွှင်လန်းတက်ကြွနေသည့် သားသမီးများကြောင့် မိဘများမှာ မောရပန်းရမှန်း မသိဘဲ ပျော်တပြုံးပြုံးနှင့် ပီတိဝေရသည်မှာလည်း ဓမ္မတာပင်ဖြစ်သည်။ တတ်သိလိမ္မာ ယဉ်ကျေးသော သားသမီးများကြောင့် မိဘတို့မှာ ကြီးမားတိုးတက်ရေး၊ သားသမီးတို့ အနာဂတ်လှပရေးကို အားသွန်ခွန်စိုက် ကြိုးစားလုပ်နိုင်သည့်၊ လုပ်ချင်သည့် ခွန်အားကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာ တိုးတက်မြင့်မားလာပြီး သီရိဂေဟာတစ်ခု ဖြစ်လာသည်မှာ ပီတိ၏ အကျိုးဆက်ပင် ဖြစ်ပါသည်။
နိုင်ငံတစ်ခုအတွင်းရှိ ပြည်သူများသည်လည်း မိသားစုဝင်ကလေးများပမာပင် ဖြစ်သည်။ မိမိနိုင်ငံ အဆိုးအကောင်း အကျိုးအကြောင်းတရားများ အုပ်ချုပ်စီမံဖန်တီးနေသည့် ခေါင်းဆောင် အကြီးအကဲများကပေးသော ပီတိနှင့် သုခဝေဒနာ၊ ဒေါမနဿနှင့် ဒုက္ခဝေဒနာတို့ ရရှိခံစားကြရသည်။ ကိုယ့် နိုင်ငံခေါင်းဆောင်နှင့် အကြီးအကဲများ၏ စေတနာနှင့်လုပ်ရပ်များ မှန်ကန် ကောင်းမွန်သောအခါ ကောင့်သောအကျိုး ဖြစ်ထွန်းလာမည်ကို မျှော်လင့်တောင်းတသော၊ ယုံကြည်သော ဆန္ဒနှင့် နှစ်သက်အားရသော ပီတိတို့ကြောင့် ရွှင်လန်းတက်ကြွ လာကြသည်။
မြန်မာ့သမိုင်းတွင် ပီတိနှင့်သုခတို့ ဖြစ်ထွန်းခဲ့ဖူးသည်။ သို့သော်လည်း ရေပွက်ပမာ တစ်ခဏသာ ဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးနောက် မြန်မာတို့ ကျေနပ်နှစ်သက်သော ပီတိနှင့် လွတ်လပ်ခြင်းသုခတို့ ခဏတာ ခံစားခဲ့ရဖူးသည်။ သို့သော် ရေရှည်တည်တံ့ခဲ့သည် မဟုတ်ပါ။ မကြာမီကလေးမှာပင် ပြည်တွင်းစစ်မီးကြောင့် အကွဲကွဲအပြဲပြဲနှင့်အတူ မြန်မာတို့၏ ပီတိနှင့် သုခတို့ ပျောက်ကွယ်သွားခဲ့သည်။ နှစ်ပေါင်းများစွာအကြာ ၁၉၈၈ ခုနှစ်မှာလည်း အာဏာရှင် လွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားမှုကြောင့် မြန်မာတို့ ခဏတာပီတိနှင့် သုခတို့ ခံစားခဲ့ဖူးသည်။
နှစ်ပေါင်းရှည်ကြာစွာ ဆင်းရဲခြင်း၊ မညီညွတ်ခြင်း၊ မငြိမ်းချမ်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းကြောင့် ဒေါမနဿဝေဒနာ၊ ဒုက္ခဝေဒနာများ ခံစားနေရသော မြန်မာပြည်သူတို့သည်။ ခြောက်သွေ့ကြမ်းတမ်းသည့် ကန္တာရခရီးသည်ပမာ ဖြစ်ခဲ့သည်။ စိတ်ချမ်းသာခြင်း၊ ကိုယ်ချမ်းသာခြင်း၊ ငြိမ်းချမ်းခြင်း၊ ညီညွတ်မျှတခြင်းကို မျှော်လင့်တောင့်တနေခဲ့သည်မှာ နှစ်ကာလ ရှည်ကြာခဲ့ပြီ ဖြစ်သည်။ ပစ္စက္ခကာလတွင်တော့ မြန်မာတို့၌ ပီတိတစ်ခုတော့ ခံစားနေကြသည်ကို တွေ့ရသည်။ မကြာမီကာလများတွင် စိမ်းလန်းစိုပြည်သော အိုအေစစ်ကို ရောက်ရှိခံစားနိုင်မည်ဟူသော မျှော်လင့်ခြင်း အတွေးတွေကြောင့် ဖြစ်လာသည့် ရွှင်လန်းတက်ကြွသော ပီတိသည် မြန်မာတို့ အသွေးအသားထဲတွင် စိမ့်ဝင်ပျံ့နှံ့နေကြသည်။ အနာဂတ် ရှေ့ခရီးတွင် စိမ်းလန်းစိုပြည်သော အိုအေစစ်နှင့် ကြည်လင်အေးမြသော ရေကန်ကို တွေ့နိုင် မတွေ့နိုင်၊ ခံစားသုံးဆောင်ခွင့် မရနိုင် ရနိုင်ဆိုတာ ဆက်လက် လျှောက်လှမ်းရဦးမည် ဖြစ်သည်။
အဘိဓမ္မာ သဘောအရ လူတို့တွင် ဖြစ်ပေါ်သော ပီတိကို ငါးမျိုး ဖော်ပြထားသည်။ (၁) ခုဒ္ဒပီတိ-သေးငယ်စွာဖြစ်သော ပီတိ (၂) ခဏိကပီတိ - ခဏခဏ ဖြစ်လိုက်ပျောက်လိုက်ဖြစ်သော ပီတိ(၃) သြက္ကန္တိပီတိ-တစ်ကိုယ်လုံး လွှမ်းခြုံပျံ့နှံ့သော ပီတိ (၄) ဥဗ္ဗေဂါပီတိ - ကိုယ်ခန္ဓာကိုပင် အထက်သို့မြောက်ကြွသွားအောင် အဟုန်ပြင်းသည့် ပီတိ (၅) ဖရဏပီတိ- ပိုမိုရှည်ကြာစွာ ပျံ့နှံစိမ့်ဝင်သော ပီတိတို့ဖြစ်ကြသည်။ မြန်မာတို့တွင် သေးငယ်သော ပီတိ၊ ဖြစ်လိုက်ပျောက်လိုက် ပီတိ၊ တစ်ကိုယ်လုံးဖုံးလွှမ်းသော ပီတိ၊ အထက်သို့ မြောက်သည်အထိ တက်ကြွ ရွှင်လန်းသော ပီတိ(နှစ်သက်ခြင်း)တို့ကိုတော့ ရရှိခံစားဖူးကြပြီ ဖြစ်သည်။ ဖရဏပီတိ ဂွမ်းဆီထိသလို အရိုး အကြောအသားထဲအထိ စိမ့်ဝင်ပျံ့နှံ့ပြီး သက်ဆုံးတိုင် မပျောက်မပျက်ခံစားနိုင်သော ပီတိ နှင့်ယှဉ်သည့် သုခတော့ လိုနေသေးသည်။ ပြည်တွင်းပြည်ပ လူအများစုကတော့ မြန်မာတို့ အနာဂတ် လှပလာလိမ့်မည် သုခချမ်းသာ ရရှိလိမ့်မည်လို့တော့ ယုံကြည်နေကြသည်။ ယုံကြည့်သည့်အတိုင်း ဖြစ် မဖြစ်ကိုတော့ စောင့်ကြည့်ရပေဦးမည်။










