လောကမှာ လိုအပ်နေတာ . . .

လောကမှာ လိုအပ်နေတာ . . .
Published 19 March 2016
စိုးခိုင်ညိန်း

သတင်းစာတွေထဲမှာ မကြာခဏဖတ်ရတဲ့ သတင်းတွေက လုယက်ခိုးဝှက်တဲ့ သတင်းတွေ ဖြစ်တယ်။ ညပိုင်းအချိန်တွေမှာ အုပ်စုဖွဲ့လုယက်တဲ့သတင်း၊ ဘဏ်ကနေ ငွေထုတ်ပြန်လာတဲ့ အမျိုးသမီးကို လုယက်တဲ့သတင်း၊  အငှားယာဉ်မောင်းက ကားပေါ်က ခရီးသည်ကို ရိုက်နှက်လုယက်တဲ့ သတင်း၊ ခရီးသည်က အငှားယာဉ်မောင်းကို ဖမ်းချုပ်လုယက်တဲ့ သတင်း၊ နေအိမ်မှာ တစ်ယောက်တည်း ရှိနေတုန်း အုပ်စုဖွဲ့ ဝင်ရောက်လုယက်တဲ့ သတင်း၊ ကားပေါ်က ခါးပိုက်နှိုက်ခံရတဲ့ သတင်း၊ မှောင်ရီဖျိုးဖျအလုပ်က ပြန်လာတဲ့ မိန်းကလေးကို ဆိုင်ကယ်နဲ့လုယက်ထွက်ပြေးသွားတဲ့ သတင်း၊ မလည်မဝယ် အမျိုးသမီးလေးကို မက်လုံးပေး ရောင်းစားတဲ့ လူကုန်ကူးမှုသတင်း စတဲ့ ဒုစရိုက်သတင်းတွေက နေ့စဉ်နီးပါး သတင်းစာ တစ်စောင်စောင်မှာ ဖတ်နေရတဲ့သတင်းတွေ ဖြစ်ပါတယ်။ ဒီမကောင်းမှု ဒုစရိုက်ဖြစ်ရပ်တွေရဲ့ အခြေခံအကြောင်းရင်းကတော့ ငွေကြောင့်ပဲ ဖြစ်ပါတယ်။ လူဟာ ငွေကြေးလိုအပ်မှု အကျပ်အတည်းနဲ့ တွေ့ကြုံလာတဲ့အခါ လုပ်မိလုပ်ရာ လုပ်မိသွားတဲ့ သဘောပဲဖြစ်ပါတယ်။
လူဟာ ပိုက်ဆံ၊ ငွေကြေး လိုပါတယ်။ ပိုက်ဆံမရှိဘဲနဲ့ မြို့ပြမှာ ရှင်သန်ဖို့ ခက်ခဲပါတယ်။ လူဟာ အချိန်ပြည့် ငွေလိုနေတတ်ပါတယ်။ လူဟာ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ဘယ်သူပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်းထဲမှာ နေရင်တော့ ငွေဟာမရှိမဖြစ် လိုနေမှာပါပဲ။ ပိုက်ဆံလို့ခေါ်နေကြတဲ့ ငွေဟာ လူအဖြစ်မှာ အင်မတန်ပဲ အရေးပါပါတယ်။
ငွေရှိရင် ဘာမဆို ဖြစ်တယ်ဆိုတဲ့ အမြင်နဲ့ ငွေကို ကိုးကွယ်နေသူတွေ ရှိသလို ငွေနဲ့ ဝယ်ယူလို့ မရနိုင်တဲ့ အရာတွေလည်း လောကမှာ အများကြီးရှိပါတယ်လို့ ပြောဆိုနေသူလည်း ရှိနေတာပါပဲ။ ငွေကြောင့်ပဲ အောင်မြင်ကျော်ကြားသွား၊ လက်မထောင်သွားကြတဲ့ သူတွေကလည်း အများသားပါပဲ။
ငွေမရှိရင် သေတတ်တယ်ဆိုတဲ့ စာသားကို စာတစ်အုပ်မှာ ဖတ်ဖူးပါတယ်။ ဒီစကားက ဖြစ်နိုင်ခြေရှိတဲ့စကားပါပဲ။ ငွေကြေးအကျပ်အတည်းကြောင့် မခံမရပ်နိုင်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး ထွက်ပေါက် ရှာသွားကြတဲ့ ဖြစ်ရပ်တွေကလည်း မကြာခဏ ဖတ်နေရတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်။ဆေးဝါးကုသဖို့ရန် ငွေကြေးမတတ်နိုင်လို့ နောက်ဆုံးမှာ ဖြစ်ပွားနေတဲ့ ရောဂါရဲ့ထိုးနှက်ချက်မှာ လက်မြှောက် အရှုံးပေးသေဆုံးသွားတဲ့ ရောဂါသည်တွေလည်း တွေ့ဖူးကြားဖူးနေတာပါပဲ။
ဒါတွေကြောင့် လူဟာ ပျော်ရွှင်ချမ်းမြေ့စွာ ရှင်သန်နေထိုင်ဖို့ ငွေကိုမရပ်မနား ရှာရတော့တယ်။ မှန်ကန်တဲ့ နည်းလမ်းနဲ့ ရှာသူရှိသလို၊ မမှန်မကန်နည်းလမ်းနဲ့ ငွေရပြီးရော ပုံစံနဲ့ ငွေကို သဲကြီးမဲကြီး ရှာနေသူတွေလည်း ရှိပါတယ်။ ပင်ပင်ပန်းပန်းနဲ့ရှာတိုင်း ငွေဟာ ရတာရှိသလို၊ ပြင်းပြင်းထန်ထန်ရှာပေမယ့်  သဲထဲရေသွန်သလို ရှာသလောက်မရတဲ့ ဖြစ်ရပ်တွေလည်း ရှိနေတာပါပဲ။
ငွေကြေးနဲ့ပတ်သက်တဲ့ သဘောထား အမြင်ကို ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ရပါတယ်။ ပညာရှင် အဖွဲ့အစည်းတစ်ခုက နယ်စပ်ဒေသမှာ တစ်ဖက်နိုင်ငံထဲကို ပြည့်တန်ဆာ အလုပ်သွားလုပ်ပြီး ပြန်လာကြတဲ့ မိန်းကလေးအယောက် ၄၀ နဲ့ မိဘဆွေမျိုး၊ သူငယ်ချင်းအပေါင်းအသင်းတွေကို ငွေကြေးအပေါ်မှာ ထားရှိတဲ့ သဘောထားစစ်တမ်းကို ကောက်ယူတဲ့အခါ အများစုက လူ့အဖွဲ့အစည်းမှာ အဓိကကျတာငွေပဲ။ ဘယ်နည်းဖြစ်ဖြစ် ငွေရအောင်ရှာ၊ ငယ်စဉ်အခါ ပိုက်ဆံရှာ၊ ဆင်းရဲတယ်ဆိုတာ အေအိုင်ဒီအက်စ်လိုပဲ မကောင်းပါဘူး။ ဘဝရဲ့အဆင့်အတန်းကို ငွေနဲ့ပဲ တိုင်းတာဆုံးဖြတ်ကြတာပဲ၊ ပိုက်ဆံမရှိတဲ့ ဘဝဆိုတာ စိတ်ပျက်စရာပါ။ ကောင်းရောင်းကောင်းဝယ် ရိုးရိုးကြီးလုပ်နေလို့ကတော့ ပိုက်ဆံများများ ရမှာမဟုတ်ဘူး၊ ပိုက်ဆံချမ်းသာရင် ဘယ်လိုလူစားမျိုးပဲဖြစ်ဖြစ် လောကမှာ လူရာဝင်တာပဲ။ ငွေမရှိဘဲ ကိုယ်ကျင့်ကောင်းနေရုံနဲ့ အလကားပဲ”တဲ့။ ဒါတွေဟာ ပြည့်တန်ဆာအဖြစ် ရောက်သွားပြီး အများစုက AIDS ဖြစ်နေကြတဲ့သူတွေဆီက ငွေကြေးအပေါ်ထားတဲ့ သဘောထားအမြင်တွေ ဖြစ်ပါတယ်တဲ့။ ငွေရဖို့သက်သက်နဲ့ ခန္ဓာကိုယ်ကို အရင်းပြု၍ ငွေရှာကြသူများထဲမှာ ပြည့်တန်ဆာအလုပ်ဖြင့် ငွေရှာဖွေခြင်းဟာ အဆိုးရွားဆုံး ဖြစ်မယ်ထင်ပါတယ်။
ငွေဟာ လူ့သည်းခြေကြိုက် ဖြစ်တယ်ဆိုတာ ငြင်းမရတဲ့အချက်ဖြစ်ပါတယ်။ ငွေနဲ့ခင်းသွားရင် မရောက်တဲ့လမ်းဆိုတာ မရှိဘူးလို့ သဘောထားကြသူတွေဟာ ငွေကိုသဲကြီးမဲကြီး ရှာတော့တာပါပဲ။ သူတို့ဟာ ဘဝမှာ ကြုံတွေလာတဲ့ ဒုက္ခအခက်အခဲတွေ၊ ပြဿနာတွေကို ငွေနဲ့ ဖြေရှင်းသွားကြလေ့ ရှိပါတယ်။
လူတစ်ယောက်မှာသာ မဟုတ်ပါဘူး။ နိုင်ငံတစ်နိုင်ငံမှာလည်းပဲ ငွေကြေးရဲ့အခန်းကဏ္ဍဟာ အရေးပါပါတယ်။ ငွေကြေးချို့တဲ့ သွားတဲ့အခါမှာ အဘက်ဘက်က နိမ့်ကျသွားတတ်တဲ့ သဘောရှိပါတယ်။ အသိပညာ၊ အတတ်ပညာတွေချို့တဲ့ပြီး အတွေးအခေါ်တွေကပါ နိမ့်ကျသွားတော့တာပါ။ ငွေကြေးမတတ်နိုင်လို့ ပညာဆုံးခန်းတိုင်အောင် မသင်နိုင်ဘဲ တစ်ဝက်တစ်ပျက်နဲ့ ထွက်လိုက်ရပြီး ရရာ ကြုံရာကျပန်း အလုပ်ကြမ်းတွေကို ဝင်လုပ်နေရတဲ့သူတွေ အများကြီး ရှိနေလို့ပါပဲ။
ကျွန်တော်တို့ဟာ ဘဝမှာ ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေချင်လို့ ငွေကိုရှာကြပါတယ်။ သို့သော် ငွေရှိတိုင်းရော ချမ်းသာသလားလို့ မေးစရာရှိပါတယ်။ ငွေပုံပေါ်မှာထိုင်ပြီး စိတ်ဆင်းရဲနေတဲ့သူတွေ ရှိသလို ငွေမရှိပေမယ့်လည်း စိတ်ချမ်းချမ်းသာသာ နေနေကြသူတွေလည်း အများကြီးပါပဲ။
ပျော်ရွှင်ခြင်းဆိုတဲ့ စိတ်ချမ်းသာမှု သုခကို ငွေနဲ့ဝယ်ယူလို့ မရဘူးလို့ လူတွေက လက်ခံထားကြပေမယ့်လည်း ထီပေါက်သလို ငွေရတဲ့အခါမှာတော့ ပျော်ရွှင်သွားတာကိုတော့ ငြင်းလို့မရပါဘူး။ သို့သော်လည်း ငွေနဲ့အတူ ဘာမဆိုလိုလေသေးမရှိ ပြီးပြည့်စုံနေတဲ့သူ တစ်ယောက်ဟာ အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့ နေတယ်လို့ ထင်ရင်လည်း မှားနိုင်တာပါပဲ။ ငွေရှိပြီး ဆင်းရဲနေတာဟာ ပြဿနာတစ်ရပ် မဟုတ်ပါဘူး။ ငွေမရှိလို့ ဆင်းရဲနေတာကသာ ပြဿနာဖြစ်ပါတယ်။ ဘယ်လောက်ပဲငွေရှိရှိ၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ငွေကိုတော့ လိုချင်နေသေးတာပါပဲ။ ငွေပေါလွန်းလို့ ငွေမလိုချင်တော့ဘူးဆိုတဲ့ လူကို သာမန် ပုထုဇဉ်နယ်ပယ်မှာ တွေ့ဖို့ခက်ပါတယ်။ ချမ်းသာစွာနေချင်လို့ ငွေကိုရှာရင်းရှာရင်းနဲ့ မချမ်းမသာ ဖြစ်နေကြတဲ့ လူတွေအများကြီးပါပဲ။ စိတ်ချမ်းသာခြင်းဆိုတဲ့ ချမ်းမြေ့ခြင်းသုခက ငွေနဲ့ တိုက်ရိုက်မပတ်သက်ပါဘူး။ ငွေမရှိပေမယ့် ပျော်ရွှင်ချမ်းမြေ့နေကြသူတွေ ရှိနေလို့ပါပဲ။
လူ့လောက စားဝတ်နေရေးဆိုတဲ့ ဖြစ်စဉ်ကြီးထဲမှာ နစ်မြုပ်ရင်း ငွေကိုပစ်မှတ်ထားပြီး နည်းမျိုးစုံနဲ့ ရှာနေကြတယ်။ တချို့က ငွေကို ငွေနဲ့မျှားရှာတယ်။ တချို့က ပညာနဲ့ ရှာတယ်။ တချို့က ကာယအားနဲ့ ရှာတယ်။ ရှာလို့ရလာတဲ့ အခါကျပြန်တော့လည်း ပျော်ရွှင်ခြင်းသုခကို မစဉ်းစားနိုင်ဘဲ ဘယ်လိုပိုရအောင် လုပ်ရမလဲဆိုတာ စဉ်းစားရင်း ဆင်းရဲခြင်းထဲ တဝဲလည်လည် ဖြစ်နေတော့တာပါပဲ။ စိတ်ချမ်းသာခြင်းဟာ ငွေနဲ့ဝယ်ယူလို့ မရပေမယ့် ရရှိလာတဲ့ ငွေကြေးအပေါ်မှာထားတဲ့ သဘောထားအမြင်နဲ့ စိတ်ချမ်းသာအောင် လုပ်နိုင်ပါတယ်။ ငွေမရှိလည်း စိတ်ချမ်းသာအောင်နေရင် ချမ်းသာပေမယ့် ငွေရှိပြီး စိတ်ချမ်းသာအောင်နေတာက အတိုင်းထက်အလွန် ပိုကောင်းပါတယ်။
စိတ်ချမ်းချမ်းသာသာ ပျော်ပျော်ရွှင်ရွှင် နေတယ်ဆိုတာ ငွေနဲ့မဆိုင်ပါဘူး။ အသိပညာနဲ့ပဲ ဆိုင်တာပါ။ အသိဉာဏ်ပညာရှိတဲ့သူဟာ ဘဝကိုဘယ်ပုံဘယ်နည်းနဲ့ ပျော်ရွှင်စွာ နေထိုင်သွားမလဲဆိုတာ သူ့အသိဉာဏ်ပညာနဲ့ ပိုင်းခြားပြီး နေထိုင်သွားတတ်ပါတယ်။ ငွေရှိရင်တော့ ပိုပြီးတော့ ပြီးပြည့်စုံတဲ့သူတစ်ယောက် ဖြစ်သွားမှာပါပဲ။ တကယ်တော့ ငွေမရှိတာ မကောင်းပါဘူး။ ငွေရှိနေရုံနဲ့လည်း အရာအားလုံး ပြီးပြည့်စုံနေတယ်လို့လည်း မဆိုနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် လူထဲက လူတစ်ယောက်ဆိုတော့ ငွေကိုတော့ မဖြစ်မနေ ရှာနေရဦးမှာပါပဲ။ ရှာလို့ရလာတဲ့ ငွေကြေးအပေါ်မှာ ချမ်းချမ်းသာသာ သဘောထားပြီး နေတတ်ဖို့ပဲ အရေးကြီးပါတယ်။ သို့သော် တရားသော မှန်ကန်တဲ့ နည်းလမ်းနဲ့ရှာဖို့တော့ လိုတာပေါ့။

Most Read

Most Recent