အခွင့်အရေးများကို ငြင်းပယ်ခြင်း အနုပညာ

အခွင့်အရေးများကို ငြင်းပယ်ခြင်း အနုပညာ
Published 17 March 2016
လင်းအာကာ

ငြင်းပယ်ခြင်း အနုပညာဆိုပြီး ပြောမိတာကို ကြီးကျယ်လိုက်တာလို့ မထင်စေချင်ဘူး။ အခွင့်အရေးတွေကို ငြင်းပယ်နိုင်ခြင်းဟာလည်း သူရဲကောင်းဆန်မှု တစ်မျိုးပါပဲ။ အသေးအဖွဲလေးက စကြည့်ရအောင် . . . ။
မနက်ရုံးသွားချိန် ခပ်ကျပ်ကျပ်ကားပေါ်မှာ ကံကောင်းစွာ နေရာရတယ်။ ဒါဟာ ကိုယ့်ရဲ့ရပိုင်ခွင့်နဲ့ အခွင့်အရေးတစ်မျိုးပါပဲ။ သိပ်မကြာပါဘူး။ ကိုယ်ထိုင်နေတဲ့အနား သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်စသဖြင့် တစ်ယောက်ယောက် ရောက်လာမယ်။ ဒီလိုအချိန်မှာ ကိုယ့်ရပိုင်ခွင့်နဲ့ အခွင့်အရေးဆိုတာကို လူမှုစံနှုန်းအရ ငြင်းဆန်ရပါတော့မယ်။ ဒါဟာ အခြေခံအကျဆုံးနဲ့ လုပ်နိုင်ဖို့အလွယ်ကူဆုံး ငြင်းပယ်ခြင်း အနုပညာပါပဲ။ တချို့ကျတော့လည်း ခပ်တည်တည်ပဲ။ ကိုယ်ကံကောင်းလို့နေရာရတာ ဘာလို့ဖယ်ပေးရမှာလဲဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ဆက်ထိုင်နေတတ်တယ်။
အစိုးရဟောင်း၊ ခေတ်ဟောင်းမှာ အရိုးစွဲခဲ့တဲ့ သံချေးတက် လူမှုစံနှုန်းတွေကို ထားခဲ့စေချင်ပါပြီ။ နောက်ထပ်အသေးအဖွဲလေးတစ်ခု ဥပမာ ပေးချင်ပါသေးတယ်။ အများပိုင်ပစ္စည်းနဲ့ ဇိမ်ခံခြင်းပါပဲ။ ရုံးကွန်ပျူတာနဲ့ ကိုယ်ရေးကိုယ်တာ လူမှုကွန်ရက်စာမျက်နှာတွေမှာ သာယာလွန်းသူတွေပါ။ ကိုယ်ပိုင်အလုပ်တွေကို ဗန်းပြထားတယ်။ အရေးတကြီး လုပ်စရာမလိုသေးချိန်မှာ သူ့ရဲ့ လူမှုကွန်ရက်ထဲမှာ ဝံ့ကြွားနိုင်ရေးကို ဦးစားပေးထားတယ်။ တစ်ခါတလေ အလုပ်အရေးကြီး ချိန်ရောက်တဲ့အထိ လူမှုကွန်ရက်မှာ သာယာ နေတတ်သူမျိုးပေါ့။ အလုပ်လုပ်ဖို့ လိုအပ်လာသူက စက်အခက်အခဲအတွက် သူ့ကိုအကူအညီတောင်းတယ်။ ဒါပေမဲ့ အလုပ်မပြီးသေးတဲ့ အကြောင်းပြချက်နဲ့ နေရာဖယ်ပေးဖို့ ငြင်းတယ်။ အဲဒီမှာ ဆက်ဆံရေး အံချော်မှုတွေ စတင်လာပါတယ်။ စိတ်ဓာတ်အခံမကောင်း သူချင်းဆိုရင် ပဋိပက္ခ ကြာရှည်သွားနိုင်ပါတယ်။ နောက်တစ်ရက်ကျတော့ စက်မရတဲ့သူက လူမှုကွန်ရက် စာမျက်နှာမှာ သာယာလွန်းသူ ထိုင်နေကျစက်ကို လူမှုကွန်ရက် သုံးမရအောင် သူ့နည်းသူ့ဟန်နဲ့ ပိတ်ထားလိုက်တယ်။ ဒါဟာ အခွင့်အရေးများ ထိပ်တိုက်တိုးခြင်းပါပဲ။ တကယ်တော့ ကွန်ပျူတာကို သူတို့ နှစ်ဦးစလုံး မပိုင်ပါဘူး။ အများပိုင်ပါတယ်။ အများပိုင်ပစ္စည်းတစ်ခုအပေါ် ကိုယ်ပိုင် အခွင့်အရေးကိုယ်စီနဲ့ ထိပ်တိုက်တွေ့ခြင်းဟာ ငြင်းပယ်ခြင်း အနုပညာကို မေ့ထားလို့ပါပဲ။ အရွယ်မရောက်သေးတဲ့ မာနလေးတွေ တစ်ဦးကိုတစ်ဦး ထားမိခြင်းပါပဲ။ ဒီကိစ္စကို ကျေအေးခဲ့ကြရင်တောင် အနာဂတ်မှာ သူတို့ ဆက်ဆံရေးက သတိကြီးကြီးနဲ့ တည်ဆောက်ထားသလို ဖြစ်သွားပါပြီ။
ဒီလိုနှိုင်းယှဉ်စရာဖြစ်ရပ်လေးတွေ အများကြီးရှိနေပါသေးတယ်။ ဥပမာထပ်ပေးရရင် အများသုံး သန့်စင်ခန်းမှာ အချိန်အကြာကြီး အသုံးပြုသူတွေပါ။ လူအယောက် ၂၀ ကျော်လောက် အသုံးပြုနေတဲ့ သန့်စင်ခန်းထဲ ကိုယ့်အလှည့်ရောက်တဲ့အခါ တချို့က ဇိမ်ခံတတ်ပါတယ်။ သတင်းစာလေး ဖတ်လိုဖတ်၊ ဖုန်းနဲ့ ဂိမ်းလေးဆော့လိုဆော့နဲ့။ ငါ့အလှည့်တုန်းကလည်း စောင့်ထားရတာ သူလည်း စောင့်ပစေဆိုတဲ့ အတ္တမျိုးက ရှက်စရာ ကောင်းပါတယ်။ ဒါလည်းအခြေခံအကျဆုံး အခွင့်အရေး အလွဲသုံးစားလုပ်မှု တစ်မျိုးပါပဲ။ ဒါတွေက အခြေခံကျတဲ့ အခွင့်အရေးများကို မငြင်းပယ်နိုင်သူတချို့ရဲ့ ဖြစ်ရပ်များပါပဲ။ ဒီထက် အဆင့်မြင့်တဲ့ အခွင့်အရေးများကို အလွဲသုံးသူတွေနဲ့ ငြင်းပယ်ခြင်းအနုပညာကို မေ့ထားသူတွေအကြောင်း ပြောပြချင်ပါသေးတယ်။
တချို့က သူတို့အိပ်မက်တွေအတွက် အခွင့်အရေးများကို မငြင်းပယ်နိုင်ပါဘူး။ တချို့က သူတို့ရဲ့ဂုဏ်သိက္ခာ၊ သူတို့ရဲ့ လိပ်ပြာအတွက် အခွင့်အရေးများကို ငြင်းပယ်ရဲတယ်။ ၁၀၀၀ ဖိုးလောက်ပဲ သိသူဟာ ၅၀၀၀ တန်နေရာတစ်ခုကို ကံကြမ္မာကြောင့် ရောက်ခဲ့မယ်၊ အခြေအနေတွေအရလည်း ငြင်းပယ်ဖို့ ခက်နေမယ်ဆိုရင် . . . ။ ဒါပေမဲ့ ဒီနေရာဟာ ကိုယ့်အတွက် သူစိမ်းပြင်ပြင်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ မရှိဘူး။ ကိုယ်ဖြတ်သန်းခဲ့ရာ နယ်ပယ်မဟုတ်ဘူး။ အယောင်ဆောင် စိတ်ထားတွေနဲ့ ကမ်းနေတဲ့ လက်တွေပဲရှိနေမယ်။ ဖြူစင်မှုမရှိနိုင်ဘူး။ သူတို့စားကျက်ကို မဆီမဆိုင် ရောက်လာမယ့်ကိုယ့်အတွက် သူတို့ရဲ့နောက်ကျောမှာ ဓားကိုယ်စီရှိနေမယ်ဆိုရင် . . .။ အိပ်မက်တွေကို ဂုဏ်သိက္ခာနဲ့ ရောင်းစားမှာလား။ ကိုယ့်လိပ်ပြာကို အဆုံးစီရင်လိုက်မှာလား။ ကိုယ့်ဘက်မှာတော့ ကိုယ့်ကို သဘောကျတဲ့ အထက်လူကြီး ရှိနေနိုင်တယ်။ သူ့ရဲ့ မျက်စိကျမှုဟာ ကိုယ့်ရဲ့ အနာဂတ်ကို တောက်ပစွာ အသက်သွင်းပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ချစ်သူတစ်ထောင်ပင် ရှိလင့်ကစား ရန်သူတစ်ယောက်ကြောင့် ကိုယ့်ဘ၀ အံချော်သွားနိုင်တယ်ဆိုတာကို မမေ့သင့်ပါဘူး။ အထက်လူကြီးရဲ့ ရွှေရောင်ကမ်းလှမ်းမှုကို မျက်နှာပျက်ခံပြီး ငြင်းပယ်လိုက်မယ်။ ကိုယ်ဝါသနာပါ ချစ်ခင်ခဲ့ရာ နယ်ပယ်မှာဆက်နေပြီး အဲဒီနယ်ပယ်မှာ အဓိပတိ တစ်ဦးဖြစ်အောင် လုပ်ပြလိုက်မယ်ဆိုရင် . .. . ။ ဒီလိုအိပ်မက်မျိုးဟာ ပိုပြီးအဖိုးတန်ပါလိမ့်မယ်။ ပိုပြီးလိပ်ပြာလုံပါလိမ့်မယ်။ ကိုယ့်ကို ချစ်ခင်သူတွေရဲ့ လေးစားမှုတန်ဖိုးကလည်း ပိုမြင့်တက်သွားပါလိမ့်မယ်။ ကိုယ်နဲ့မထိုက်တန်တဲ့ အခွင့်အရေးတစ်ခုကို ငြင်းပယ်ရဲသူပါလားဆိုပြီး သူတို့ချစ်ခင်မှုကိုလည်း အရင်ကထက် ပိုရနိုင်ပါတယ်။ ရန်သူတွေအလယ်မှာ ဘုရင့်သူရဲကောင်းလုပ်နေမယ့်အစား ချစ်သူတွေဝန်းရံထားတဲ့ သူရဲကောင်းတစ်ဦးရဲ့ဘဝက ပိုလို့နေပျော်ပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာတရားနဲ့ အိပ်မက်တွေကို လိပ်ပြာလုံလုံ ရေးခြစ်နေသူတွေရဲ့ဘဝကသာ ပိုလို့ မြတ်နိုးဖွယ်ရာ ကောင်းနေပါလိမ့်မယ်။
ဆရာလူထုစိန်ဝင်းရဲ့ ရှက်စိတ်စာအုပ်ထဲက ဇာတ်လမ်းလေးတစ်ခုနဲ့ အဆုံးသတ်ချင်ပါတယ်။ ဆရာ့ဆီကို တစ်နေ့မှာ ဆရာဝန်ဘွဲ့ရ တပည့်မလေးတစ်ဦး ရောက်လာတယ်။ သူက ဆေးမကုစားဘဲ နိုင်ငံခြားဆေးကုမ္ပဏီ တစ်ခုမှာ ဆေးကိုယ်စားလှယ် လုပ်နေပါတယ်။ ဆရာ့ဆီကို ဆေးတွေ လက်ဆောင်ယူလာရင်း သူအဆင်ပြေနေပြီဆိုတဲ့ အကြောင်း ဝမ်းသာစကား ဆိုပါတယ်။ ဒါပေမဲ့ ကျင့်ဝတ်ကိုအသက်ထက် တန်ဖိုးထားသူ ဆရာလူထုစိန်ဝင်းက  သဘောမတွေ့ပါဘူး။ ပညာတွေအများကြီးတတ်ခဲ့ပြီးမှ ပွဲစားဆန်ဆန် အရောင်းအဝယ် လုပ်နေတဲ့ သူ့တပည့်မကို ဆုံးမပါတယ်။ စီးပွားရေးဆန်သွားတဲ့ သူ့တပည့်ရဲ့စိတ်ကိုလည်း ဝမ်းနည်းစွာ အံ့သြနေတယ်။ ဆရာက သူ့တပည့်မကို ‘အလုပ်မှာ တကယ်ပျော်နေပြီလား’လို့မေးပါတယ်။ အဲဒီအခါ တပည့်မလေးက ‘မြို့စွန်ကဆေးခန်းလေးထဲမှာ လူနာမျှော်ရင်း ထိုင်ငိုက်နေတဲ့ အလုပ်ထက် တော့ပျော်စရာကောင်းတယ်’လို့ ပြန်ဖြေလိုက်တယ်။ ရှက်စရာ မဟုတ်ဘူး။ ကိုယ့်ဘဝတိုးတက်ရာ လုပ်တာကို အပြစ်မဟုတ်ဘူးလို့လည်း ထပ်ပြောတယ်။ အဲဒီအခါ ဆရာလူထုစိန်ဝင်းက ‘အပြစ်ကြီးဟုတ်တယ်၊ မင်းလိပ်ပြာ အတွက်တော့ အပြစ်ကြီးမှ တကယ့်အပြစ်ကြီး ဖြစ်တယ်။ ကိုယ့်အလုပ်ကိုစွန့်ပစ်ပြီး သူများအလုပ်ကို ဝင်လုပ်နေတာ အပြစ်ကြီးပေါ့’လို့ ပြောလိုက်ပါတယ်။ ပြီးတော့ ‘လူအများစုဟာ ကိုယ့်ကိုယ်ကိုယ် မသိကြပါဘူး။ မသိကြတဲ့အတွက် အဲဒီလိုလူအများစုဟာ ထူးထူးချွန်ချွန်ဖြစ်မလာဘဲ သူလိုငါလိုဘဝမျိုးနဲ့ နိဂုံးချုပ်ကြရတော့တာပေါ့။ သူများအကြောင်းသိဖို့ လွယ်သလောက် ကိုယ့်ကိုယ်ကိုယ်သိဖို့က ခက်ပါတယ်။ ပြီးတော့ ကိုယ်ဘာတွေ လုပ်နိုင်တယ်ဆိုတာကိုသိဖို့ထက် ကိုယ်ဘာတွေ မလုပ်နိုင်ဘူးဆိုတာကိုသိဖို့က ပိုခက်ပါတယ်’လို့ ထပ်ပြောလိုက်တယ်။ကိုယ့်နယ်ပယ် မဟုတ်ပေမယ့်လည်း အောင်မြင်အောင် လုပ်မယ်ဆိုတဲ့စိတ်ထားက လေးစားဖို့ကောင်းပါတယ်။ ဒါပေမဲ့ ကံကြမ္မာ အခွင့်အရေးကြောင့် သူတစ်ပါး နယ်ပယ်ကို မကျွမ်းကျင်ဘဲ ဝင်ရောက်သွားမယ်ဆိုရင် . .. . ။ ငြင်းပယ်ခြင်း အနုပညာနဲ့အတူ ဆရာလူထုစိန်ဝင်း ပြောခဲ့သလို ‘ကိုယ့်ကိုယ်ကိုသိဖို့’နဲ့ ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့ကလည်း အသက်လို အရေးကြီးတယ် ဆိုတာပါပဲ။

Most Read

Most Recent