မြန်မာ့အာဏာရှင်စနစ်မှာ သက်ဆိုး ရှည်လှပေသည်။ အာဏာရှင်စနစ် သက်ဆိုးရှည်သည်နှင့်အမျှ အာဏာရှင် အတွေးအခေါ်မှာလည်း မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ခိုင်မာမြဲမြံစွာ အမြစ်တွယ် စွဲထင်နေပေတော့သည်။ ၎င်းအာဏာရှင်အတွေးအခေါ်များမှာ မြန်မာ့ရေ၊ မြန်မာ့မြေပေါ်တွင် မွေးဖွားရှင်သန် ကြီးထွားလာခဲ့သော အိမ်မွေးခြံပေါက် အတွေးအခေါ်ကြီးပင် ဖြစ်၍နေပေသည်။ အချိန်ကာလ ကြာရှည်လာသည်နှင့်အမျှ ၎င်းအတွေးအခေါ် ထုထည်ကြီးမှာ အချိန်၏ တိုက်စားမှုများကို ခုခံနိုင်ခဲ့ပေပြီ။ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စွာ ပြောင်းလွယ်ပြင်လွယ် ရှင်သန်နိုင်နေပေပြီ။ အတွန်းအတိုက်များ၊ စိန်ခေါ်မှုများကိုလည်း ကျော်လွန်ဖြတ်သန်း ကြီးထွားလာခဲ့ချေပြီ။ လူ့အဖွဲ့အစည်းတွင်လည်း ခိုင်ခိုင်မာမာ အမြစ်တွယ် စိမ့်ဝင်ပျံ့နှံ့၍နေပေပြီ။ ခေတ်တွေ ပြောင်းနေသော်လည်း အဆိုပါ အာဏာရှင်အတွေးအခေါ် ထုထည်ကြီးမှာ မပြောင်းလဲနိုင်သေး။ ယနေ့အချိန်ထိပင် ရှင်သန်ကြီးထွား၍ နေပေတော့သည်။
မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အာဏာရှင်စနစ်နှင့်အတူ အာဏာရှင် အတွေးအခေါ်ကြီးမှာလည်း ရှင်သန်လာခဲ့သည်။ ထိုထက် စောစောကပင် မြန်မာ့အာဏာရှင် အတွေးအခေါ်ကြီးမှာ ပေါက်ဖွားခဲ့သည်ဟု အချို့က ဆိုကြသည်။ တချို့ပညာရှင်များက ပဒေသရာဇ် ဘုရင်တွေ ခေတ်ကတည်းကပင် ၎င်းအာဏာရှင် အတွေးအခေါ်ကြီးမှာ တစ်ဆက်တစ်စပ်တည်း ဖွံ့ထွားလာခဲ့သည်ဟု မှတ်ချက်ပြုကြသည်။ မည်သို့ပင်ဆိုကြစေ ၁၉၆၂ စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင်တော့ အဆိုပါ အာဏာရှင်စနစ်နှင့် အာဏာရှင်အတွေး အခေါ်ကြီးမှာ ဘွင်းဘွင်းရှင်းရှင်းကြီး ပေါက်ဖွားလာခဲ့ကြပြီး ယနေ့အချိန်ထိပင် ရှင်သန်ကြီးထွား၍ နေပေသည်။
မြန်မာ့အရေးလေ့လာသူ ပါမောက္ခ ဒေးဗစ်စတိုင်းဘတ်က မြန်မာတွေသည် အာဏာကို အကန့်အသတ်မရှိ သဘောမျိုး (infinite) မရှုမြင်ကြ၊ အကန့်အသတ်သဘောဖြင့်သာ ရှုမြင်ကြသည်ဟု ဆိုခဲ့ဖူးသည်။ အာဏာသည် အကန့်အသတ်ရှိသောကြောင့် အာဏာကို ခွဲဝေရန်မစဉ်းစားကြ။ အာဏာကို ခွဲဝေလိုက်လျှင် မိမိတွင်ရှိသည့် အာဏာမှာ ယုတ်လျော့သွားမည်ဟု စိုးရွံ့ကြသည်။ ထို့ကြောင့် အာဏာကို မိမိထံတွင်သာရနိုင်သမျှ စုစည်းထားရန် ကြိုးစားကြတော့သည်။ တစ်သီးပုဂ္ဂလ အာဏာမြင့်မားရေး မဏ္ဍိုင် ပြုလာကြတော့သည်။ ထိုမှသည် အာဏာရှင်များ ပေါ်ထွက်လာပေတော့သည်။
အဆိုပါအာဏာရှင်များသည် တစ်သီးပုဂ္ဂလ အာဏာမြင့်မားရေးကို အဓိကမဏ္ဍိုင် ပြုထားသည့်အတွက် မိမိတို့၏ တစ်သီးပုဂ္ဂလ အာဏာ မြင့်သထက်မြင့် ခိုင်မာသထက် ခိုင်မာမြဲမြံလာစေရန် နည်းမျိုးစုံ အသုံးပြုကြ သည်။ ၎င်းတို့အပေါ် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု၊ သစ္စာခံမှုကို မွေးမြူကြသည်။ လူတွေအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းလာပြီး အာဏာပိုင်စိုးသူကို ပိုမိုကိုးကွယ်မှီခိုလာစေရန် အကြောက်တရား ယဉ်ကျေးမှုကို သွတ်သွင်းပေးကြသည်။ မိမိကိုယ်ကို မလုံမခြုံဖြစ်လာအောင် ဖန်တီးကြသည်။ ထိုသို့သွတ်သွင်းရာတွင်လည်း အနုနည်းဖြင့်သော်လည်းကောင်း၊ အကြမ်းနည်းဖြင့်သော်လည်းကောင်း နည်းလမ်းပေါင်းစုံကို အသုံးပြုကြသည်။ တစ်ခါတစ်ရံ မထင်မှတ်နိုင်လောက်အောင် ညင်သာသိမ်မွေ့စွာ ပုဂ္ဂိုလ်ရေးသြဇာကို တည်ဆောက်သလို တစ်ခါတစ်ရံတွင် ရက်စက်မှုနည်းလမ်းပေါင်းစုံကို သုံးတတ်ပေသည်။ ထို့အတူ သစ္စာခံကိုးကွယ်မှုကို မွေးမြူရာတွင် အာဏာပိုင်စိုးသူမှတစ်ပါး အခြားသူများကို မယုံမကြည်ဖြစ်လာစေရန် အချင်းချင်း မယုံကြည်စိတ်ကို သွတ်သွင်းပေးပြန်သည်။ ထိုသို့ အချင်းချင်း မယုံမကြည်ဖြစ်လာရာမှ သံသယစိတ် ကြီးမားခြင်းနှင့် ဂိုဏ်းဂဏ စိတ်အစွဲများ ပေါ်ပေါက်ထွန်းကားလာကြသည်။ အထက်ပါ အခြင်းအရာများမှာ အာဏာရှင်စနစ်မှ ပေါ်ထွန်းလာသော အာဏာရှင် အတွေးအခေါ် ဗီဇစရိုက်လက္ခဏာများ ပင် ဖြစ်ကြပေတော့သည်။
၁၉၆၂ ခုနှစ်မှစတင်၍ အဆိုပါအတွေးအခေါ် စရိုက်လက္ခဏာများမှာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အကန့်အသတ် အတားအဆီးမရှိ စီးဆင်း လည်ပတ်လှုပ်ရှားခဲ့ပြီး လူ့အဖွဲ့အစည်းအတွင်း စိမ့်ဝင်ပျံ့နှံ့ အမြစ်တွယ်နေခဲ့ပေသည်။ ၎င်းအာဏာရှင် အတွေးအခေါ် ထုထည်ကြီးသည် တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ နဝတခေတ်၊ နအဖခေတ်များကို ဖြတ်သန်းပြီး ယနေ့အချိန်အထိပင် ကြီးထွားရှင်သန် အောင်ပွဲခံ၍ နေပေသည်။ ထိုသို့ ဖြတ်သန်းရှင်သန်ခဲ့ရာတွင်လည်း ရက်စက်မှု၊ ဖိနှိပ်မှု နည်းလမ်းပေါင်းစုံ ကိုသုံးပြီး ဖြတ်သန်းရှင်သန်ခဲ့သည်များလည်း ရှိသလို အခြေအနေနှင့် လိုက်လျောညီထွေစွာ ပြုလွယ် ပြင်လွယ် ပြောင်းလဲခဲ့သည့် အခါကာလမျိုးလည်း ရှိခဲ့ပေသည်။ အပြင်ရန်၊ အတွင်းရန်ကိုနှိမ်နင်း၍ ခရီးဆက်ခဲ့ရသည့် အခါများလည်းရှိသလို လူသစ်၊ လက်သစ်လေးများကို မွေးမြူ၍ အတွေးအခေါ် ယန္တရားကြီး မရပ်ဆိုင်းသွားစေရန် မောင်းနှင်ခရီး ဆက်ခဲ့ရသည့်အခါများလည်း ရှိပေသည်။ သေချာသည်ကတော့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ရွေ့လျားနေသည်ဟု တွင်တွင်ကျယ်ကျယ် ပြောနေကြသော ယနေ့အချိန်အထိ အဆိုပါ အတွေးအခေါ်ထုထည်ကြီးမှာ အားကောင်းမောင်းသန်ဖြင့် ဆက်လက် ရွေ့လျားခရီးနှင်နေဆဲပင်။
ဒီမိုကရေစီဟု ပြောနေကြသော်လည်း ယနေ့အချိန်အထိ ယခင်ကာလများ၏ အတွေးအခေါ် အကျင့်အကြံများက ခိုင်မာအားကောင်းစွာ ဆက်လက် တည်ရှိနေသေးပေသည်။ အရင်ခေတ်၏ ဘာသာစကားများမှာလည်း အသက်ဝင်နေသေးသည်။ ဆောင်ပုဒ်များ၊ လမ်းညွှန်များ၊ ဦးတည်ရည်မှန်းချက်များ ကလည်း အရင်အတိုင်းပင်။ သိသာသော အပြောင်းအလဲဆိုသည်ကို သိပ်မတွေ့ရသေးပေ။ အဘယ့်ကြောင့်ဆိုသော် ခေတ်အဆက်ဆက် ရှင်သန်ဖွံ့ထွားခဲ့သော အာဏာရှင် အတွေးအခေါ် ထုထည်ကြီးမှာ ယနေ့အထိ ဆက်လက်ရှင်သန် ပန်းပန်လျက် ရှိနေဆဲကြောင့်ပင် ဖြစ်ပေသည်။
မကြာမီကာလအတွင်း မြန်မာပြည်သူများက ရွေးချယ်လိုက်သော အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာတော့မည်ဖြစ်ပြီး အဆိုပါ အစိုးရသစ်အနေဖြင့် အရင်အာဏာရှင် စနစ်ဟောင်း၏ ဆိုးမွေဟောင်းများကို ဖယ်ရှားကာ ဒီမိုကရေစီဝိညာဉ်ကို ခိုင်မာစွာ အသက်သွင်းပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင် ဆောင်ရွက်တော့မည်ဟု မျှော်လင့်ယုံကြည်မိပါသည်။ ထိုကဲ့သို့ အရှိန်မြှင့်တင် ဆောင်ရွက်ရာတွင် အစိုးရသစ်အနေဖြင့် အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ရပ်မှာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ခိုင်မာမြဲမြံစွာ အမြစ်တွယ် ရှင်သန်နေသော အာဏာရှင် အတွေးအခေါ်ထုထည်ကြီးကို ဖယ်ရှားရှင်းလင်းပစ်ရမည့် လုပ်ငန်းစဉ်ပင် ဖြစ်ပေသည်။ ထိုသို့ ဖယ်ရှား ရှင်းလင်းပစ်ရန်အတွက် အတွေးအခေါ် တော်လှန်ရေးကြီးတစ်ရပ်ကို မဖြစ်မနေ ဆင်နွှဲရပေတော့မည်။ အဆိုပါ အတွေးအခေါ်တော်လှန်ရေးမှာ အတွေးအခေါ်ဟောင်းနှင့် အတွေးအခေါ်သစ်တို့၏ တိုက်ပွဲလည်း ဖြစ်ပေတော့သည်။
ဤနေရာတွင် လူမှု အင်ဂျင်နီယာလုပ်ငန်းကို ကျင်လည်စွာ ဆောင်ရွက်ကြမည့် ခေါင်းဆောင်များအနေဖြင့် အာဏာရှင် အတွေးအခေါ်ဟောင်းကြီးကို မည်သည့် အတွေးအခေါ်သစ်များဖြင့် ရင်ဆိုင် တော်လှန် ဖယ်ရှား ရှင်းလင်းမည်ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းလှပေသည်။ အထက်တွင် ဆိုခဲ့သလို အရင်အာဏာရှင် အတွေးအခေါ်ဟောင်းကြီးမှာ မြန်မာ့မြေ၊ မြန်မာ့ရေပေါ်တွင် ပေါ်ထွန်းလာကာ ကာလရှည်ကြာ ရှင်သန်ကြီးထွား အမွေးဖွားဖွား ဖြစ်နေသော အိမ်မွေးခြံပေါက် အတွေးအခေါ်ကြီးပင် ဖြစ်၍နေပေသည်။ လူ့အဖွဲ့အစည်းအတွင်း စိမ့်ဝင်ပျံ့နှံ့မှု အားကောင်းနေပြီး ထုထည်မှာလည်း ခိုင်မာ ကြီးထွား၍ နေပေသည်။
ထိုကဲ့သို့သော အတွေးအခေါ်ဟောင်းကြီး တစ်ရပ်ကို ရင်ဆိုင်တော်လှန်ရမည့် အတွေးအခေါ်သစ်သည် အခြေခိုင်မာ၍ အားကောင်းဖို့ လိုအပ်ပေသည်။ သူများဆီမှာ ပေါ်ပြူလာဖြစ်၍၊ သစ်ဆန်းနေ၍ မိတ္တူကူးကာ ပုံတူပွားခြင်းမျိုးဆိုလျှင် မည်သို့မျှ အလုပ် ဖြစ်နိုင်ဖွယ်မရှိပေ။ ယနေ့ခေတ်အခါတွင် သူများဆီက အတွေးအခေါ်များကို မိတ္တူကူး၊ ပုံတူပွား၍ အပေါ်ယံဆန်ဆန် ပြောဆိုသွတ်သွင်းကြသည့် အလုပ်မျိုးမှာ များစွာခေတ်စား၍ နေသည်ကို တွေ့ရပေသည်။ သို့ရာတွင် အဆိုပါအတွေးအခေါ်များမှာ လူ့အဖွဲ့အစည်းအတွင်း ခိုင်ခိုင်မာမာ ပျံ့နှံ့စိမ့်ဝင်ခြင်းမရှိဘဲ စတန့်ထွင်လုံးများဖြင့်သာ ဆပ်ပြာပူပေါင်းများသဖွယ် တဖုန်းဖုန်းပေါက်၍ ပျောက်ပျက်သွားကြသည်ကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြရပေသည်။ ထို့ကြောင့် အဆိုပါအတွေးအခေါ်သစ်မှာ လူ့အဖွဲ့အစည်းနှင့် အချိန်ယန္တရား၏ မှတ်ကျောက်တင် ခံနိုင်ရန်လည်း လိုအပ်လှပေသည်။ အရေးကြီးလှသည့် အချက်တစ်ခုမှာ အဆိုပါ အတွေးအခေါ်ကြီးကို ဖွံ့ထွားရှင်သန်အောင် ဦးဆောင်ဦးရွက်ပြုကြမည့် ခေါင်းဆောင်ကြီးများ ကိုယ်နှိုက်ကပင် ယခင်အာဏာရှင် အတွေးအခေါ်ဟောင်းကြီး၏ အချုပ်အနှောင်ဘောင်ထဲမှ လွတ်လပ် ရှင်သန် ရပ်တည်နေဖို့ပင် ဖြစ်ပေသည်။
မကြာမီကာလအတွင်း မြန်မာ့မြေပေါ်တွင် အာဏာရှင် အတွေးအခေါ်ဟောင်းများ အမြစ်တိုင်ဖယ်ရှား၍ လူ့အဖွဲ့အစည်းကို မောင်းနှင်မည့် အတွေးအခေါ်သစ်များ ရှင်သန်ကြီးထွားလာမည်ကို မျှော်လင့်နေမိသည်။ အတွေးအခေါ် တော်လှန်ရေးကြီးတွင် အတွေးအခေါ်ဟောင်းကြီး ဗုံးဗုံးလဲကျ၍ လူ့အဖွဲ့အစည်း၏ စိတ္တ၊ ဉာဏခွန်အားကို ဖြည့်စွမ်းပေးမည့် အတွေးအခေါ်သစ်ကြီးတစ်ရပ် ထွန်းကားရှင်သန်လာမည်ကို မျှော်လင့်ရင်း။










