အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍမှ သက်ဆိုင်ရာ လွှတ်တော်ကော်မတီများ အလိုက် စိစစ်ရမည့် ဥပဒေများကို လွှတ်တော်ရုံးမှ ပြုစုနေကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားသည်။လွှတ်တော်ကော်မတီများ ဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍ မတ် ၇ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေး တင်ပြရာ၌ ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။နိုင်ငံတော်၏ အချုပ်အခြာ အာဏာများ ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာသုံးရပ်ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲရန် လိုအပ်သလို အဆိုပါ မဏ္ဍိုင်သုံးရပ်ပါ တာဝန်များကို ကျင့်သုံးရာ၌လည်း မဏ္ဍိုင် တစ်ခုနှင့် တစ်ခုသည် ဥပဒေနှင့်အညီ သဟဇာတ ဖြစ်ရန် လိုကြောင်း ဦးတီခွန်မြတ်က ပြောကြားသည်။“မဏ္ဍိုင် သုံးရပ်က စီမံခန့်ခွဲတဲ့ ဥပဒေများ အပေါ် အခြေခံ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ယနေ့ မဏ္ဍိုင်ကြီး သုံးရပ်က စီမံခန့်ခွဲ ကျင့်သုံးတဲ့ ဥပဒေပေါင်းဟာ ၄၀၀ ကျော် ရှိတယ်ဆိုတာကို လေ့လာ သိရှိရပါတယ်။ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ကဏ္ဍတွေက တာဝန်ယူ စီမံခန့်ခွဲတဲ့ ဥပဒေများကို သက်ဆိုင်ရာ လွှတ်တော်ကော်မတီများအလိုက် စိစစ်ရမယ့် ဥပဒေများ စာရင်းကို လွှတ်တော်ရုံးက အခု ပြုစုနေတယ်ဆိုတာ သိရှိရပါတယ်။ မကြာမီ ကာလအတွင်း လွှတ်တော် ကော်မတီများကို ပေးပို့သွားမှာ ဖြစ်ပါတယ်” ဟု ဦးတီခွန်မြတ်က ပြောကြားသည်။ထို့ပြင် ကော်မတီများ အနေဖြင့် မိမိတို့ စိစစ်ရမည့် ဥပဒေများကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေပါ အခြေခံရမည့်မူ ၁၂ ချက်ကို အခြေခံပြီး စိစစ်သွားရမည်ဖြစ်ကြောင်း၊ ဥပဒေကြမ်း ရေးဆွဲရာတွင်လည်း ယင်းအခြေခံမူ ၁၂ ချက်ကို အခြေခံ ရေးဆွဲရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ပြည်သူ့လွှတ်တော်တွင် အမြဲတမ်း ကော်မတီ လေးရပ်အပြင် လုပ်ငန်း လိုအပ်ချက်အရ အခြားသော ကော်မတီများကိုလည်း တိုးချဲ့ ဖွဲ့စည်းခဲ့ကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တိုင်းရင်းသား လူမျိုးများအရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံခြားရေးတို့အပြင် အခြား ကိစ္စရပ်များကို လေ့လာတင်ပြရန် လိုအပ်ပါက လွှတ်တော်ကော်မတီများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ကာလသတ်မှတ်၍ ဖွဲ့စည်းနိုင်ကြောင်း ပြဋ္ဌာန်းထားရှိသဖြင့် ကော်မတီ ၁၄ ခုကို တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း ဦးတီခွန်မြတ်က ပြောကြားသည်။လွှတ်တော်များ၏ လုပ်ငန်းမှာ ဥပဒေပြုခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ဖြစ်ကြောင်း၊ လွှတ်တော်၏ ဥပဒေပြုခြင်းနှင့် အပြန်အလှန် ထိန်းကျောင်းခြင်း တာဝန်များသည် နက်နဲ ကျယ်ပြန့်ပြီး များပြားသော တာဝန်များဖြစ်ကြောင်း၊ လွှတ်တော်မှ အဆိုပါ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် ကဏ္ဍအလိုက်ခွဲပြီး လိုအပ်သည့် ကော်မတီများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွှတ်တော်၏ အတည်ပြုချက်ဖြင့် လွှတ်တော်ဥက္ကဋ္ဌက ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း ဖြစ်ကြောင်း၊ လွှတ်တော်ကော်မတီသည် လွှတ်တော်ကို တာဝန်ခံရမှာ ဖြစ်သလို လွှတ်တော် အစည်းအဝေး ကျင်းပချိန် မဟုတ်ပါက လွှတ်တော်ဥက္ကဋ္ဌကို တာဝန်ခံရမှာ ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် လွှတ်တော်ကော်မတီများသည် လွှတ်တော် ကျင်းပနေချိန် သာမက လွှတ်တော် ရပ်နားချိန်များပါ ကော်မတီ လုပ်ငန်း တာဝန်များကို ထမ်းဆောင်ရမည် ဖြစ်သည်ကို လေ့လာ တွေ့ရှိရကြောင်း ၎င်းက ပြောကြားသည်။ထို့အတူ မတ် ၇ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကော်မတီ အချို့မှ ကော်မတီ အဖွဲ့ဝင်များ ပြင်ဆင် ဖွဲ့စည်းခြင်းကို လွှတ်တော်သို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။
အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍမှ တာဝန်ယူ စီမံ ခန့်ခွဲနေသည့် ဥပဒေများအနက် သက်ဆိုင်ရာ လွှတ်တော်ကော်မတီများအလိုက် စိစစ်ရမည့် ဥပဒေ စာရင်းများကို လွှတ်တော်ရုံးမှ ပြုစုနေ















