ရခိုင်အမျိုးသားပါတီ၏ ပြည်နယ်အစိုးရ ဖွဲ့စည်းရေးအပေါ်သဘောထား၊ UNA နှင့် မဟာမိတ် ဆက်ဆံရေး ရပ်စဲမှု ကြေညာချက်တို့မှာ တစ်ဖက်သတ် ဆုံးဖြတ်ချက်များဖြစ်၍ လက်မခံကြောင်း ရှင်းလင်း

ရခိုင်အမျိုးသားပါတီ၏ ပြည်နယ်အစိုးရ ဖွဲ့စည်းရေးအပေါ်သဘောထား၊ UNA နှင့် မဟာမိတ် ဆက်ဆံရေး ရပ်စဲမှု ကြေညာချက်တို့မှာ တစ်ဖက်သတ် ဆုံးဖြတ်ချက်များဖြစ်၍ လက်မခံကြောင်း ရှင်းလင်း
Published 6 March 2016
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး၊ ဝီရမိုးနေ

ရခိုင်အမျိုးသားပါတီက ကြေညာချက် ထုတ်ပြန်ထားသည့် ပြည်နယ်အစိုးရ ဖွဲ့စည်းရေးအပေါ်သဘောထားနှင့်  စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် မဟာမိတ် ဆက်ဆံရေးရပ် စဲမှုကြေညာချက်တို့မှာ တစ်ဖက်သတ် ဆုံးဖြတ်ချက်များဖြစ်၍ လက်မခံကြောင်း ပါတီခေါင်းဆောင်အချို့က မတ် ၆ ရက်တွင် ရန်ကုန်မြို့၌ ရှင်းလင်းခဲ့သည်။ရခိုင်အမျိုးသားပါတီ၏ သဘောထားကြေညာချက် ၁/၂၀၁၆  နှင့် ၂/၂၀၁၆ တို့နှင့်ပတ်သက်၍ ရှင်းလင်းခဲ့သည့်  ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များမှာ ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ( ALD )ပါတီဝင်များလည်းဖြစ်ပြီး ၎င်းတို့က သတင်းစာရှင်းလင်းပွဲတွင် ရခိုင်အမျိုးသားပါတီ (ALD) အနေဖြင့်လည်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ရခိုင်အမျိုးသားပါတီ၏ သဘောထားကြေညာချက်အမှတ် ၁/၂၀၁၆ မှာ ပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်သည် ရခိုင်အမျိုးသား ပါတီ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲမှ တစ်ဦးဦး ဖြစ်ရမည်ဖြစ်ပြီး ပြည်နယ်အစိုးရအဖွဲ့ကိုလည်း ဦးဆောင် ဖွဲ့စည်းခွင့်ရှိရမည်ဖြစ်ကြောင်း ထိုသို့ မဟုတ်ပါက ရခိုင်အမျိုးသားပါတီသည် မည်သည့် အစိုးရ အဖွဲ့အစည်းတွင်မှ ပါဝင်ခြင်းမရှိဘဲ အတိုက်အခံ နိုင်ငံရေးပါတီအဖြစ် ရပ်တည်မည်ဟူ၍ဖြစ်ကြောင်း သိရသည်။ထိုအချက်နှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်အား ခန့်အပ်တာဝန်ပေးရန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတတွင်သာ တာဝန်ရှိကြောင်းနှင့် ပြည်နယ်လွှတ်တော်တွင် အာဏာမရှိကြောင်း၊ ထို့ကြောင့် ပြည်နယ်တွင် အများစုအနိုင်ရပါတီက ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်ရန်နှင့် ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းရန် အခွင့်အရေးမှာ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှသာ ရရှိမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ၏ ၁/၂၀၁၆ ကြေညာချက်ထုတ်ပြန်ရာတွင် သဘောထားမပါဝင်ခဲ့သည့် ပါတီခေါင်းဆောင်များက ရှင်းလင်းခဲ့သည်။ရှင်းလင်းမှုပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးကျော်မြင့်က "ဒီမိုကရေစီနိုင်ငံမှာ အများစုအနိုင်ရတဲ့ပါတီသည် အစိုးရဖွဲ့နိုင်တယ်။ ဒါ ဒီမိုကရေစီရဲ့အခြေခံမူ။ ဒီအခြေခံမူသည် အခွင့်အရေး၊ ဒါအခွင့်အရေးပဲ။ အဲဒီအခွင့်အရေးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပါကိုပါရမယ်။ ဘယ်သူ့ဆီမှာမှ ဘာမှပြောနေစရာမလိုဘူး။ ဒါဆိုလို့ရှိရင် ကျွန်တော်တို့ ဘာလုပ်ရမလဲ။ ဒီဖွဲ့စည်းပုံကို ပြင်ရမယ်။ ဒီဖွဲ့စည်းပုံကို ပြင်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရခိုင်အပြင် အခြားတိုင်းရင်းသားတွေနောက် မြန်မာနိုင်ငံထဲမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့မှ  ဒါကြီးကို ပြင်ရမယ်။ ဒီမှာ ဝန်ကြီးချုပ်မရတဲ့ အတွက်ကြောင့် အစိုးရဖွဲ့ခွင့် မရတဲ့အတွက်ကြောင့်တို့က အတိုက်အခံပါတီပဲနေတော့မယ်ဆိုရင် ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီမှာ ကိုယ်စားလှယ်တွေထဲမှာ အရည်အချင်းပြည့်ဝတဲ့သူတွေ အစိုးရအဖွဲ့ထဲမှာ ပါဝင်ပြီးတော့ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ အဲဒီလူတွေရဲ့အခွင့်အရေးကို အဓိပ္ပာယ်မဲ့ တားဆီးသလိုဖြစ်နေတယ်။ အဲဒီလိုတားဆီးလိုက်တဲ့အတွက်ကြောင့် ဘယ်သူနစ်နာမလဲ။ အဲဒီကိုယ်စားလှယ်ကို ရွေးချယ်ပေးလိုက်တဲ့ ကျွန်တော်တို့ ရခိုင်ပြည်သူတွေပဲ နစ်နာမယ်" ဟု ပြောကြားသည်။ရခိုင်ပါတီနှစ်ပါတီသည် တစ်ပါတီတည်းအဖြစ် မပေါင်းစဉ်က အခြားသောတိုင်းရင်းသားများနှင့်  မဟာမိတ်ဆက်ဆံရေး ထူထောင်ထားရာတွင် ALD ပါတီသည် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) အဖွဲ့၌လည်းကောင်း၊  RNDP ပါတီသည် ညီနောင်တိုင်းရင်းသား လူမျိုးများ ဖက်ဒရေးရှင်းအဖွဲ့ (NBF) ၌ လည်းကောင်းပါဝင်ခဲ့ပြီး နှစ်ပါတီ ပေါင်းစည်းပြီးချိန်၌ မဟာမိတ်ဆက်ဆံရေးအား မူလအတိုင်းပင် နှစ်ဖက်စလုံး၌ ဆက်လက်ပါဝင်ခဲ့သည်။ထို့ပြင် နှစ်ပါတီပူးပေါင်းပြီးနောက် တစ်ပိုင်းတွင် ပါတီအသီးသီးတို့သည် မိမိတို့ ဆက်သွယ်ဆောင်ရွက်လျက်ရှိသော မဟာမိတ်ပါတီများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီထားကြပြီး ဖြစ်ကြောင်းနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) နှင့် မဟာမိတ် ဆက်ဆံမှုကို ရပ်ဆိုင်းရန် ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ကြေညာချက်သည် မူလ နှစ်ပါတီပူးပေါင်းစဉ်က ထားရှိခဲ့ကြသည့် သဘောတူညီချက်များကို တစ်ဖက်သတ် ဖောက်ဖျက်ခြင်းဖြစ်၍ ရခိုင်အမျိုးသားပါတီ (ALD) အနေဖြင့် ကြေညာချက်အမှတ် ၂/၂၀၁၆ သည် တရားမဝင်သဖြင့် လုံးဝလက်ခံမည် မဟုတ်ဘဲ မိမိတို့၏ (UNA) နှင့် မဟာမိတ် ဆက်ဆံရေးကို ရခိုင်ပြည်သူများ အကျိုးစီးပွားအတွက် ဆက်လက် ထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။"ဒီကြေညာချက်နှစ်ခုက ကျွန်တော်တို့ရဲ့ အမျိုးသားညီညွတ်ရေးကို ထိခိုက်စေတယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ ရခိုင်ပြည်သူတွေရဲ့အကျိုးစီးပွားကိုလည်းပဲ ထိခိုက်စေတဲ့အတွက်ကြောင့် ကျွန်တော်တို့ ယခုလို ပြန်လည် ထုတ်ပြန်ကြေညာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒတွေနဲ့အညီ ရခိုင် ပြည်သူတွေ အကျိုးစီးပွားအတွက် ဆက်လက် လုပ်ဆောင်သင့်တာ မှန်သမျှကို ရခိုင်အမျိုးသား ပါတီဝင်တွေနဲ့ တာဝန်ယူ ဆက်လက် လုပ်ဆောင်သွားမှာပါ။ ဒါပေမဲ့ ရခိုင်တစ်မျိုးသားလုံးရဲ့အကျိုးစီးပွားကို ထည့်သွင်း စဉ်းစားပြီးတော့ လုပ်ဆောင်ရမယ့်တာဝန်မှာ ဥက္ကဋ္ဌအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့တို့အပေါ်မှာ အဓိက တည်မှီနေသလို ဖြစ်နေရာကနေ ပါတီရဲ့စည်းလုံးညီညွတ်ရေးနဲ့ ရခိုင်အမျိုးသားတွေရဲ့ အကျိုးစီးပွားကို ထိခိုက်မှာတော့ မလိုလားဘူး"ဟု  ဦးကျော်မြင့်က ပြောကြားသည်။ရခိုင်အမျိုးသားပါတီကို  ဦးအေးသာအောင် (လက်ရှိအမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ) ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (AND) နှင့် ဒေါက်တာအေးမောင် (ယခင်အမျိုးသား လွှတ်တော်ကိုယ်စားလှယ်) ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့ ပူးပေါင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပါတီညီလာခံကို ကျင်းပခဲ့ပြီး ညီလာခံဆုံးဖြတ်ချက်အရ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် ၃၉ ဦး၌ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ ၃၂ ဦးနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ခုနစ်ဦး ပါဝင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။ထိုသို့ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အချို့မှ ပါတီ၏ကြေညာချက်များအား လက်မခံကြောင်း ရှင်းလင်းမှုအပေါ် ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က "ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီအနေနဲ့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မြှားဦးကို ဘယ်လိုမှ ချိုးတာလည်းမဟုတ်ပါဘူး။ ဘယ်လိုမှဆန့်ကျင်တာလည်း မဟုတ်ပါဘူး။ အမျိုးသားအကျိုးစီးပွား ဆိုတာ မတူတဲ့ အသွင်အပြင်လေးတွေ ရှိတယ်ဆိုတာကို သဘောပေါက်စေချင်တဲ့ သဘောပဲ။ ဒီမိုကရေစီကို သွားတဲ့နေရာမှာ ဒီမိုကရေစီပန်းတိုင်ကိုရောက်မှ ဖက်ဒရယ်ကိုပေးမယ်ဆိုတာက တစ်မျိုးဖြစ်မှာပေါ့။ ကျွန်တော်တို့က ဒီမိုကရေစီလည်းရချင်တယ်။ ဖက်ဒရယ်လည်းရချင်တယ်။ အဲဒါကြောင့် ဒီကြားလေးမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဆိုတာမျိုးကို စဉ်းစားတိုင်းစဉ်းစားတိုင်း တိုင်းရင်းသားများရဲ့လိုလားချက် တိုင်းရင်းသား ပြည်နယ်မှာရှိတဲ့ လူထုရဲ့ ထောက်ခံမှု၊ အသိအမှတ်ပြုမှုကို အသိအမှတ် ပြုပေးစေချင်တဲ့ သဘောနဲ့  ဒီ  ၁/ ၂၀၁၆  ကို  ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးပြီးမှ အဖြေတစ်ခုကို ရအောင် ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ဖြင့် တိုင်းရင်းသားအားလုံးနဲ့ ကျွန်တော်တို့ ကြိုးစားနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ဦးတည်ချက်ဟာ အခုထိ လက်တစ်ကမ်းမှာ ရှိသေးတယ်လို့ ထင်ပါတယ်" ဟု ပြောကြားသည်။ရခိုင်အမျိုးသားပါတီအတွင်း ညီညွတ်မှုရရှိအောင် ကြိုးစားလုပ်ဆောင်ရမည်ဟုလည်း ဒေါက်တာအေးမောင်က ဆိုသည်။ရခိုင်အမျိုးသားပါတီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်များတွင် ပြည်သူ့လွှတ်တော်၌ ၁၂ နေရာ၊ အမျိုးသားလွှတ်တော်၌ ၁၀ နေရာ၊ ပြည်နယ်လွှတ်တော်တွင် ၂၃ နေရာနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် ရခိုင်တိုင်းရင်းသား လူမျိုးကိုယ်စားလှယ် (ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး) တစ်နေရာ စုစုပေါင်း ၄၆ နေရာ အနိုင်ရရှိထားသည်။

Most Read

Most Recent