ကမ္ဘာပေါ်တွင် အဆိပ်အပြင်းထန်ဆုံးနှင့် အရှည်ဆုံး မြွေအမျိုးအစား ပြောပါဟုဆိုလျှင် တောကြီးမြွေဟောက်ခေါ် ငန်းမြွေခေါ် ငန်းပုပ် (King Cobra-Ophiophagus hamah) ကို လက်ညှိုးထိုး ပြရပါလိမ့်မည်။ ထို့အပြင် အန္တရာယ် အကြီးမားဆုံးသော မြွေဆိုလျှင်လည်း ယင်းကိုသာ ထိပ်ဆုံးမှာ ထားရမည် ဖြစ်ပါသည်။ တောကြီးမြွေဟောက်များကို အဓိကအားဖြင့် အိန္ဒိယနိုင်ငံ သစ်တောများနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် မြွေအမျိုးပေါင်း ၃၅ မျိုးခန့် ရှိသည့်အနက် ၎င်းမြွေသည်လည်း အပါအဝင် ဖြစ်သည်။ ၎င်းသည် "တောကြီးမြွေဟောက်" ဟု အမည်တွင် နေသော်လည်း မြွေဟောက် (True Cobra) မျိုးတွင် ပါဝင်ခြင်း မရှိဘဲ ကိုယ်ပိုင်မျိုးစု (Own Genius) တွင် အဖွဲ့ဝင် တစ်ကောင်တည်း အနေဖြင့်သာ သီးသီးသန့်သန့် သတ်မှတ်ထားရှိပြီး အခြားမြွေ အမျိုးအစားများ အကြားတွင် ကြောက်စရာ အကောင်းဆုံး သတ္တဝါအဖြစ် ဂုဏ်သတင်း ကျော်စောပါသည်။
ထိုတောကြီးမြွေဟောက်မျိုးကို ကမ္ဘာပေါ်တွင် ဘေးအန္တရာယ် အလွန်များသော မြွေအဖြစ် သတ်မှတ်ခြင်း ခံရသော်လည်း ၎င်းတို့သည် အခြားမြွေဟောက်များ ကဲ့သို့ပင် လူသားတို့နှင့် ထိပ်တိုက်တွေ့ဆုံခြင်းမှ အမြဲတစေ ကြိုးစားရှောင်ရှားလေ့ ရှိကြသည်။
တောကြီးမြွေဟောက်ကို ၁၈၃၆ ခုနှစ်တွင် ကမ္ဘာပေါ်၌ စတင်ရှာဖွေ ဖော်ထုတ် မိတ်ဆက်ပြသမှု ပြုနိုင်ခဲ့ပြီး ကမ္ဘာပေါ်တွင် အရှည်လျားဆုံးဟုဆိုသော "၁၈ ဒသမ ၈ ပေ" အရှည်ရှိ တောကြီးမြွေဟောက်ကို လန်ဒန်တိရစ္ဆာန် ဥယျာဉ်တွင် ပြသခဲ့ဖူးပါသည်။ ထိုမြွေမျိုးတို့၏ အရောင်သည် သံလွင်ရွက်ရောင်၊ ဇော်ဂျီရောင်နှင့် အမည်းရောင်များ အနေဖြင့် တွေ့ရတတ်ပြီး အရောင်ဖျော့သော အဝါရောင် အခွေများ တစ်ကွင်းစီကို ခန္ဓာကိုယ် တစ်လျှောက်တွင် ရစ်ပတ်လျက် တွေ့ရသည့်အတွက် ၎င်း၏သွင်ပြင်က မြင်ရသူကို အထိတ်တလန့် ဖြစ်စေနိုင်ပါသည်။ ဗိုက်ပြင်သည် နို့နှစ်ရောင် သို့မဟုတ် အဝါဖျော့ရောင်ရှိပြီး အကြေးခွံများမှာ နူးညံ့သည်။ တောကြီးမြွေဟောက်များသည် ငယ်ရွယ်စဉ် အမည်းရောင်ရှိပြီး တောက်ပသော အဝါရောင် ကွင်းပတ်များ ရှိသည့်အတွက် ထူးခြားလှပသည်။ ထို့ကြောင့် ငန်းတော်ကျားမြွေ (Banded Krait) နှင့် မှားယွင်းလေ့ ရှိကြသော်လည်း ပါးပျဉ်းထောင်ခြင်း မထောင်ခြင်းကိုကြည့်၍ လွယ်ကူစွာ ခွဲခြားအတည်ပြု နိုင်သည်။ အရွယ်ရောက်ပြီးသော တောကြီးမြွေဟောက် တစ်ကောင်၏ ဦးခေါင်းခွံသည် အတော်ပင် ထုထည်ကြီးမားသော အသွင်သဏ္ဌာန်ရှိပြီး အရွယ်အစားကြီးမားသော သားကောင်ကြီးများကို မျိုချနိုင်ရန် အတွက် မေးရိုးကို အခြားသောမြွေများထက် အထက်အောက် ကျယ်ပြန့်စွာ ဆန့်ကားနိုင်သည်။ သာမန်အားဖြင့် အထီးသည် အမထက် အရွယ်အစား ပိုမိုကြီးမားသည်။
သဘာဝတောထဲတွင် အနှစ် ၂၀ ခန့် အသက်ရှင် နေနိုင်စွမ်းရှိသည့် တောကြီးမြွေဟောက်များသည် ကမ္ဘာပေါ်တွင် သစ်တောများ ပျက်စီးခြင်းများနှင့်အတူ တောကြီးမြွေဟောက် ကောင်ရေလည်း တစ်စထက်တစ်စ လျော့နည်းလာလျက်ရှိရာ IUCN (International Union for Conservation of Nature and Natural Resources) Red List အရ မျိုးပြုန်းတီးမှုအန္တရာယ် ကြုံရမည့် အဆင့်သို့ ရောက်သွားနိုင်သော သတ္တဝါ (VU) အဖြစ် စာရင်းသွင်းထားခဲ့ရပြီ ဖြစ်သည်။
တောကြီးမြွေဟောက်သည်လည်း အခြား မြွေမျိုးများစွာ ကဲ့သို့ပင် ၎င်း၏ လျှာနှစ်ခွဖြင့် အရာဝတ္ထုများကို ထိတွေ့ပြီး အာရုံခံစား ခွဲခြားပါသည်။ တောကြီးမြွေဟောက်တို့သည် မြေကြီး၏ တုန်ခါမှုများကို ခံစားခြင်းအားဖြင့် ပေ ၃၃၀ အကွာမှ သားကောင်ကို နောက်ယောင်ခံ လိုက်နိုင်စွမ်းရှိကြောင်း သုတေသန မှတ်တမ်းများအရ လေ့လာတွေ့ရှိ ရပါသည်။ တောကြီးမြွေဟောက် အမည်၏ ဂရိဘာသာစကားဖြင့် အဓိပ္ပာယ်မှာ မြွေစားသူ (Snake Eater) ဖြစ်ကာ လင်းမြွေများ၊ စပါးကြီး၊ စပါးအုန်းငယ်များ၊ အဆိပ်ရှိ မြွေဟောက်များနှင့် တစ်ခါတစ်ရံ အဆိပ်ပြင်းသော ငန်းတော်ကျား မြွေများကိုပင် စားသုံးတတ်ကြသည်။ အစားအစာ ရှားပါးသည့် အချိန်များတွင် ကျောရိုးရှိ အကောင်ငယ်များ ဥပမာ ဖွတ်၊ ငှက်၊ ကြွက်များကိုပင် စားသုံးတတ်ပါသည်။ တစ်ကြိမ်လျှင် အစာပမာဏ ထုထည်များစွာ စားပြီးနောက် လပေါင်းအတော်ကြာ အစာမစားဘဲ နေလေ့ရှိသည်။ ဤသို့နေနိုင်ခြင်းမှာ ထိုတောကြီး မြွေဟောက်တို့၏ ဇီဝရုပ်ဖြစ်ပျက်ခြင်း အလွန်နှေးကွေးသည့် အတွက်ကြောင့် ဖြစ်ပါသည်။
အသက် ၁၄ ရက်သားခန့်သာ ရှိသေးသော တောကြီးမြွေဟောက် အကောင်ပေါက် ငယ်များကို စိတ်ဝင်စားဖွယ် တွေ့ရစဉ် (ဓာတ်ပုံ-ဇွဲထက်အောင်)
တောကြီးမြွေဟောက်တို့၏ သဘာဝမှာ လူသားတို့နှင့် ထိပ်တိုက်တွေ့လျှင် ထွက်ပြေးရန် ကြိုးစားလေ့ရှိသော် ၎င်းတို့အား အန္တရာယ်ရှိသည်ဟု ယူဆလျှင် ပြင်းထန်စွာ ဒေါသတကြီး ပြန်လည် တုံ့ပြန်တတ်ပြီး ဤသို့ တိုက်ခိုက်ရာတွင် ကြောက်မက်ဖွယ်ရာ ကြိမ်ဖန်များစွာ ပေါက်တတ်သည်။ တောကြီးမြွေဟောက်မတို့သည် သားပေါက်ချိန်နီးလျှင် သစ်ရွက်များနှင့် အခြားအမှိုက်များကို တောင်ပူစာပုံသဏ္ဌာန် စုပုံ၍ အသိုက်ပြုလုပ် တတ်သည်။ ထိုအသိုက်၏ အပူရှိန်မှာ ၂၈ ဒီဂရီစင်တီဂရိတ် ရှိတတ်ပြီး ဥပေါင်း ၂၀ မှ ၄၀ ထိဥတတ်ကာ ထိုဥများ အကောင်ပေါက်သည်အထိ ရက်ပေါင်း ၆၀ မှ ၉၀ ကြာအောင် စွဲစွဲမြဲမြဲ အသိုက်ကို စောင့်ရှောက်နေလေ့ရှိသည်။ ရန်ကုန်တိရစ္ဆာန် ဥယျာဉ်၌ ပြသထားသော တောကြီးမြွေဟောက်တို့၏ ဇာတိဖြစ်သော လပွတ္တာခရိုင်၊ အုတ်တွင်းကျေးရွာမှ ကျေးရွာလူကြီးဖြစ်သူ ကိုမြင့်လှိုင်သည် တောခုတ်ထွက်ရင်း အသိုက်ကို စောင့်နေသောမြွေနှင့် အနီးကပ်ရင်ဆိုင် တွေ့မိ၍ မြွေမ၏ ဒေါသတကြီး တိုက်ခိုက်မှုကြောင့် အသက်လုပြေးခဲ့ရကြောင်း ၎င်းပြန်ပြောပြတာ ကြားဖူးပါသည်။
အသိုက်တွင် ရက်စေ့၍ အသိုက်မှ အကောင်များ ပေါက်လာလျှင် မိခင်မြွေမကြီးသည် အကောင်ပေါက်ငယ်များကို ဆက်လက် စောင့်ရှောက်ခြင်း မရှိတော့ဘဲ အသိုက်ကို စွန့်ခွာသွားပြီး အစာရှာလေ့ရှိသည်။ မြွေမြွေချင်းစားသော တိရစ္ဆာန်ပင် ဖြစ်လင့်ကစား မိမိ၏ မြွေသားပေါက်များကို ပြန်လည် စားသောက်ခြင်း မပြုသည်ကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရသည်။ အကောင်ပေါက်များမှာ အရှည် ၁၈ လက်မမှ ၂၂ လက်မအတွင်း ရှိတတ်ပြီး ဥမှ ပေါက်စကတည်းကပင် အရွယ်ရောက်ပြီး လူတစ်ယောက်ကို သေစေနိုင်လောက်သော အဆိပ်ပါရှိခဲ့ပြီး ဖြစ်သဖြင့် အကောင်ပေါက်ဆိုပြီး အထင်သေးခြင်း မပြုသင့်သကဲ့သို့ ပေါ့ပေါ့ဆဆ အပျော်သဘောဖြင့် ကိုင်တွယ်ကြည့်ရှုခြင်း မပြုမိရန် လိုအပ်ပါသည်။ ဥမှပေါက်စ အကောင်ပေါက် ငယ်များသည် အကောင်ကြီးများကဲ့သို့ အရောင်တောက်ပစွာ ရှိနေခြင်းသည် ပတ်ဝန်းကျင်ရှိ အခြားသော သတ္တဝါများက ၎င်းတို့ကို အရွယ်ရောက် အကောင်ကြီးများသဖွယ် ထင်မှတ်မှားစေခြင်းသည် ငယ်ရွယ်စဉ် ၎င်းတို့၏ အသက်လုံခြုံမှုကို အထောက်အကူ ဖြစ်စေခဲ့သည်။ ထိုအကောင်ပေါက်ငယ်များ သည်လည်း အနှောင့်အယှက် ပြုခံရသော် ရန်လိုစွာဖြင့် ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန် တတ်ကြသည်။
တောကြီးမြွေဟောက် အကိုက်ခံရသည် ရှိသော် ထိုအကိုက်ခံရသည့် နေရာတွင် အလွန်နာကျင်ခြင်း၊ အမြင်အာရုံများ မှုန်ဝါးလာခြင်း၊ တစ်ကိုယ်လုံး ချာချာလည် ခံစားရခြင်း၊ အိပ်ငိုက်ခြင်း၊ အကြောသေခြင်း၊ နှလုံးခုန်ရပ်ခြင်း၊ မေ့မြောခြင်း၊ မကြာမီ အသက်မရှူတော့ဘဲ သေဆုံးခြင်းများ ဖြစ်လာပါသည်။ ပုံမှန်အားဖြင့် လူကိုသေစေနိုင်ရန် လုံလောက်သော အဆိပ်ပမာဏ လူခန္ဓာကိုယ်အတွင်း ဝင်ရောက်ခဲ့ပါက မိနစ် ၃၀ အတွင်း သေနိုင်ပါသည်။ ထိုမြွေမျိုး အကိုက်ခံရပါက မြွေဆိပ်ဖြေဆေး နှစ်မျိုးနှစ်စားရှိပြီး တစ်မျိုးမှာ ထိုင်းနိုင်ငံ ကြက်ခြေနီအသင်းမှ ထုတ်လုပ်၍ ကျန်တစ်မျိုးမှာ အိန္ဒိယ ဗဟိုသုတေသနဌာနမှ ထုတ်လုပ်သည်။ မြန်မာနိုင်ငံတွင်မူ တောကြီးမြွေဟောက် အဆိပ်ဖြေဆေးကို ထုတ်လုပ်ခြင်း မရှိသေးချေ။
ဤနေရာတွင် တောကြီးမြွေဟောက်နှင့် ပတ်သက်၍ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ အခန်းကဏ္ဍကို အနည်းငယ် တင်ပြလိုပါသည်။ ၁၉၈၈ ခုနှစ် မတိုင်မီ ကာလများတွင် မြန်မာနိုင်ငံသို့ လာရောက်ကြသော နိုင်ငံတော် ဧည့်သည်တော်ကြီးများအား နိုင်ငံတော်မှ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ မပျက်မကွက် အစဉ်အမြဲ ဖိတ်ခေါ်ပြီး ဧည့်ခံလေ့ ရှိပါသည်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အနေဖြင့် ဆင်လှည်းဖြင့်လည်းကောင်း၊ ဆင်မမိုမို အပါအဝင် ဆင်အလိမ္မာ၊ မြွေအလမ္ပာယ် အကများဖြင့်လည်းကောင်း ဧည့်ခံဖျော်ဖြေရာ ထိုပွဲတွင် အသုံးပြုသော မြွေအမျိုးအစားမှာ အထက်ဖော်ပြပါ အဆိပ်ပြင်းထန်သော တောကြီးမြွေဟောက် များပင်ဖြစ်ပြီး မြွေကျွမ်းကျင်သူ အမျိုးသမီးက ထိုမြွေကြီးအား လှပစွာ နမ်းပြခဲ့ပုံများမှာ ကြည့်ရှုကြရသူများအဖို့ အသက်ရှူပင် မှားမတတ် ရင်ဖိုခဲ့ရပါသည်။ လူသားနှင့် မြွေကြီးတို့ အပေးအယူမျှစွာ ကပြအသုံးတော် ခံခဲ့ပုံများကို ပြန်လည်၍ စာဖွဲ့သီကုံးပြနိုင်စွမ်း မရှိတော့ပါ။ ထို့အပြင် The Lady Kiss The Deadly Poisonous Snake ဟူသော မှတ်တမ်းတင် ရုပ်ရှင်ကားဖြင့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ မြွေကျွမ်းကျင်သူများ၏ အဆိပ်ရှိမြွေများကို ကျင်လည်ပိုင်နိုင်စွာ ကိုင်တွယ်ထိန်းကျောင်း နိုင်မှုများကို ကမ္ဘာက သိစေခဲ့ပါသည်။ ရန်ကုန် တိရစ္ဆာန်ဥယျာဉ် ကဲ့သို့သော အပူပိုင်းဒေသ တွားသွားသတ္တဝါရုံ (Retile House) တွင် မိမိနိုင်ငံတွင်းရှိ အဆိပ်အပြင်းဆုံး မြွေမျိုးစုံ အပါအဝင် မြွေမျိုးစိတ်အားလုံးကို ကောင်းစွာကိုင် တွယ်ထိန်းသိမ်းမွေးမြူပြသနိုင်ခြင်းသည် ရန် ကုန်တိရစ္ဆာန်ဥယျာဉ်အတွက် အနှစ်သာရ ပြည့်သည့် ဂုဏ်ဒြပ်တစ်ခုဟု ဆိုရမည် ဖြစ်ပါသည်။
တောကြီးမြွေဟောက်များသည် ကမ္ဘာတွင် ထင်ရှားသော မြွေအမျိုးအစားဖြစ်သည့် အပြင် ၎င်းတို့ကို ပြသထားနိုင်သော တိရစ္ဆာန်ဥယျာဉ်လည်း မများလှပါ။ အိမ်နီးချင်း ထိုင်းနိုင်ငံရှိ ချူလာလောင်ကွန်း တက္ကသိုလ်၏ မြွေသုတေသနဌာန ပြခန်းသည် တောကြီးမြွေဟောက် ပြကွက်ကြောင့် ထင်ရှားပြီး ကမ္ဘာလှည့် ခရီးသည်များ စိတ်ဝင်တစား လာရောက်ကြလေ့ ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း ဒေသတွင်းမှ တောကြီးမြွေဟောက်များအား စနစ်တကျ ပြုစုထိန်းသိမ်းကာ ပြသခြင်းဖြင့် ကမ္ဘာလှည့် ခရီးသည်များသာမက ပြည်တွင်း ဧည့်သည်များကိုပါ ဆွဲဆောင်နိုင်မည် ဖြစ်ပါသည်။ ထို့ပြင် တောပြုန်းတီးမှုကြောင့် ကောင်ရေ လျော့နည်းလာသည့် တောကြီးမြွေဟောက်များကို မျိုးသုဉ်းခြင်း အန္တရာယ်မှ ကာကွယ်ရာလည်း ရောက်ပါမည်။ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော မြန်မာနိုင်ငံတွင် ၎င်းတို့ကို မျိုးသုဉ်းပျောက်ကွယ်သွားခြင်း မရှိစေရန် ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက် ကြရန်လည်း အားလုံးတွင် တာဝန်ရှိကြောင်း တိုက်တွန်းလိုပါသည်။
အချုပ်အားဖြင့် ဆိုရသော် ဂေဟစနစ် မပျက်ပြားစေဘဲ မြန်မာ့သဘာ၀ တောတောင်များနှင့် ၎င်းတို့အတွင်း မှီတင်းနေထိုင်ကြသည့် တောကြီးမြွေဟောက် ကဲ့သို့သော ရှားပါး တောရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းထားနိုင်ခြင်းသည် နိုင်ငံအတွက်ကောင်းသော လက္ခဏာတစ်ရပ် ဖြစ်ပါကြောင်းနှင့် သို့မှသာ နောင်မျိုးဆက်တို့အပေါ် တာဝန်ကျေရာရောက်မည် ဖြစ်ကြောင်းပါ ခင်ဗျား။










