ကျွန်တော်နေသည့် အခန်းလေးက သွပ်အမိုး နိမ့်နိမ့်နှင့် ခပ်ကျဉ်းကျဉ်းသာ ဖြစ်သောကြောင့် နေ့လယ်နေ့ခင်းချိန် ဆိုလျှင် တော်တော် ပူသည်။ ခုရက်ပိုင်း နေ့အပူချိန်တွေ သိသိသာသာ တိုးလာသောကြောင့် မခံမရပ်နိုင်အောင် ပူသည်။ နေမွန်းတည့်ပြီးနောက်ပိုင်း ကောင်းကောင်းနေလို့ မရတော့။ စာကောင်းကောင်း မဖတ်ရ။ စာကောင်းကောင်း ရေးမရ။ ဘေးနားမှာ ယပ်တောင်တစ်ချောင်း ထားရသည်။ ယပ်တဖျပ်ဖျပ်နှင့် စာဖတ်ရသည်။ရာသီဥတု ပူလွန်းသောအခါ စိတ်ကူး အကြံအစည်တွေ ကောင်းကောင်း မထွက်။ ခေါင်းအေးအေး ထားပြီး ရေးရသော စာသည် ခေါင်းပူပူနှင့် ရေးရသောစာ ဖြစ်နေသည်။ ခေါင်းတင်မက တစ်ကိုယ်လုံးပါ ပူနေသောကြောင့် တွေးမိတာကလည်း အပူအကြောင်း၊ ရေးမိတာကလည်း အပူအကြောင်း ဖြစ်နေသည်။ ဖတ်မိသူတွေကလည်း ပူပူလောင်လောင် ဖြစ်နေမှာ သေချာသည်။ တကယ်လည်း ကျွန်တော်တို့ ပတ်ဝန်းကျင်က အပူရောင် ရပ်ဝန်းတစ်ခု ဖြစ်နေပြီ မဟုတ်လား။နေ့လယ်နေ့ခင်း အခန်းထဲအောင်းကာ ခေါင်းတွေ ပူလာသောအခါ လက်ဖက်ရည်ဆိုင်သို့ ထွက်ဖို့ ပြင်သည်။ ဆိုင်ရောက်တော့လည်း ပူတာပါပဲ။ ဆိုင်နှင့် ခပ်လှမ်းလှမ်းမှာ ကျွန်တော်တို့ ဆွမ်းချက်ရုံကလေး ရှိသည်။ အဲဒီ ရုံကလေးပေါ်မှာ ဗာဒံပင် ရှိသောကြောင့် သစ်ရိပ်လွှမ်းသော နေရာလေးတစ်ခု ဖြစ်နေသည်။ ထို့ကြောင့် လက်ဖက်ရည်ဆိုင်မှာ ထိုင်မသောက်ဘဲ ထိုသစ်ပင်ရိပ်အောက်မှာ စားပွဲခုံလေးတွေ ချခင်းပြီး သောက်မှ အနည်းငယ် နေသာထိုင်သာ ရှိသည်။ခုရက်ပိုင်း အတွင်း ကျွန်တော်တို့ လမ်းထဲမှာ ရေမြောင်းတွေ ပြန်ဖော်နေသောကြောင့် တစ်လမ်းလုံးက မြောင်းဆယ်ထားသည့် ရွှံ့နွံတွေ၊ အင်္ဂတေမြောင်းလုပ်ဖို့ ပုံထားသည့် သဲတွေ၊ ကျောက်စရစ်ပုံတွေနှင့် ရှုပ်ယှက်ခတ်နေသည်။ ရေစီးရေလာ ကောင်းဖို့အတွက် အိမ်တိုင်း ဝေပုံကျ ပိုက်ဆံစုထည့်ကာ ကွန်ကရစ်မြောင်းတွေ ပြုလုပ်နေကြခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အဆိုပါမြောင်းတွေ ရေစီးရေလာ ကောင်းကာ သန့်ပြန့်သွားပြီ ဆိုလျှင်တော့ ခြင်ကိုက် သက်သာသွားမှာ သေချာသည်။ မြောင်းပုပ်နံ့၊ ရွှံ့ပုပ်နံ့ ကင်းစင်သွားမှာ သေချာသည်။ ဒါက လတ်တလော ခံစားရမည့် အကျိုး။ သို့သော် အကောင်းထဲက အဆိုးက သစ်ပင်အချို့ ခုတ်လှဲ ခံလိုက်ရသည်။ အချို့အိမ်တွေက မြောင်းဖော်ရင်း ဓာတ်ကြိုး မလွတ်၊ ဟိုမလွတ် သည်မလွတ် အမြင်ရှုပ်သည် ဆိုပြီး အရိပ်ရ အပင်အချို့ကို ခုတ်လှဲချလိုက်သည်။ မြင်ကွင်းက ရှင်းသွားသည်။ မျက်စိလည်း မရှုပ်တော့။ ဓာတ်ကြိုးနဲ့လည်း မငြိတော့။ သို့သော် အရိပ် မရတော့။ နေ့လယ် နေ့ခင်း ခြံထဲဆင်းကာ အေးအေးလူလူ နေဖို့ မစဉ်းစားနဲ့တော့။ နေရောင်က အိမ်ထဲသို့၊ ခြံထဲသို့ တိုက်ရိုက် ဝင်လာပါတော့သည်။ ဤနည်းဖြင့် အခုတ်ခံရသည့် အပင်တွေလည်း မနည်းလှတော့။တခြား မကြည့်နှင့်။ လက်ရှိ ကျွန်တော့် အခန်းရှိရာ အိမ်ခေါင်မိုးပေါ်မှာ ယခင်က ကုက္ကိုပင်ရိပ်၊ မန်ကျည်းပင်ရိပ်နှင့် အရိပ်ကောင်းခဲ့သည်။ သို့သော် နာဂစ်ဖြစ်ပြီးနောက်ပိုင်း မန်ကျည်းပင်ကြီး ပြိုလဲသွားသည်။ ကုက္ကိုပင်က ခြံစည်းရိုးခတ်ရာတွင် ပါသွားရှာသည်။ သစ်ပင် တစ်ပင် ရှင်သန်ဖို့ အချိန်စောင့်ရသည်။ အရိပ်ကောင်း အပင်တစ်ပင် ဖြစ်ဖို့ နှစ်ပေါင်း တော်တော်ကြာ စောင့်မျှော်ရသည်။ ခုတ်လိုက်တာက နာရီပိုင်း၊ မိနစ်ပိုင်း။ နှစ်ရှည်လများ ခံစားရမည့် အကျိုးတရားကို အဆင်ခြင်မဲ့ လုပ်ရပ်တွေနဲ့ ဘာကြောင့်များ ဖြိုလဲပစ်ချင် နေကြပါသနည်း။ယခုနှစ်က အယ်လ်နီညို ရာသီဥတုနှစ်ဟု ပြောနေကြသည်။ ခါတိုင်းနှစ်တွေထက် ပိုပူမည်ဟု မိုးလေဝသ ပညာရှင်တွေက ခန့်မှန်းထားကြသည်။ တကယ် လက်တွေ့လည်း နေမဝင်သေးခင်မှာတင် အပူချိန်တွေက တစ်စတစ်စ ပိုပို တိုးလာနေချေပြီ။ တစ်နေ့က သတင်းစာထဲမှာ ဖတ်လိုက်ရသေးသည်။ ရန်ကုန်မြို့၏ နေ့အပူချိန်တင် ၃၇ ဒီဂရီ စင်တီဂရိတ် ရှိသည်ဆိုပဲ။ “အခု ပုံမှန် အပူချိန်ထက် နှစ်ဒီဂရီ စင်တီဂရိတ်ကနေ လေးဒီဂရီ စင်တီဂရိတ်အထိ တိုးနေတယ်။ အခုက စပြီးတော့ အပူချိန်က မြင့်တက်လာနေပြီ။ နွေရောက်ပြီဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပိုပြီးပူဖို့ ရှိတယ်” ဟု မိုးလေဝသ ပညာရှင် တစ်ယောက်က ပြောထားတာကိုလည်း ဖတ်လိုက်ရသေးသည်။တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပူမည်ဆိုတော့ ထိုအပူဒဏ်ကို ကျောကော့အောင် ခံစားရမည်ဆိုသည့် သဘောပဲပေါ့။ အပူဒဏ် ခံရရုံတင် မက၊ ရေရှားပါသည့် အရပ်တွေက ရေပြတ်လပ်သည့် ဒဏ်ကိုပါ ခံစားရရှာကြဦးမည်။ မြန်မာပြည်သူတွေ၏ ဒုက္ခကလည်း မသေးလှပါ။ မိုးကျတော့လည်း မိုးအလျောက် ရေကြီးသည့်ဒဏ် ခါးစည်းခံကြရသည်။ ဆောင်းရောက်တော့လည်း ဆောင်းအလျောက်။ ဟော ခု နွေရောက်တော့မည် ဆိုတော့လည်း နွေအလျောက် ရေဒဏ် အပူဒဏ်ကို ရင်ပူကျောကော့ ခံကြရပေဦးမည်။ ထို အပူထဲမှာမှ နွေရာသီတိုင်း ကြုံနေကျ ‘မီးအပူ’ ကလည်း တစ်မှောင့်။ ဒီနှစ်ထဲမှာတင် မီးက ဟိုနေရာလောင် သည်နေရာလည်း လောင်နှင့်။ မီးသတင်းတွေကို မကြာခဏ နေ့စဉ်ရက်ဆက်နီးပါး ကြားနေရသည်။ ဘာအကြောင်းကြောင့်ပဲ လောင်လောင် သေချာတာကတော့ ရာသီဥတု ပူပြင်းလာခြင်းကလည်း မီးလောင်ခြင်းကို အားပေးသလို ဖြစ်နေတာ ဘယ်လိုမှ ငြင်းဆန်မရသည့် အမှန်တရားပါပဲ။ ထိုအခါ မီးဘေး ဒုက္ခသည်များ၏ ရင်ထဲက အပူမီးကိုပါ တစ်နိုင်ငံလုံးက တတ်နိုင်သမျှ ငြှိမ်းသတ်ပေးဖို့ ကူညီကြရပါတော့သည်။ သြော် မြန်မာပြည်မှာကလည်း အပူတွေ များလှချည်လား။ဗုဒ္ဓမြတ်စွာက မီး ၁၁ မီးအကြောင်း ဟောကြားခဲ့သည်။ ကျွန်တော်တို့ ပြည်သူတွေ၏ ရင်ထဲက အပူပေါင်းစုံကိုပါ ထည့်ပေါင်းလိုက်သော် မီးအမျိုးပေါင်း ဘယ်လောက်များ ပွားများလိုက်လေမလဲ မသိ။ ပြောရလျှင် မြန်မာပြည်သူတွေမှာ ရာသီဥတု အပူ၊ ကုန်ဈေးနှုန်း အပူ၊ ပြည်တွင်းစစ် အပူ၊ သဘာဝဘေး အပူ၊ နိုင်ငံရေး အပူ၊ ဟိုအပူ သည်အပူ စုံတကာစေ့ အပူတွေ များပြားလှသည်။ ကမ္ဘာကြီးကို လှမ်းကြည့်တော့ ပူသည်။ ကိုယ့်နိုင်ငံကို ပြန်ကြည့်တော့ ပိုပူသည်။ တစ်နေ့တစ်နေ့ ရှာရဖွေရ ရုန်းကန်ရသည့် တိုင်းသူပြည်သား ဆင်းရဲသူ ဆင်းရဲသားများ၏ ရင်တွင်း အပူတွေကို ဘယ်သူတွေကများ ကိုယ်ချင်းစာနာလို့ ဖေးမ ကူခဲ့ဖူးပါသလဲ။ ပြောရလျှင် ပြည်သူ၏ အပူကို ပြည်သူကပဲ ပြန်လည်ဖေးကူရတာ များပါသည်။ ပြည်သူ့မျက်ရည်ကို ပြည်သူကပဲ ပြန်လည် သုတ်ပေးခဲ့ရပါသည်။ ပြည်သူ့ ဝေဒနာကို စာနာ နားလည်ပေးနိုင်တာ ပြည်သူပဲ ရှိပါသည်။ ခုပဲကြည့်။ မကြာမီ ကြုံဆုံရတော့မည့် ရေဒုက္ခအတွက် ရေပြတ်လပ် ရှားပါးနေသည့် အရပ်ဒေသတွေကို လှူဒါန်းဖို့ရန် နှိုးဆော် တိုက်တွန်းနေကြသည်ကို သတင်းစာတွေထဲမှာ ဖော်ပြနေကြပြီ။ ပြည်သူတွေ၏ အပူကို ပြည်သူတွေကပဲ ကူညီကြရပေတော့မည်။တွေးကြည့်လျှင်တော့ ရယ်စရာ ကောင်းမလားပဲ။ အရိပ်တွေပျောက်ပြီး အပူတွေ ရောက်အောင် လုပ်ခဲ့တာက လူတစ်စု။ အပူတွေပျောက်ပြီး အရိပ်တွေ ရောက်လာအောင် ပြန်လည် ကူညီတာက လူထု။ ‘သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နား’ ရသတဲ့။ သို့သော် လက်တွေ့မှာတော့ ငှက်တစ်သောင်းလည်း မနားခိုနိုင်တော့ပါ။ သစ်တစ်ပင် ခုတ်လျှင် တစ်မိသားစု စားရသည်။ သစ်ပင်ပေါင်း များစွာ ခုတ်လျှင် တစ်ဆွေ တစ်မျိုးလုံး စားရသည်ဆိုပြီး ခုတ်လိုက်သည့် သစ်ပင်တွေ၊ ငှက်တွေ ထောင်သောင်းသိန်းသန်း နားခိုစရာတွေ ပျောက်ချင်းမလှ ပျောက်ဆုံး သွားရပါပြီကော။ သစ်ပင်ဆိုတာ ထီးလို အရိပ်မိုးပေးတဲ့ အရာပါ။ သစ်ပင်ပေါင်း များစွာနဲ့ မြန်မာပြည်ကြီးကို မိုးကာပေးထားတာပါ။ အဲဒီ အမိုးအကာကြီးကို ဖြိုလှဲချလိုက်ခြင်းသည် မြန်မာပြည်ကြီးကို နေပူပူ ကွင်းထီးထီးကြီးထဲ ပစ်ချထားလိုက်တာနဲ့ အတူတူပါပဲ။ပြောရလျှင် ကိုယ်သစ်ခုတ်တဲ့ ဒဏ်ကို ကိုယ့်ဘေးနားကလူတင် မက ကိုယ်ကိုယ်တိုင်ပါ ခံစားလိုက်ရတာပါ။ ကျွန်တော်တို့ နိုင်ငံနဲ့ ထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံတွေ ပတ်ဝန်းကျင်ကို မထိန်းသိမ်းရင် အဲဒီ အကျိုးဆက်ကို အနီးနား နိုင်ငံတွေပါ ခံစားကြရစမြဲပါပဲ။ ကိုယ်ခုတ်လိုက်တဲ့အတွက် ကမ္ဘာပေါ်မှာ သစ်တစ်ပင် လျော့သွားတယ်လို့ ကျွန်တော်တို့ ဘာကြောင့် မမြင် မတွေးနိုင်ကြတာလဲ။ တကယ်ဆိုလျှင် သစ်ရွက်လေး တစ်ရွက်တောင် အကြောင်းမဲ့ မခြွေသင့်ပါ။ ကိုယ်ခြွေလိုက်တဲ့ သစ်ရွက် တစ်ရွက်ကြောင့် သစ်ပင် တစ်ပင်၏ အလှတရား ချို့ယွင်းသွားသလို သစ်ရွက် တစ်ရွက်က ပေးနိုင်တဲ့ အရိပ်ကို ဘယ်သူမှ မခံစားရတော့ပါ။ ကိုယ့်ကြောင့် ပတ်ဝန်းကျင်အလှ ဆုံးရှုံးသွားသလို၊ ကိုယ့်ကြောင့် အရိပ်တစ်ခု ပျောက်ဆုံးသွားတာကို နားလည်စေချင်မိပါသည်။ဟောဒီ မြေကြီးပေါ်မှာ ရပ်တည်နေသည့် ကျွန်တော်တို့ အားလုံးသည် ဟောဒီ မြေကြီးပေါ်မှာ ပေါက်သည့် သစ်ပင် တစ်ပင်ကို ဘာကြောင့်များ အကြောင်းမဲ့ ခုတ်ပစ်ချင်ရတာလဲ။ စဉ်းစားကြည့်လေ အဓိပ္ပာယ် မဲ့လေပါပဲ။ သစ်ပင်ဆိုတာ ထင်းစိုက်ဖို့လည်း မဟုတ်။ မီးသွေးဖုတ်ဖို့လည်း မဟုတ်။ ပန်းပုရုပ် ထုဖို့လည်း မဟုတ်။ အိမ်ဆောက်ဖို့လည်း မဟုတ်။ တခြားသူကို ရောင်းစားဖို့လည်း မဟုတ်ပါ။ သို့သော် အခြေအနေအရ ထင်းစိုက်ရသည်။ မီးသွေး ဖုတ်ရသည်။ ပန်းပုရုပ် ထုရသည်။ အိမ်ဆောက်ရသည်။ သို့သော် မိမိနိုင်ငံက သစ်တစ်ပင်ကို တခြားနိုင်ငံ ရောင်းချခြင်းကိုတော့ မပြုလုပ်သင့်ပါ။ ဒါကို အခြေအနေ အရဟု ဆင်ခြေပေးလို့ မရ။ ထိုကဲ့သို့သာ ဆင်ခြေပေးမည် ဆိုလျှင် ကျွန်တော်တို့ ‘မြန်မာလူမျိုး’ ဆိုတာပင် ရှိတော့မည် မဟုတ်။ အားလုံး ရောင်းစားခံရလို့ နိုင်ငံ အမည်တောင် ပျောက်ချင်းမလှ ပျောက်သွားဦးမည်။ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် မိမိ နိုင်ငံကိုတော့ သူများလက် မရောက်အောင် တတ်နိုင်သမျှ ကာကွယ်ထားရမှာပါပဲ။ ထိုကဲ့သို့ ကာကွယ်သည့် အရာတွေထဲမှာ သစ်တောတွေ၊ မြစ်တွေ၊ ချောင်းတွေ၊ သဘာ၀ သယံဇာတတွေ အားလုံး ပါဝင်ပါသည်။ ကျွန်တော်တို့ အသက်တွေ ဆုံးရှုံးသွားသည်အထိ ကျွန်တော်တို့ နိုင်ငံ၏ ရေမြေတောတောင် မှန်သမျှကို ထိန်းသိမ်းထားရဦးမည်သာ။ပြောရလျှင် နောက်ဆုံး ထွက်သက်အထိ ကျွန်တော်တို့ သစ်ပင်တွေကို ဖက်တွယ် ထားရမှာပါပဲ။ ကျွန်တော်တို့ မသေသမျှ သစ်ပင်တွေ ရှင်သန်စေရမည်။ ကျွန်တော်တို့ သေမှ သစ်ပင်တွေ သေမည်ဟူသော စိတ်ထားမျိုး ဘယ်အချိန်ကျမှ ထားနိုင်ကြပါမည်နည်းဟု နေပူပူအောက်က အခန်းကျဉ်းလေးထဲမှာ ထိုင်ပြီး စာပူပူ တစ်ပုဒ်ကို စိတ်ပူပူနှင့် ရေးထုတ်လိုက်မိပါသည်။










