ဂဠုန်ဆရာစံနှင့် သတင်းလောက

ဂဠုန်ဆရာစံနှင့် သတင်းလောက
Published 2 March 2016

၂၀၁၄ ခုနှစ် မတ် ၂ ရက်က The Daily Eleven တွင် ပါရှိခဲ့သော (ဆရာတင်နိုင်တိုး)၏ ဆောင်းပါးကို ပြန်လည်ဖော်ပြအပ်ပါသည်။ဆရာစံ၏ဘဝ■ ဆရာစံသည် ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် သရက်ကန်အရှေ့ရွာဇာတိ တောင်သူလယ်သမားကြီး ဦးကျေးနှင့် ဒေါ်ဖက်တို့မှ မွေးဖွားသော သားသမီး ငါးယောက်အနက် အငယ်ဆုံးဖြစ်သည်။■ ဦးကျေးနှင့် ဒေါ်ဖက်တို့၏ သားသမီးငါးယောက်မှာ (၁) ဦးရာကြူး၊ (၂) ဦးရာဒန်၊ (၃) ဒေါ်အေးမြင့်၊ (၄) ဒေါ်အေးဆင့်နှင့် (၅) ဦးရာကျော် ခေါ် ဆရာစံ ဖြစ်သည်။■ ဆရာစံသည် ဖြူးမြို့နယ် ငါးခေါင်းအင်းရွာသို့ ရောက်ရှိ၍ မကြာမြင့်မီ မိမိကဲ့သို့ပင် မိမိဇာတိဒေသ၏ မိုးခေါင်ရေရှားသောဒဏ်ကို မခံနိုင်သဖြင့် ယာဉ်ခြင်းရွာမှ ငါးခေါင်းအင်းကျေးရွာ သို့ရောက်ရှိလာသော ဒေါ်ကေနှင့် တွေ့ဆုံအကြောင်းပါကြပြီးနောက် မစိန်နှင့် ကိုဘိုးသင်း အမည်ရှိသော သားသမီးနှစ်ယောက်ကို ဖွားမြင်ခဲ့လေသည်။၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာတွင် ဖြစ်ပွားခဲ့သော ဂဠုန်ဆရာစံ ဦးဆောင်သည့် တောင်သူလယ်သမားအရေးတော်ပုံသည် နယ်ချဲ့အင်္ဂလိပ်တို့၏ အပြင်းအထန်နှိမ်နင်းမှုကြောင့် ရှုံးနိမ့်ခဲ့ရပြီး အရေးတော်ပုံအား ဦးဆောင်ခဲ့သူ ဂဠုန်ဆရာစံမှာလည်း ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ဂဠုန်ဆရာစံနှင့် ထိုခေတ်ကာလ သတင်းလောကအကြောင်းကို အောက်ပါအတိုင်း စိတ်ဝင်စားဖွယ်တွေ့ရှိရသည်။အေပီသတင်းဌာနမှ ထုတ်ပြန်ချက်အေပီသတင်းဌာန (Associated Press, A P) ၏ (၁၀-၇-၁၉၃၁) ရက်စွဲပါ သတင်းထုတ်ပြန်ချက်တွင် “ရန်ကုန်-ပြည် မီးရထားလမ်းပေါ်တွင် တည်ရှိသော သာယာဝတီမြို့၏ အရှေ့တောင်ဘက်တွင်ရှိသည့် ကျေးရွာများတွင် (၂၂-၁၂- ၁၉၃၀) ညတွင် ပထမဆုံး ပုန်ကန်ပေါက်ကွဲမှု ဖြစ်ခဲ့ပါသည်။ သူပုန်ထမှုတွင် အမှန်တကယ် ခေါင်းဆောင်သူမှာ ဆရာစံဖြစ်ပါသည်။ ၎င်းမှာ မြန်မာမင်းများတပ်ဖွဲ့တွင် စစ်သားအများအပြား စုဆောင်းရရှိရာ၊ မင်းလောင်းများ ပေါ်ထွက်ရာ၊ သူပုန်ခေါင်းဆောင်များ ပေါက်ဖွားရာ ရွှေဘိုခရိုင်ဇာတိဖြစ်ပြီး ဆရာစံက ၁၉၂၈ ခုနှစ်မှစ၍ သူပုန်ထရန် ရည်ရွယ်ချက်ရှိခဲ့သည်ဟု သဘောရရှိသော်လည်း ၁၉၃၀ ပြည့်နှစ်ကျမှ ၎င်းက သာယာဝတီတွင် အခြေချနေထိုင်ခဲ့သည်” စသည်ဖြင့် ရေးသားဖော်ပြထားသည်။အစိုးရ၏ သဘောထားကိုလည်း အေပီသတင်းက “သဿမေဓခွန် ကောက်ခံခြင်းကို မုန်းတီးခြင်းအပေါ် ဆရာစံက အမြတ်ထုတ်ခဲ့ခြင်း ဖြစ်သော်လည်း သူပုန်ထကြွခြင်းသည် အစိုးရကို ဖြုတ်ချရန် တိတိကျကျ ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံရေး အခြေခံကြောင်း အစိုးရက သတ်မှတ်ပါသည်” ဟူ၍ ဖော်ပြခဲ့သည်။သတင်းထောက်များဂဠုန်ဆရာစံ တောင်သူလယ်သမား အရေးတော်ပုံ ဖြစ်ပွားစဉ် ရန်ကုန်မြို့မှ သတင်းထောက်အချို့ သာယာဝတီသို့ နေ့စဉ်သွားရောက် သတင်းယူခဲ့ကြရသည်။ ထိုအထဲတွင် ထင်ရှားသော သတင်းထောက်အချို့မှာ ဦးပုကလေး၊ ဦးစိန်၊ မစ္စတာဂျက်တာဂျီတို့ ဖြစ်ကြသည်။ သာယာဝတီတွင် သတင်းများကို လိုက်လံစုံစမ်းကြရပြီး နေ့လယ်၌ ရာဇဝတ်မင်းကြီး ဝဲလ်ဘုန်းထံမှ သတင်းယူရ၏။ ဝဲလ်ဘုန်းက သတင်းများကို အင်္ဂလိပ်လို ပြောပြရာ သတင်းထောက်များက လိုက်လံမှတ်သား ကြရသည်။ ဤတွင် သူရိယသတင်းထောက် ဦးပုကလေးမှာ အင်္ဂလိပ်စကား မတတ်သော်လည်း အကင်းပါးသူ ဖြစ်သဖြင့် ရိပ်ဖမ်းသံဖမ်း နားလည်သလောက် နားလည်၏။သတင်းစာမှသတင်းတစ်နေ့တွင် တောင်သူလယ်သမားများ တစ်ပွဲထိုး ကွမ်းယာမန်းစားလျက် တစ်ရှိန်ထိုး တက်လာကြရာ စစ်ပုလိပ်များ ပစ်ခတ်သော်လည်း သေနတ်ထိမှန်ခြင်း မရှိခဲ့ကြပေ။ သို့ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ကြရာ စစ်ပုလိပ် တပ်ခွဲတစ်ခုလုံးနီးပါး ပြုတ်သွားပြီး သေနတ်များပင် မယူနိုင်တော့ဘဲ ထွက်ပြေးကြရသည်။ ရာဇဝတ်မင်းကြီး ဝဲလ်ဘုန်းက ထိုအကြောင်းကို သတင်းထောက်များအား ပြောပြကာထည့် မရေးဖို့ဆိုသည်။ ဦးပုကလေးက တောင်သူလယ်သမားများ စက်သေနတ်ပင်ပြီးသည့် အကြောင်းထည့်ရေးသည်။ သို့ဖြင့် အာမခံ ငွေတစ်သောင်း တင်လိုက်ရသည်။ထိုအတောအတွင်း၌ပင် ပြည်ခရိုင် ရာဇဝတ် ဝန်ဇေဗီးယားက တိုက်ပွဲတွင် ကျသွားသော တောင်သူလယ်သမား ၁၆ ဦး၏ ဦးခေါင်းများဖြတ်ကာ သူ့ရုံးရှေ့စားပွဲထက်တွင် လူအများမြင်အောင် ပြသထားပုံကို ဦးပုကလေးက ဦးကံကြီးအား ဓာတ်ပုံရိုက်စေပြီး အင်္ဂလိပ်တို့၏ ရက်စက်ပုံ အကြောင်းဆိုကာ သတင်းစာထဲ ထည့်ဖြစ်အောင် ထပ်ထည့်သည်။

ဂဠုန်ဆရာစံအား ဖမ်းဆီးရမိကြောင်း သူရိယသတင်းစာပါ သတင်းရိုက်တာ သတင်းထောက်၏ ပြောပြချက်တောင်သူလယ်သမား အရေးတော်ပုံ ကာလအတွင်း ရိုက်တာကြေးနန်း သတင်းထောက် မစ္စတာချက်တာဂျီ (မြန်မာအခေါ် ချက်ကြီး) သည် သာယာဝတီသို့ နေ့စဉ်သွားရောက် သတင်းယူခဲ့ရသည်။ နောက်ပိုင်းလမ်းပန်း ဆက်သွယ်ရေး မကောင်းတော့သဖြင့် ထို၌သွားရောက် နေထိုင်ခဲ့ရသည်။ မစ္စတာ ချက်တာဂျီက ဗြိတိသျှတို့ သတ္တိနည်းပုံကို ပြောပြရာတွင် မြို့ထဲသို့ သူပုန်များလာတိုက်မည် သတင်းကြားသည်နှင့် သူပုန်နှိမ်နင်းရေး မင်းကြီးရော ပုလိပ်အရာရှိများပါ အိန္ဒိယစစ်တပ် စခန်းချရာ နေရာသို့ ပြောင်းရွှေ့သွားကြတော့ကြောင်း ဆိုပါသည်။ သတင်းထောက် နှစ်ဦးသာ ဗိုလ်တဲတွင် ကျန်ရစ်ခဲ့သည်ဆို၏။ထို့နောက် မစ္စတာ ချက်တာဂျီက “ဆရာစံနေတဲ့ အလံတောင်ထိပ်က သူပုန်စခန်းကို စစ်တပ်ကတိုက်တော့ အဲဒီမှာ တိုင်ကပ်နာရီ မျိုးစုံ၊ ကော်ဇောတွေ၊ ငွေဖလားတွေ အများကြီး တွေ့တယ်တဲ့။ ဒါပေမဲ့ စစ်သားတွေက စခန်းတစ်ခုလုံးကို မီးရှို့ပြီး မြန်မြန်ပြန်လာကြတာဆိုတော့ အားလုံးပြာဖြစ်ကုန်တာပဲ။ သူပုန်အလံ တစ်ခုပဲ သူတို့နဲ့ ပါလာတယ်” ဟု ပြောပြသည်။ဆရာစံကို ဖမ်းမိခြင်းဂဠုန်ဆရာစံသည် ဖားရွှေကျော်တိုက်ပွဲ နောက်ပိုင်း ရှမ်းပြည်နယ်ဘက်သို့ တိမ်းရှောင်ခဲ့ရပြီးနောက် ၂ သြဂုတ် ၁၉၃၁ တွင် လမ်းပြဦးဖိုးကာ၏ သစ္စာဖောက်မှုကြောင့် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဆရာစံအား နောင်ချိုအချုပ်ထောင်သို့ ပို့ထားခဲ့သည်။ ဆရာစံအား ဖမ်းဆီးရမိသည့် သတင်းကို (၄-၈- ၁၉၃၁) ရက်စွဲပါ သူရိယ သတင်းစာတွင် သတင်းဖော်ပြခဲ့သည်။ရတနာသီဟ သတင်းစာမှ တွေ့ဆုံမှုဆရာစံကို နောင်ချိုမှတစ်ဆင့် သြဂုတ် ၄ ရက်တွင် သီပေါအချုပ်ထောင်သို့ အစောင့်အရှောက်နှင့် ပေးပို့ခဲ့သည်။ ထိုစဉ်သီပေါမြို့တွင် ငါးရက်တစ်ကြိမ်ကျ ထုတ်ဝေနေသော ရတနာသီဟ သတင်းစာမှ အုပ်ချုပ်မှုအယ်ဒီတာ ဆရာမြင့်က သီပေါစော်ဘွားမှ တစ်ဆင့်ခွင့်ပန်ကာ ဆရာစံအား ဝင်ရောက်တွေ့ဆုံ ဖြစ်ခဲ့သည်။ယင်းသို့တွေ့ဆုံစဉ် ဆရာစံက မိမိသည် မတရားသဖြင့် အခွန်အတုတ်များ ကောက်ခံပြီး တိုင်းသူပြည်သားများအား ဖိနှိပ်ချုပ်ချယ်နေသော အင်္ဂလိပ် အစိုးရကို မြန်မာပြည်မှ တိုက်ထုတ်ရန် ဂဠုန်တပ်ဖွဲ့များကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ သတ်မှတ်ထားသော အချိန်တွင် မြန်မာတစ်ပြည်လုံး အမြို့မြို့ အနယ်နယ်မှ တစ်ချိန်တည်း ထကြွတော်လှန် ပုန်ကန်ကြရန် အစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း၊ သို့သော် လက်အောက်ငယ်သားများက အချိန်မရောက်မီ ထကြွပုန်ကန်ခဲ့သည့်အပြင် အချို့နေရာများတွင် မတရားခိုးယူ လုယက် ဓားပြတိုက်မှုနှင့် အမျိုးသမီးများကိုပါ ဖျက်ဆီးကြသည့်အတွက် ပြည်သူလူထုက မေတ္တာပျက်၍ သစ္စာဖောက်ဖျက်သူများ၏ ဒဏ်ကို မိမိခံရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ဂဠုန်ဆရာစံ၏ ဆုတောင်းဂဠုန်ဆရာစံက သူ့အနေဖြင့် “အခုဘဝမှာ လူမျိုးခြားလက်အောက်မှ မလွတ်မြောက်ပေမယ့် နောက်ဘဝမှာ လွတ်မြောက်ရမယ်။ ကျုပ်က ဘုရားရှိခိုးပြီး ဆုတောင်းတဲ့ အခါမှာတောင် လူမျိုးခြားလက်အောက်မှ လွတ်မြောက်ရပါလို၏လို့သာ ဆုတောင်းတယ်” ဟူ၍ ရတနာသီဟ သတင်းစာ အုပ်ချုပ်မှုအယ်ဒီတာ ဆရာမြင့်အား ပြောပြခဲ့သည်။နယ်ချဲ့အင်္ဂလိပ်တို့က ဂဠုန်ဆရာစံကို သီပေါတွင် ကြာရှည်မထားဘဲ ၁၄ သြဂုတ် ၁၉၃၁ ညတွင် ရန်ကုန်မှတစ်ဆင့် မီးရထားဖြင့် စစ်ပုလိပ်များ အထပ်ထပ် စောင့်ကြပ်လျက် သာယာဝတီထောင်သို့ ပို့ခဲ့သည်။ကြိုးပေးခံရပုံသတင်းဂဠုန်ဆရာစံအား သာယာဝတီ အကျဉ်းထောင်အတွင်း ကြိုးပေးခဲ့ပုံကို (၂၉-၁၁-၁၉၃၁) ရက်စွဲပါ သူရိယ သတင်းစာတွင် “သူပုန်ခေါင်းဆောင် ဆရာစံအား ယခု နိုဝင်ဘာ လ ၂၈ ရက်နေ့ကပင် သာယာဝတီ ထောင်ကြီးအတွင်း၌  ကြိုးပေး၍ သတ်လိုက်ပြီဖြစ်ကြောင်း၊ ဆရာစံ ကယ်ဆယ်ရေးအတွက် ရန်ပုံငွေ ကောက်ခဲ့သော်လည်း ငွေလုံလောက်စွာ ရသဖြင့် ဘိလပ်သို့ အယူခံမဝင်နိုင်ဟု ကြားသိရကြောင်း၊ သို့ရာတွင် ကယ်ဆယ်ရေးအဖွဲ့၏ လုံ့လကြောင့် ဆရာစံမှာ ပထမ ကန့်သတ်ထားသောရက်တွင် အသတ်မခံရဘဲ ရတနာသုံးပါးကို ဦးထိပ်ထား၍ ရက်အတော်ကြာ လူ့ပြည်လောကတွင် နေသွားရသေးသည်မှာ ဆရာစံအတွက် အမြတ်ဟု ဆိုရမည်ပင်ဖြစ်ကြောင်း” ဟူ၍ ရေးသားဖော်ပြထားသည်။ဂဠုန်ဆရာစံ၏ နောက်ဆုံးနေ့များဆရာစံ သာယာဝတီထောင်သို့ ရောက်ရှိလာခဲ့ပုံကို သူ၏တပည့်ဖြစ်သူ နှစ်ရှည်လများ ထောင်ဒဏ်ကျခံခဲ့ရသူ ဂဠုန်တပ်သားဟောင်းကြီး တစ်ဦးက ပြန်လည်ပြောပြခဲ့ပုံကို ဆရာကျော်မြသန်းက မှတ်တမ်းတင်ခဲ့သည်။ ယင်းတပ်သားဟောင်းကြီးက ဆရာစံ ထောင်တွင်းသို့ ရောက်ရှိလာစဉ် ထောင်အရာရှိ၊ ဝါဒါများက အော်လားဟစ်လား လုပ်ကြသော်လည်း ဆရာစံက မည်သို့မျှမတုံ့ ပြန်ခဲ့ကြောင်း၊ အရေးလည်းမစိုက်ကြောင်း၊ တပည့်များနှင့် တွေ့စဉ်၌မူ ရင်းနှီးသော လုပ်ဖော်ကိုင်ဘက်များ အကြောင်းကို မေးမြန်းခဲ့ကြောင်း၊ မည်သူမည်ဝါ ကျဆုံးသွားကြောင်း ပြောပြသောအခါ ဆရာစံ မျက်စိမျက်နှာ ပျက်သွားကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားသည်။ထို့နောက် “နောက်ဆုံး အလံတောင်တိုက်ပွဲ အကြောင်းမေးလို့ ပြန်ပြောတဲ့အခါ ဆရာစံဟာ မျက်ရည်တောင် ကျရှာတယ်။ လယ်သမား သူပုန်ကြီးမှာ ပါဝင်သူတွေရဲ့ သေဆုံးပုံတွေ အညှဉ်းဆဲခံရလို့ အတိဒုက္ခ ရောက်ပုံတွေ ပြန်ပြောတဲ့အခါ တောင်ညိုဘက်ကို မျှော်မှန်းကြည့်နေတဲ့ ကြေကွဲဝမ်းနည်းမှု အရိပ်အယောင်တွေဟာ ဘယ်လိုမှ ဖုံးကွယ်လို့မရဘူး” ဟူ၍ ပြောကြားခဲ့ကြောင်း ဆရာမြသန်းတင့်က သူ၏ “ကြိုးတိုက်ထဲမှ ဆရာစံဘဝနှင့် ထောင်မှတ်တမ်းများ” ဆောင်းပါးတွင် ဖော်ပြထားသည်။ကျမ်းကိုး၁။ ကျွန်တော်သတင်းထောက် (လူထုဦးလှ)၂။ နယ်ချဲ့တော်လှန်ဆရာစံ (ဝိဇ္ဇာဘွဲ့ရ ရဲထွဋ်လှ)