ရှေ့သွားနောက်လိုက်

ရှေ့သွားနောက်လိုက်
Published 26 February 2016
သန်းထိုက် (သာကေတ)

သတို့သားနဲ့ သတို့သမီးက ရှေ့သွား နောက်လိုက် ညီလိုက်တာလို့ မင်္ဂလာပွဲလာ ပရိသတ်တွေက ပြောတာ ကြားဖူးကြမှာပါ။ မင်္ဂလာပွဲ ပရိသတ်က သတို့သားနဲ့ သတို့သမီးတို့ရဲ့ လှပတင့်တယ် ကျက်သရေရှိတဲ့ အမူအရာ သွင်ပြင်ကြောင့်လား၊ နေနဲ့လ ရွှေနဲ့မြလို အရောင်အဝါ တောက်ပတာ တန်ဖိုးရှိတာ လိုက်ဖက်ညီလို့လား၊ ဒါမှမဟုတ် ဂုဏ်ခြင်းထပ်၊ မျိုးခြင်းမြတ်ကြလို့လား၊ တတ်သိလိမ္မာ ယဉ်ကျေးသိမ်မွေ့တာချင်း ထပ်တူညီလို့လား ဆိုတာတော့ ကြည့်သူမြင်သူ မှတ်ချက်စကား ပြောသူရဲ့ ထင်မြင်ယူဆချက်ပေါ် မူတည်ပါတယ်။ ပွဲလာ ပရိသတ်များစွာထဲမှာ လူအမျိုးမျိုး အတန်းအစား စုံလင်လှတာမို့ အတွေးအမြင် ခံယူချက်တွေက တူမှာ မဟုတ်ပါဘူး။အရောင် တလက်လက် လျှံထွက်နေတဲ့ စိန်ရောင်မြရောင်ကို ကြိုက်နှစ်သက်သူက တဖျိုးဖျိုး တဖျတ်ဖျတ် လင်းလက်တာကို အာရုံကျပြီး ထင်မြင်ချက်ပေးမှာ ဖြစ်သလို အပေါ်ယံ ရွှေမှုန်ကြဲ ရုပ်အဆင်း လှပခြင်းကို စွဲလန်းတတ်သူကလည်း ကိုရီးယား မင်းသား မင်းသမီးနဲ့ တင်စား သတ်မှတ်ကြမှာပါပဲ။ တချို့ကျတော့လည်း သတို့သား သတို့သမီးနောက်က လှမ်းကြွလာတဲ့ အမိအဖ ဆွေမျိုးသားချင်းများရဲ့ ပုံရိပ်ကို လှမ်းမျှော်ကြည့်ကြပြီးမှ သူတို့နဲ့ အကြိုက်ချင်း သဘောချင်း တူတဲ့အခါ ပြောကြပါတယ်။ မညီရင် မတူရင်တော့ တစ်မျိုးအမည် မှတ်ချက်ရေးကြမှာပါ။ သတို့သား သတို့သမီး ဖြတ်လျှောက်တဲ့ ခဏမှာ ထိုင်ကြည့်၊ ရပ်ကြည့်၊ ငေးကြည့်သူ အားလုံးရဲ့ စိတ်ထဲမှာ ရှေ့သွား နောက်လိုက် ညီတယ်လို့ တွေးထင်သူ၊ အသွင်မတူ မကြည်ဖြူလို့ တစ်မျိုးမြင်သူတွေနဲ့ ရောထွေးယှက်ထင် မှတ်တမ်းတင်တတ်တာက မြန်မာတို့ရဲ့ မင်္ဂလာပွဲ အခမ်းအနားတွေမှာ အစဉ်အလာ တစ်ခုပါပဲ။ဘယ်လိုပင် မှတ်ချက်ပြုကြပါစေ။ ရှေ့သွားနောက်လိုက် ညီမညီ ဆိုတာ အချိန်က အဖြေထုတ်ပေးမှာပါ။ ထိုအဖြေကသာ အတိအကျ အမှန်ကန်ဆုံး ဖြစ်ပါတယ်။ရှေ့သွားနောက်လိုက် ညီတိုင်းလည်း မကောင်းပါဘူး။ ရှေ့သွားသူကောင်းတာ သေချာမှ နောက်လိုက်သူတွေကောင်းတာမှာ ကောင်းသော ရှေ့နောက်ညီခြင်း ဖြစ်မှာပါ။ ရှေ့သွားသူက အပြောမကောင်း အလုပ်မကောင်း၊ အကြံအတွေး မကောင်းတာကို နောက်လူတွေက လိုက်တုလိုက်ညီနေမယ် ဆိုရင်တော့ မကောင်းကျိုးတွေသာ ဖြစ်လာမှာပါ။ ရှေ့ဆောင်သွားသူရဲ့ အတွေးအကြံ အလုပ်ကောင်း မကောင်း၊ သင့်မသင့်ကို နောက်ကလူတွေက မျက်စိစုံမှိတ် လိုက်နေမယ့်အစား ဝေဖန်ဆန်းစစ် စဉ်းစားဆင်ခြင်ခြင်းနဲ့ လိုက်တာ အကောင်းဆုံး ဖြစ်ပါတယ်။ဆင်သွားပြီး ဖြစ်လာတဲ့ လမ်းကို ရှေ့မကြည့် နောက်မကြည့်ဘဲ လိုက်နေမယ်ဆိုရင် မျက်စိပါပေမယ့် မကြည့်သူ၊ မမြင်သူ ဆင်ကန်းတောတိုးသူသာ ဖြစ်ပါလိမ့်မယ်။ ရှေ့ဆောင်သွားတဲ့ ဆင်ကြီးက သူစိတ် သူ့အာရုံမှာ မှန်တယ်၊ ကောင်းတယ်လို့ ထင်မြင်ယူဆတဲ့အတိုင်း လျှောက်ပေမယ့် သူရွေးချယ်တဲ့ လမ်းက အန္တရာယ်ကင်းတဲ့ လမ်း၊ ချောမွေ့ပြေပြစ်တဲ့ လမ်း၊ ဆူးငြောင့်ခလုတ်ကင်းတဲ့ လမ်း၊ မြေမြှုပ်မိုင်းတွေ ရှင်းတဲ့လမ်း ဖြစ်ချင်မှ ဖြစ်မှာပါ။ သူက ခလုတ်မထိ ဆူးမငြိပေမယ့် နောက်က လိုက်သူတွေ ခလုတ်တိုက်ချင် တိုက်မယ်။ ဆူးစူးချင် စူးလိမ့်မယ်။ အန္တရာယ်နဲ့လည်း ကြုံချင် ကြုံနိုင်ပါတယ်။ တစ်ဦးတစ်ယောက်တည်းနဲ့ မဆိုင်ဘဲ အများနဲ့ အဖွဲ့အစည်းနဲ့ ပြည်သူနဲ့ ပတ်သက်တဲ့ ကိစ္စများဆိုရင် ပိုပြီး သတိရှိဖို့ လိုပါတယ်။ အဆင်မပြေရင် အများဒုက္ခရောက်မယ့် အဖြစ်နဲ့ ကြုံနိုင်ပါတယ်။လမ်းသစ်ထွင် လမ်းသစ်ဖောက်သူတွေက လမ်းမကောင်း လမ်းမပြောင်းရင် နောက်တစ်လမ်းကို ထပ်ဖောက်ဖို့ ရွေးချယ်ဖို့ အခွင့်အရေး ရှိပါတယ်။ အချိန်လုပ်အားနဲ့ ငွေကုန်တာပဲ ရှိမှာပါ။ နိုင်ငံ တည်ဆောက်ပြုပြင်ရေး ကိစ္စမျိုးမှာတော့ စမ်းတဝါးဝါးနဲ့ လမ်းရှာသလိုမျိုးလုပ်လို့ မဖြစ်နိုင်ပါဘူး။ အချိန်လုပ်အားနဲ့ ငွေကုန်ရုံသက်သက် မဟုတ်ပါဘူး။ နိုင်ငံနဲ့ လူမျိုးအကျိုးစီးပွား ဆုံးရှုံးရမှာဖြစ်ပြီး ထိုဆိုးကျိုး တရားများကို ပြန်လည် အဖတ်ဆယ်နိုင်ဖို့ ပြည်လည်ရရှိဖို့ဆိုတာ ရချင်မှလည်း ရမယ်။ ရနိုင်တယ် ဆိုရင်တောင်မှ အချိန်နဲ့ ရင်းနှီးမှု များစွာ ပေးဆပ်ရပါလိမ့်မယ်။ ကမ္ဘာနဲ့ မြန်မာသမိုင်းမှာ ရှေ့သွားနောက်လိုက် ညီခဲ့လို့ ကောင်းတာတွေ ရှိသလို ဆုံးရှုံးမှု ကြီးမားတဲ့ မကောင်းတာတွေလည်း ရှိခဲ့ပါတယ်။အာဏာရှင်စနစ် ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ အာဏာရှင်နဲ့ နောက်လိုက်တို့ဟာ အလွန်ပဲ ရှေ့သွားနောက်လိုက် ညီကြပါတယ်။ ခြစားတဲ့ နိုင်ငံတစ်ခုမှာလည်း အဂတိတရားနဲ့ တရားဥပဒေဟာ အလွန်ပဲ လိုက်ဖက်ညီပါတယ်။ ရှေ့က အာဏာရှင် လျှောက်တဲ့လမ်းကို နောက်လိုက်တွေက တစ်သဝေမတိမ်း လိုက်ကြရပါတယ်။ အာဏာရှင်စနစ် ကျင့်သုံးတဲ့ နိုင်ငံမှာ အာဏာရှင်နဲ့ နောက်လိုက်တို့ဟာ မပြောင်းလို့ မညီလို့လည်း မဖြစ်ပါဘူး။ အာဏာရှင် လျှောက်သောလမ်းနဲ့ နည်းနည်းချွတ်ချော် တိမ်းစောင်းသွားမယ်ဆိုရင် နောက်ကလူက ပြင်ပါတယ်။ အဲ့ဒီအခါ အာဏာရှင်ကို သတင်းပို့ပါလိမ့်မယ်။ ဒီအခါ သူ့အနေနဲ့ လမ်းကြောင်းပေါ်က ဖယ်ထုတ်ခံရမှာပါပဲ။ ဒါကတော့ အာဏာရှင်နိုင်ငံနဲ့ ဒီမိုကရေစီ စစ်စစ် မဖြစ်သေးတဲ့ နိုင်ငံတွေမှာ ကြုံရတဲ့ နည်းပါပဲ။ အနီးစပ်ဆုံး အနေနဲ့ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေမှာ မြင်တွေ့ရပါတယ်။စတာလင်ခေတ်မှာ ရုရှားလူမျိုးတို့ များစွာ ဆင်းရဲကျပ်တည်းတဲ့အပြင် ကြောက်ရွံ့မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ကြုံရပါတယ်။ ဒါပေမဲ့ ရုရှားပြည်သူတွေ ဆင်းရဲဒုက္ခ ခံစားနေရတာကို စည်းစိမ်သုခ ခံစားနေရသယောင်၊ ပြည်သူတွေက စတာလင်ကို ကျေးဇူးရှင်သဖွယ် ကိုးကွယ်အားထားနေကြသယောင် ပညာရှင်တွေကို အမွှမ်းတင် ရေးဖွဲ့စေခဲ့ပါတယ်။မြန်မာ့သမိုင်းမှာ ရှေ့သွားနောက်လိုက် ညီခဲ့လို့ နိုင်ငံနဲ့ လူမျိုး ကောင်းကျိုးဖြစ်ထွန်းခဲ့တာ ရှိသလို ဒုက္ခဆင်းရဲ ကြုံရတာလည်း ရှိပါတယ်။ အာဏာရှင်တွေနဲ့ နောက်လိုက်တို့မှာ ရှေ့သွားနောက်လိုက် ညီခဲ့လို့ တိုင်းပြည် ဆင်းရဲဒုက္ခ ရောက်ရတာတွေ ရှိပါတယ်။ ဒါကြောင့် ရှေ့သွားနောက်လိုက်ညီတိုင်းလည်း မှန်တာ၊ ကောင်းတာ၊ အကျိုးရှိတာ မဖြစ်နိုင်ကြောင်း မြန်မာ့သမိုင်းက သက်သေခံပါတယ်။ရှေ့သွားနောက်လိုက်ညီလို့ ကောင်းတာတွေလည်း ရှိပါတယ်။ ယုံကြည်ကိုးကွယ်ရာ အစစ်အမှန် မဖြစ်တဲ့ အရည်းကြီးနဲ့ နတ်ကိုးကွယ်မှုကို တိုက်ဖျက်ဖို့ ပြည်သူတွေ လမ်းမှန်ရောက်ဖို့ ဦးဆောင်ခဲ့သူ ရှင်အရဟံနဲ့ အနော်ရထာမင်းကြီးတို့ နောက်မှာ မှူးကြီးမတ်ရာနဲ့ ပြည်သူတွေ ဖြောင့်ဖြောင့်လိုက်ခဲ့လို့ ထေရဝါဒဗုဒ္ဓဘာသာ စစ်စစ်ကို ရရှိ ခံစားနိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်များနောက်ကို ပြည်သူတွေ ဖြောင့်ဖြောင့်လိုက်ခဲ့လို့ သူ့ကျွန်ဘဝမှ လွတ်မြောက်ခဲ့ပါတယ်။ အာဏာရှင် ဆန့်ကျင်ရေး ဦးဆောင်လှုပ်ရှားသူများ နောက်ကို ပြည်သူတွေ ညီညာစွာ လိုက်ခဲ့ကြလို့ ဒီမိုကရေစီ စနစ်ဆီ ဦးတည်နိုင်ခဲ့ပါတယ်။‘ဉာဏ်သာလျှင် ရှေ့သွားရှိ’ ဆိုစကား ရှိပါတယ်။ အသေမဦးခင် ဉာဏ်ဦးကြဖို့ ဆရာတော်တို့ကလည်း တိုက်တွန်းပြောဆိုလေ့ ရှိပါတယ်။ ကိုယ့်နေ့စဉ် ပြုမူပြောဆို ကြံစည်သမျှရဲ့ ရှေ့မှာ အသိဉာဏ်ပညာ ဦးစီးဖို့ ဆိုလိုတာပါ။ ဉာဏ်ဆိုတာ သိသင့်သိထိုက်တာကို သိခြင်း ဖြစ်ပါတယ်။ ဝိဇ္ဇာရဲ့ ဆန့်ကျင်ဘက် အဝိဇ္ဇာကတော့ သိသင့်သိထိုက်တာကို မသိခြင်း၊ မသိသင့် မသိထိုက်တာကို သိခြင်းပဲ ဖြစ်ပါတယ်။ ဝိဇ္ဇာနဲ့ အဝိဇ္ဇာဉာဏ်နဲ့ နောက်မှာ ကိုယ်နှုတ်စိတ်တို့က ပြုသောကံများက ထိုက်ပါတယ်။ ထိုအကြောင်းတရားများနောက်က အကျိုးတရား လိုက်ပါတယ်။ သိသင့် သိထိုက်တာကို သိတဲ့ဉာဏ်က ရှေ့ဆောင်လျှင် ပြုသင့်ပြုထိုက်တာများကို ပြုမိမှာပါ။ ထိုအခါ ကောင်းကျိုးချမ်းသာက အကျိုးပြုပါလိမ့်မယ်။မိမိရဲ့ အသိဉာဏ် ဆင်ခြင်တုံတရားများနဲ့ အရာရာကို ဝေဖန်ဆင်ခြင်ပြီးမှ ကိုယ့်လျှောက်တဲ့ လမ်းကို ရွေးချယ်တာ၊ နောက်က လိုက်တာဟာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ကိုယ်ရွေးတဲ့လမ်း လျှောက်တဲ့လမ်းဟာ ချစ်ခြင်း၊ မုန်းခြင်း၊ မျှော်လင့်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ရရှိခြင်း၊ လက်လွှတ်ဆုံးရှုံးရခြင်းများကို လျစ်လျူရှုနိုင်၊ ဥပေက္ခာပြုနိုင်ပြီး နိုင်ငံနဲ့ ပြည်သူအတွက် လမ်းမှန်လမ်းကြောင်းကိုသာ ရွေးချယ်စေချင်ပါတယ်။ ကိုယ်လျှောက်သော လမ်းဟာ သူနဲ့ငါဆိုသော အစွန်းနှစ်ဖက် လွတ်ကင်းတဲ့ ပြည်သူ့လမ်းသာ ဖြစ်စေချင်ပါတယ်။ မိမိနဲ့ ပြည်သူအကျိုးသာ ရှေ့သွားနောက်လိုက်ညီဖို့ အရေးကြီးကြောင်း ရေးသားလိုက်ရပါတယ်။