၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဗြိတိသျှ ကိုလိုနီ အဖြစ်မှ လွတ်လပ်ရေးရပြီးနောက် ဖဆပလ အစိုးရသစ် ပေါ်ပေါက်လာသည်။ ဖဆပလ အစိုးရသစ် ဆိုသည်မှာ မြန်မာနိုင်ငံတွင် လွတ်လပ်ရေး တိုက်ပွဲနှင့် အတူ မွေးဖွားလာသော ဖဆပလ အဖွဲ့ကြီးမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရလာသောအခါ ပြည်သူ တစ်ရပ်လုံးက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်တော်ကြီးများဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဖဆပလ အစိုးရသစ် ပေါ်ပေါက်လာသောအခါ သူ့ကျွန်ဘဝက ဆိတ်သုဉ်းခဲ့သော ပြည်သူ့တို့၏ အခွင့်အရေးတွေ ရရှိလာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။ နယ်ချဲ့စနစ်နှင့် ဖက်ဆစ်စနစ်တို့မှ ရုန်းထွက်လာသော ပြည်သူများဖြစ်၍ အခွင့်အရေးများနှင့်အတူ တာဝန်များ ရှိလာမည်ကိုလည်း မသိဘဲ မနေကြပါ။ သို့သော် မြန်မာပြည်သူတို့သည် သူ့ကျွန်ဘဝမှ လွတ်မြောက်ခဲ့ကြပြီဟု သမိုင်းအရ ဆိုနိုင်သော်လည်း “သခင်မျိုးဟေ့ တို့ဗမာ” ဆိုသည်မှာ ကြွေးကြော်သံသာ ရှိ၍ သခင်ဘဝသို့ကား မရောက်ခဲ့ကြရရှာပါ။မြန်မာနိုင်ငံ လွတ်လပ်ရေးရသော နှစ်မှာပင် ဗြိတိသျှတို့ပေးသော လွတ်လပ်ရေးကို စီးပွားရေးအရ မလွတ်လပ်ဟု သတ်မှတ်ကာ ဗမာပြည် ကွန်မြူနစ်ပါတီက ဖဆပလ အစိုးရကို တော်လှန်ပုန်ကန်ရန် တောခိုခဲ့သည်။ အခြား အဖွဲ့အစည်း တော်တော်များများလည်း တောခိုခဲ့ကြရာ “ရောင်စုံသူပုန် ထသောခေတ်” ဟု သမိုင်းဆရာများက ရေးကြသည်။ မြန်မာ့လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်မီး စတင်တောက်လောင်ခဲ့ပြီး ဖဆပလ အစိုးရသစ်သည် လွတ်လပ်စ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းတည်ငြိမ်ရေးကို ကောင်းစွာ မဆောင်ရွက်နိုင်ခဲ့။ ဒီမိုကရေစီခေါ် ပြည်သူ့အုပ်ချုပ်ရေးကို လျှပ်စီးလက်သလို ခဏသာ မြင်တွေ့ခဲ့ရပြီး ပြန်လည်ပျောက်ကွယ်သွားတော့သည်။ ရောင်စုံ သူပုန်တို့ကြောင့် ဖဆပလ အသစ်၏ အာဏာစက်မှာ “ရန်ကုန် အစိုးရ” ဟု ခေါ်ခံရလောက်အောင် တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့ရသည်။ ၁၉၅၈ ခုနှစ်ကို ‘အိမ်စောင့်အစိုးရ လက်ထက်’ ဟု ဆိုကြသည်။ ၁၉၆၀ ပြည့်နှစ်တွင် အိမ်စောင့်အစိုးက ကမကထပြုကာ ရွေးကောက်ပွဲ ပြန်လည်ကျင်းပေးခဲ့သည်။ ရွေးကောက်ပွဲမတိုင်ခင် ဖဆပလ အဖွဲ့ကြီးမှာ သန့်ရှင် ဖဆပလနှင့် တည်မြဲ ဖဆပလဟူ၍ နှစ်ခြမ်းကွဲခဲ့သည်။ သန့်ရှင်း ဖဆပလက ရွေးကောက်ပွဲနိုင်ပြီးသော အခါ ပြည်ထောင်စုပါတီဟု အမည်ပြောင်းခဲ့သည်။ ဤသို့ဖြင့် ဝန်ကြီးချုပ် ဦးနု ခေါင်းဆောင်သော ပြည်ထောင်စုပါတီ (ပထစ) အစိုးရသစ် ဖွဲ့နိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင်ကား ပြည်ထောင်စု ပြိုကွဲမည့် အရေးကို အကြောင်းပြကာ တပ်မတော်က နိုင်ငံတော်အာဏာကို လုံးလုံး သိမ်းလိုက်တော့သည်။တပ်မတော်သည် တော်လှန်ရေးကောင်စီဖွဲ့ကာ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရ အမည်ဖြင့် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းလိုက်သည်။ စစ်အစိုးရဟုသာ ကမ္ဘာက ကင်ပွန်းတပ်ခဲ့သည်။ တော်လှန်ရေး အစိုးရ နာမည်ပိုကြီးရသည့် အကြောင်းမှာ ၁၉၆၂ ခုနှစ် ဇူလိုင်လတွင်ပင် လွတ်လပ်ရေး တိုက်ပွဲများနှင့် ယှဉ်၍ သမိုင်းအစဉ်အလာ ကြီးမားသော ရန်ကုန်တက္ကသိုလ် သမဂ္ဂအဆောက်အအုံကို ဗုံးခွဲကာ ဖြိုဖျက်ခဲ့၍ဖြစ်သည်။ ယနေ့တိုင် ဗုံးခွဲ ဖျက်ဆီးခိုင်းသူ လက်သည်အစစ် မပေါ်ခဲ့တော့။ တော်လှန်ရေး အစိုးရ တက်လာခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။ မအောင်မြင်။ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများကို ပြည်သူပိုင် သိမ်းခဲ့သည်။ တော်လှန်ရေး အစိုးရသစ်သည် တရားမဝင် ပါတီအားလုံးကို ဖျက်သိမ်းကာ မြန်မာ့ဆိုရှယ်လစ် ပါတီကို ထူထောင်ခဲ့သည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ် ရေးဆွဲ အတည်ပြုကာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက အစိုးရသစ် ဖွဲ့ခဲ့ပြန်သည်။မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသည် ဆိုရှယ်လစ်စနစ်ကို မြန်မာ့နည်း၊ မြန်မာဟန်နှင့် ရေးဆွဲ၍ တိုင်းပြည်အုပ်ချုပ်မည် ဆိုကာ ကြွေးကြော်သံတွေနှင့် ပွဲထွက်လာသော အစိုးရသစ် ဖြစ်သည်။မဆလ အစိုးရ တစ်ခေတ်လုံး ကျောင်းသားအရေးအခင်း၊ အလုပ်သမား အရေးအခင်း၊ ဦးသန့် အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်း စသဖြင့် အရေးအခင်းပေါင်း များစွာ ဆက်တိုက်လိုလို ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံသည်လည်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်း ဝင်သွားခဲ့သည်။ မဆလ အစိုးရကိုလည်း တစ်ပါတီ အာဏာရှင် အစိုးရအဖြစ် ကမ္ဘာက သတ်မှတ်ကြသည်။ မဆလ အစိုးရသည် ဘက်ပေါင်းစုံမှ အကျပ်အတည်များကို ပိုမို ရင်ဆိုင်လာရရင်း ၁၉၈၈ ခုနှစ်တွင် မြန်မာပြည်သူ တစ်ရပ်လုံး ပါဝင်သည့် အထွေထွေ သပိတ်ကြီးကြောင့် ၂၆ နှစ်ကြာ အုပ်စိုးခဲ့သည့် မဆလ အစိုးရလည်း ပြုတ်ကျသွားခဲ့သည်။၁၉၈၈ ခုနှစ်ကား မြန်မာ့သမိုင်း၌ အရှုပ်ထွေးဆုံး သမိုင်းဝင်နှစ် ဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် လူထုအုံကြွမှုကို တပ်မတော်မှ လက်နက်နှင့် ဖြေရှင်းလိုက်ပြီး နိုင်ငံတော်၏ အာဏာ အရပ်ရပ်ကို သိမ်းယူခဲ့သည်။ တပ်မတော်ခေါင်းဆောင်များ ပါဝင်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အစိုးရသစ် ပေါ်ပေါက်လာပြန်သည်။ သို့သော် နိုင်ငံတကာတော့ စစ်အစိုးရဟု သမုတ်ခဲ့သည်။ စစ်အစိုးရသည် နဝတ အစိုးရကို နအဖ အစိုးရဟု နာမည်ထပ်ပြောင်းကာ ‘ပိုနေမြဲ၊ ကျားနေမြဲ’ အနေအထားနှင့် ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ နှစ်ပေါင်းနှစ်ဆယ်ကျော် အုပ်ချုပ်ခဲ့သည်။၁၉၈၈ ခုနှစ် စစ်အစိုးရ တက်ခါစက ပါတီများ တည်ထောင်ခွင့်ပေးကာ ရွေးကောက်ပွဲများ ကျင်းပပေးမည်။ တက်လာသော အရပ်သား အစိုးရကို အာဏာလွှဲပေးပြီး စစ်တပ်က စစ်တန်းလျားများသို့ ပြန်မည်ဟု ကာကွယ်ရေးဦးစီးချုပ်က ကတိပေးခဲ့သည်။ တကယ်လည်း ၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီ ပါတီက မဲအပြတ်အသတ်နှင့် အနိုင်ရသော အခါကျမှ အာဏာလွှဲရန် အဆင့်သင့် မဖြစ်သေးဟု ဆိုကာ စစ်အစိုးရက အာဏာမလွှဲခဲ့။စစ်အစိုးရကလည်း ထင်ရှားသော ဆန့်ကျင်သူများကို ကောင်းကောင်းနှိပ်ကွပ်ခဲ့သည်။ ပြည်တွင်း၌ အားကောင်းသော အတိုက်ခံပါတီဆို၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) သာရှိရာ စစ်အစိုးရက နည်းအမျိုးမျိုးဖြင့် ပါတီနှင့် ပါတီခေါင်းဆောင်များကို သိက္ခာချ၊ ထောင်ချ၊ ပါတီဝင်များလည်း ဖမ်းဆီး၊ ထောင်ချ...စသဖြင့် အလွတ်မပေးဘဲ နှိပ်စက်ခဲ့သည်။ NLD ပါတီမှသာ မဟုတ်။ အစိုးရ ဆန့်ကျင်သူ မည်သူမဆို စိမ်းစမ်းကျက်ကျက် အရေးယူခဲ့သည်။ ပြည်သူတွေကလည်း ဖိနှိပ်လွန်းလျှင် အုံကြွ ဆိုသကဲ့သို့ နည်းပေါင်းစုံနှင့် ဆန့်ကျင်ခဲ့သည်။ရွှေဝါရောင် တော်လှန်ရေးဟု နာမည်ကြီးသော ဘုန်းတော်ကြီးများ ဦးဆောင်သည့် အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုမှာလည်း စစ်အစိုးရ၏ အပြင်းအထန် နှိပ်ကွပ်ခြင်းကို ခံရသည်။ ဝန်းရံပြည်သူတွေလည်း ဒုက္ခရောက်ကြရသည်။ သက်တော်ဝါတော် ကြီးမားသည့် စာတတ်ပေတတ် ဘုန်းတော်ကြီးများပင် လူဝတ် အလဲခံရကာ ထောင်တန်းများ ကျကြရသည်။ ထောင်တွင်း၌ အရက်စက် ခံခဲ့ကြရသည်။ ဤကဲ့သို့ ထွေးလုံးရစ်ပတ်နေလာရင်း စစ်အစိုးရက ကမကထလုပ်ကာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ၁၀ နှစ် ၁၀ မိုးမက ရေးဆွဲသည်။ စစ်အစိုးရကပင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကြီးကိုလည်း အကွက်ကျကျ ကြိုတင်ဖွဲ့စည်းခဲ့သည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို အတည်ပြုခဲ့သည်။၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲတွေ ပေါ်လာသည်။ အရွေးချယ်ခံ ကိုယ်စားလှယ်တွေ ပေါ်လာသည်။ လွှတ်တော်ကြီးတွေ ပေါ်လာသည်။ အစိုးရ အဖွဲ့သစ်၌ ကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စစ်ဝတ်စုံချွတ်ကာ အရပ်ဝတ်စုံ လဲဝတ်ထားသော သူတွေ ဖြစ်နေသည်။ ရွေးကောက်ပွဲ မတိုင်မီ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ပါတီအသွင်ပြောင်း ရယူခဲ့ခြင်းပင်ဖြစ်သည်။ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အစိုးရသစ် ဖွဲ့စည်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များထဲတွင် ရွေးကောက်ပွဲ ရွေးချယ်ခံ မဟုတ်ဘဲ စစ်တပ်က ၂၅ ရာခိုင်နှုန်း အလိုလျောက် ပါဝင်ခဲ့သည်။ ခရိုနီများကလည်း အစိုးရ၏ အရိပ်သဖွယ် ဆက်လက် သက်ဆိုးရှည်ခဲ့ကြလေသည်။အစိုးရသစ်သည် တက်တက်ချင်း တရုတ်၏ စီးပွားရေး လွှမ်းမိုးမှု ပြယုဂ်တစ်ခုဖြစ်သော ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို ယာယီရပ်တန့်ပေးခဲ့သည်။ စာနယ်ဇင်း လွတ်လပ်ခွင့် ရှိစေရန် စာပေစိစစ်ရေး အဖွဲ့ကို ပယ်ဖျက်ပေးခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးရရန် ဆောင်ရွက်ခဲ့သည်။ စီးပွားရေးဆိုင်ရာ မူဝါဒတချို့ကို လျှော့ချပေးခဲ့၏။ နိုင်ငံရေး ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ခဲ့သည်။ နိုင်ငံတော်၏ ဖွံ့ဖြိုးရေး လုပ်ငန်းများ၌ အသုံးပြုရန်အတွက် ဆိုကာ နိုင်ငံခြား တိုင်းပြည်များမှ ငွေကြေးများ ချေးငှားခဲ့သည်။ အမေရိကန်နှင့် EU တို့မှ စီးပွားရေး ပိတ်ဆို့မှုများကို ပွင့်သွားအောင် ဆောင်ရွက်ခဲ့သည်။ဤသို့ဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လက်ရှိ အစိုးရသည် ငါးနှစ်သက်တမ်း ကုန်ဆုံးတော့မည်။ နောက်အစိုးရသစ် ရွေးကောက်တင်မြှောက်ရန် အချိန်ရောက်လာသည်။ ရွေးကောက်ပွဲ ကော်မရှင်က လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရမည်ဟု အာမခံကာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် နောက်အစိုးရသစ်အတွက် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့သည်။ အခု ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် အစိုးရဖွဲ့နိုင်သည်အထိ ပြည်သူတို့၏ မဲအပြတ်အသတ်ဖြင့် အနိုင်ရှိခဲ့သည်။သို့သော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသည် အစိုးရသစ်ဖွဲ့ကာ ယခင်အစိုးရသစ် အဆက်ဆက် ထားခဲ့သော ဆိုးမွေများကိုလည်း ကုစားရပေလိမ့်ဦးမည်။ ဘယ်လို ဆိုးမွေတွေလဲ။အကြမ်းဖျင်း ပြောရလျှင်တော့ အစိုးရ အဆက်ဆက် သစ်တောနှင့် သယံဇာတတွေ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်း၊ လယ်သိမ်းယာသိမ်း ပြဿနာများ မဖြေရှင်းနိုင်ခြင်း၊ ဒေသခံ ပြည်သူများ သဘောမတူသော စီမံကိန်းများ ဆောင်ရွက်ခြင်း၊ ဒေသတွင်း ဆင်းရဲမွဲတေမှု နံပါတ် ၁ ဖြစ်နေခြင်း၊ သဘာ၀ ဘေးအန္တရာယ် ကျရောက်မှု အဆိုးဆုံးနိုင်ငံ ၁၀ နိုင်ငံတွင် နံပါတ် ၂ ဖြစ်နေခြင်း၊ နိုင်ငံရေး အကျဉ်းသားများ ရှိနေခြင်း၊ ဘိန်းစိုက်ပျိုးမှု ဆိုးရွားလာခြင်း၊ အဂတိလိုက်စားမှု များပြားလာခြင်း၊ တရားဥပဒေ စိုးမိုးမှု မရှိခြင်း၊ အလုပ်သမား ပြဿနာများ မထိန်းနိုင်ခြင်း၊ ပညာရေးစနစ် နိမ့်ကျခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ လူငယ်များ အနာဂတ် ပျောက်ဆုံးခြင်းများ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ခဲ့သော်လည်း လက်မှတ်မထိုးသော အချို့အဖွဲ့များနှင့် တိုက်ပွဲများဖြစ်ကာ စစ်ပြေးဒုက္ခသည် အရေအတွက် မြင့်တက်လာခြင်း... စသည့် ဆိုးမွေများပင် ဖြစ်သည်။အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာပြီ ဆိုလေတိုင်း။










