ပထမဦးဆုံး အသက်စတေးခံ ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်မွေးနေ့ နှစ် (၁၀၀) ပြည့် အခမ်းအနားကို ၎င်း၏မွေး ရပ်မြေ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့ နယ်၊ မဲဇလီကုန်းဒေသ၌ ဖေဖော်ဝါရီ ၂၆ ရက်တွင် စတင်ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။“ဗိုလ်အောင်ကျော်ဇာတိ ရုံးဇင်ကျေးရွာက သူ့ရဲ့နေအိမ်ခြံဝင်းထဲမှာ မှော်ကွန်းကျောက်စာတိုင်နှင့် ပြခန်းကို ၂၆ ရက် မနက်ပိုင်းမှာ ဖွင့်မှာပါ။ ကရင် ဒုံးယိမ်းအကတွေလည်း ပါပါမယ်။ ရုံးဇင်ရွာရဲ့ အိုးလုပ်ငန်းနဲ့ မုန့်ဟင်းခါး လုပ်ငန်းကိုလည်း ပြသမှာပါ။ ရွာကလုပ်တဲ့ ကျွဲအကပြီးတော့ ဗိုလ်အောင်ကျော်ဂုဏ်ပြု သံချပ်ဖျော်ဖြေမှုလည်း ပါဝင်မှာပါ။ ဗိုလ်အောင်ကျော် ပုံတူရုပ်တုဖွင့်ပွဲကိုတော့ ၂၆ ရက် ညနေ ၆ နာရီခွဲမှာ မဲဇလီကုန်းမြို့၊ ဗိုလ်အောင်ကျော် ခန်းမရှေ့မှာ ကျင်းပပြုလုပ်မှာပါ။ ပြီးရင် စာပေဟောပြောပွဲရှိပါမယ်။ နှစ် ၁၀၀ ပြည့်ဖြစ် တဲ့ ၂၇ ရက်နံနက်မှာတော့ ဗိုလ်အောင်ကျော်ကို ရည်စူးကုသိုလ်ပြုမှုအနေနဲ့ သံဃာအပါး ၁၀၀ ကျော်ကို အရုဏ်ဆွမ်းလောင်းပါမယ်။ ပြီးရင် ကျောင်းသားသမဂ္ဂအဖွဲ့တွေက ရုံးဇင်ရွာကနေ မဲဇလီကုန်းမှာရှိတဲ့ ဗိုလ်အောင်ကျော်ရုပ်တုရှေ့ကို ချီတက်မှာပါ။ အဲဒီနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ပေးပို့တဲ့ သဝဏ်လွှာနဲ့ တခြားသဝဏ်လွှာတွေ ဖတ်တာ၊ ကဗျာရွတ်တာ၊ သီချင်းဆိုတာတွေ ဆောင်ရွက်ကြမှာပါ”ဟု ရာပြည့်ကော်မတီဝင် ကိုစန်းညွန့်က ပြောကြားသည်။“PEN MYANMAR ORGANIZA- TION ရသအစုံအဆန်ဆိုတဲ့ Program ရှိမယ်။ PEN MYANMAR က စာရေးဆရာတွေ လာကြမယ်။ သူတို့နဲ့အတူ ကိုလံဘီယာက ပြဇာတ်နဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ လာလုပ်နေတဲ့အဖွဲ့ ပူးပေါင်းတင်ဆက်မှာပါ။ ဗိုလ်အောင်ကျော်ဘဝနှင့် အနုပညာဆိုတဲ့ ပြခန်းကိုလည်း ဖွင့်လှစ်ထားမှာပါ။ ဗိုလ်အောင်ကျော်ရဲ့ သမိုင်းဝင်ဓာတ်ပုံတွေ၊ မှတ်တမ်းတွေ၊ သူကိုယ်တိုင်ရေးတဲ့ ကဗျာတွေ၊ တေးထပ်တွေ၊ လက်ရေးစာမူတွေပြပါမယ်။ ချောက်ချားခဲ့ရသော သက္ကရာဇ်များလို့ အမည်ပေးထားတဲ့ ကျွန်တော့်ရဲ့ လက်ရာသစ်တစ်ခုလည်း ပါမယ်။ သုခုမခရီးသည်အဖွဲ့ကလည်း ဗိုလ်အောင်ကျော်ရဲ့ဝတ္ထုလေးရှိတယ်။ လူငယ်တစ်ယောက်ဆိုတာ။ အဲဒါကို ဆရာမြမြင့်မိုရ်က ဇာတ်ညွှန်းရေးထားတာလေးကို သူတို့ပြန်ပြီး အသက်သွင်းမယ်။ ဖျော်ဖြေရေးအရ တေးဂီတစင်လည်း ရှိမယ်”ဟု ပွဲစီစဉ်သူ အနုပညာရှင် ကိုထိန်လင်းက ပြောကြားသည်။မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးအပါဆုံး လူထုလှုပ်ရှားမှုဖြစ်သည့် ၁၃၀၀ ပြည့် အရေးတော်ပုံကြီးတွင် အသက်ကိုပေးလှူခဲ့သူ ကျောင်းသားခေါင်းဆောင်နေ မျိုးသီဟသူရဘွဲ့ခံ ဗိုလ်အောင်ကျော် (၁၉၁၆ -၂၀၁၆)နှစ် ၁၀၀ ပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲကို ၎င်း၏ဇာတိ မဲဇလီကုန်းဒေသ၌ ဖေဖော် ဝါရီ ၂၆ ရက်နှင့် ၂၇ ရက် နှစ်ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်မွေးနေ့ နှစ် (၁၀၀) ပြည့်အခမ်းအနား ၎င်း၏မွေးရပ်မြေ မဲဇလီကုန်းဒေသ၌ ယနေ့စတင်ကျင်းပမည်















