တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌအား ငြိမ်းစုစီပုဒ်မ ၁၈ နှင့် ဖမ်းဆီးစဉ် လက်ထိတ်ခတ် ဖမ်းဆီးခဲ့မှုမှာ လူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေး ချိုးဖောက်ဆောင်ရွက်ခဲ့ရာကျသဖြင့် ပြင်ဦးလွင်မြို့မ စခန်းမှူးဒုရဲမှူး ကျော်ဝင်းအား အရေးယူပေးပါရန် ပြင်ဦးလွင်ခရိုင် တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုကို ဒုခရိုင်တရားသူကြီး ဦးခင်မောင်ထွေးက ပယ်ချခဲ့ကြောင်း သိရသည်။မစုစုနွေးအား ဖမ်းဆီးစဉ် လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်ရေးဖြစ်သော လက်ထိတ်မခတ်ရန် တောင်းဆိုခဲ့သော်လည်း လက်ထိတ်ခတ် ဖမ်းဆီးခဲ့ကြောင်း၊ အမျိုးသမီးများ နာမကျန်းဖြစ်သူများ၊ ထွက်မပြေးနိုင်သော ဂုဏ်သရေရှိသူတွေကို လက်ထိပ်ခတ်ခြင်းမှ ရဲကျင့်ထုံးတွင် ကင်းလွတ်ခွင့်ပေးထားကြောင်း၊ ထိုအရာများကို မျက်ကွယ်ပြုဆောင်ရွက်ခဲ့သော စခန်းမှူးကို ဥပဒေအရ အရေးယူပေးပါရန် မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ မြို့နယ်တရားရုံးက ပယ်ချခဲ့သဖြင့် ခရိုင်ရုံးသို့ လျှောက်ထားခဲ့ခြင်းကို လက်ခံခဲ့ခြင်းဖြစ်သည်။သို့သော် ခရိုင်တရားရုံးကလည်း အောက်ရုံးဖြစ်သော မြို့နယ်တရားရုံး၏ အမိန့်သာ အတည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒုရဲမှူးကျော်ဝင်းကို အရေးယူပေးရန် တိုင်ကြားမှုကို ပယ်ချ သည့် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ပြင်ဦးလွင်မြို့ ဧဒင်မိုတယ်တွင် ဒီဇင် ဘာ ၆ ရက်က မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌ မစုစုနွေး၊ ခင်ပွန်းဖြစ်သူ ၈၈ မျိုးဆက်ကိုမာကီးနှင့် တောင်သူလယ်သမားများ သမဂ္ဂအဖွဲ့ဝင်များ၊ စိတ်ပါဝင်စားသူတို့ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲအပြီး မစုစုနွေးကို ၂၀၁၄ ခုနှစ်က စွဲဆိုထားသော ပုဒ်မ ၁၈ အတွက် ပြင်ဦးလွင် မြို့မရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။၂၀၁၄ ခုနှစ် ဇွန်လအတွင်းက မစုစုနွေး ဦးဆောင်သည့် တောင်သူ ၁၅၀ ဦးခန့်သည် ငြိမ်းချမ်းစွာ စုဝေးစီတန်း လှည့်လည်ခြင်းတွင် ခွင့်ပြုချက်မရှိဘဲ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၁)၊ ရွှေမြင်တင် ဘုရားညံတောကွင်းမှ စတင်၍ မြို့တွင်း လှည့်လည်ခဲ့ကြောင်း၊ အဆိုပါ လှည့်လည်မှုနှင့် ပတ်သက်၍ ဦးဆောင်သူ မစုစုနွေးကို ပြင်ဦးလွင်မြို့မရဲစခန်းတွင် (ပ) ၁၂၂/၂၀၁၄၊ ငြိမ်းစု/စီပုဒ်မ ၁၈ ဖြင့် ပြင်ဦးလွင်မြို့နယ် တရားရုံး၌ ငြိမ်းစုစီပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ထို့နောက် ဒီဇင်ဘာ ၇ ရက် ရုံးချိန်းတွင် မစုစုနွေးကို ပုဒ်မ ၁၈ ဖြင့် စွဲဆိုထားသော အမှုအတွက် ပြင်ဦးလွင်မြို့နယ် တရားသူကြီး ဒေါ်သီတာမျိုးသန့်က အချုပ်လွတ်ထုချေခွင့် အာမခံပေးခဲ့ပြီး မစုစုနွေးအပြင် တောင်သူရှစ်ဦးကိုလည်း ပုဒ်မ ၁၈ ဖြင့် ပင်တရားစွဲဆို ထားရာ မစုစုနွေးအား ရုံးချိန်းလာရောက်ခြင်းမှ ကင်းလွတ်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
မစုစုနွေးအား ဖမ်းဆီးစဉ် လူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေး ဖောက်ဖျက်ဖမ်းဆီးခဲ့သည့် စခန်းမှူးအား အရေးယူပေးရန်တိုင်ကြားမှု ပြင်ဦးလွင် ဒုခရိုင်တရားသူကြီး ဦးခင်မောင်ထွေး ထပ်မံပယ်ချ















