ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသတွင် ဘုရားစေတီငါးဆူမှအပ တက်ရောက်ခွင့်မပြုကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ပြန်လည်ပြင်ဆင်ထုတ်ပြန်

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသတွင် ဘုရားစေတီငါးဆူမှအပ တက်ရောက်ခွင့်မပြုကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ပြန်လည်ပြင်ဆင်ထုတ်ပြန်
Published 24 February 2016
ထက်ရှိုင်း

ယဉ်ကျေးမှုဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် မတ် ၁ ရက်မှစ၍ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ဘုရားပုထိုး၊ စေတီ၊ ပစ္စယာများပေါ်သို့ တက်ရောက်ခွင့်မပြုကြောင်း ဖော်ပြချက်ပါသတင်းကို ပြန်လည်ရုပ်သိမ်းပြီး သတ်မှတ်ထားသော ဘုရားစေတီ ငါးဆူမှ အပ တက်ရောက်ခွင့်မပြုကြောင်း ပြင်ဆင်၍ အဆိုပါဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၃ ရက် က ပြန်လည် သတင်းထုတ်ပြန်ခဲ့သည်။မတ် ၁ ရက်မှစ၍ ပုဂံယဉ်ကျေးမှုအမွေအနှစ် ဒေသရှိ ဘုရားပုထိုး၊ စေတီ၊ ပစ္စယာများပေါ်သို့ တက်ရောက်ခွင့်မပြုကြောင်း သတင်းကို ဖေဖော်ဝါရီ ၂၂ ရက်က ထုတ်ပြန်ဖော်ပြခဲ့ခြင်း ဖြစ်သည်။အဆိုပါ ပြင်ဆင်ထုတ်ပြန်ချက်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနသည် ခရီးသွားကုမ္ပဏီများနှင့် ဧည့်လမ်းညွှန်များ၏ ပန်ကြားချက်များအရ ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများအနက် နေဝင်ချိန် မြင်ကွင်းကောင်းမွန်သည့် ရွှေဆံတော်၊ ပြဿဒ်ကြီး၊ တောင်ဂူနီ၊ မြောက်ဂူနီ၊ သစ္စာဝတီဟူသည့် ဘုရားငါးဆူ၏ ပစ္စယာများပေါ်သို့ ပြည်တွင်းပြည်ပ ဧည့်သည်များကို တက်ရောက်ရန်အတွက် ခွင့်ပြုပေးခဲ့ကြောင်း ဖော်ပြပါရှိသည်။ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ဘုရား၊ ပုထိုး၊ စေတီ၊ အုတ်ကျောင်းစသည့် ရှေးဟောင်းအဆောက်အအုံများ ၃၀၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံသားများ အားလုံးနှင့် သက်ဆိုင်နေသည့် ယဉ်ကျေးမှုအမွေအနှစ် ဒေသတစ်ခုလည်း ဖြစ်သည်။အချို့သော လာရောက်လည်ပတ်သူတို့သည် သတ်မှတ်သောနေရာထက် ကျော်လွန်၍ အခြား ဘုရားပစ္စယာများပေါ်တွင် ယဉ်ကျေးမှုအရ ဘုရားစေတီများကို အဂါရဝဖြစ်စေခြင်း၊ အရက်၊ ဘီယာသောက်၍ တက်ခြင်း၊ အဂါရဝဖြစ်စေသော ဝတ်စားဆင်ယင်မှုများ ဝတ်ဆင်ခြင်း၊ ကခုန်ခြင်း၊ အိပ်စက်ခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းစသည့် ပြုမူဆောင်ရွက်မှုများ ပြုလုပ်လာကြသည်ကို လူမှုကွန်ရက်များတွင် ဖော်ပြမှုအရလည်းကောင်း၊ သတင်းပေးပို့သည့် ဓာတ်ပုံများအရ လည်းကောင်း သိရကြောင်း၊ ဖေဖော်ဝါရီ ၂၁ ရက်က အမေရိကန်နိုင်ငံသားတစ်ဦးသည် ညဉ့်အချိန်မတော် ရွှေဂူကြီးဘုရား ပစ္စယာပေါ်သို့ တက်ရောက်ခဲ့ရာ ပြုတ်ကျခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ထို့ပြင် ဘုရားပစ္စယာများပေါ်၌ တွယ်ဖက် ဓာတ်ပုံရိုက်ကူးမှုများကြောင့် စိန်တောင်များ၊ တံတိုင်းမုခ်တိုင်များ ပျက်စီးမှုများရှိခဲ့ကြောင်း၊ ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများသည် နှစ်ပေါင်းကြာမြင့်ပြီး ခံနိုင်ရည်လျော့နည်းလာသည့်အပြင် လူအင်အား အရေအတွက်များစွာ တက်ရောက်ခြင်းများကြောင့် ဘုရားများ ပျက်စီးမှုအန္တရာယ်၊ လူများ ထိခိုက်မှုအန္တရာယ်များ ဖြစ်လာကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန၏ ပြန်လည်ပြင်ဆင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။UNESCO နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနဌာနတို့အကြား Heritage Impact Assessment (HIA) အလုပ်ရုံဆွေးနွေးပွဲတွင် ဘုရားစေတီများပေါ်သို့ လူများတက်ရောက်ခြင်းကို ထိန်းသိမ်းရန် လိုအပ်ကြောင်း ကောက်နုတ်ချက်အဖြစ် ဆွေးနွေးခဲ့ကြသည်။                    

Most Read

Most Recent