တရားမဝင် နယ်စပ်ဖြတ်ကျော်သည်ဟုဆိုကာ တရားစွဲခံထားရသည့် ရွှေဝါရောင်လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သူ ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင်၏ ရုံးချိန်း၌ တရားလိုသက်သေ ဒုရဲမှူးအပါအဝင် သုံးဦးကို စစ်ဆေး

တရားမဝင် နယ်စပ်ဖြတ်ကျော်သည်ဟုဆိုကာ တရားစွဲခံထားရသည့် ရွှေဝါရောင်လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သူ ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင်၏ ရုံးချိန်း၌ တရားလိုသက်သေ ဒုရဲမှူးအပါအဝင် သုံးဦးကို စစ်ဆေး
Published 23 February 2016
(မန္တလေး)

ရွှေဝါရောင်လှုပ်ရှားမှုတွင် ဦးဆောင်ခဲ့သူ ဦးဂမ္ဘီရ(ခေါ်) ဦးညီညီလွင်အား  တရားမဝင် နယ်စပ်ဖြတ်ကျော်သည်ဟုဆိုကာ မဟာအောင်မြေ တရားရုံး၌ လဝကအက်၁၃(၁) ဖြင့် စွဲဆိုထားရာ တရားလိုသက်သေ ဒုရဲမှူးကြည်စိုးအပါအဝင် သုံးဦးကို စစ်ဆေးခဲ့ကြောင်း ဖေဖော်ဝါရီ၂၃ရက်ရုံးချိန်းမှ သတင်းရရှိသည်။ဦးဂမ္ဘီရ (ခေါ်) ဦးညီညီလွင်အား အမှုဖွင့်ထားသည့် အမှတ် (၉) ရဲစခန်းမှူး ဒုရဲမှူး ကြည်စိုး၊ ဒုတပ်ကြပ်ဘမော်၊ ဒုတပ်ကြပ် ဇော်လတ်တို့ကို နှစ်ဖက်ရှေ့နေများမှ အပြန်အလှန် မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ဦးညီညီလွင်သည် ရွှေဝါရောင် အရေးအခင်းတွင် ဦးဆောင်ခဲ့သဖြင့် အဖမ်းခံခဲ့ရပြီး အကျဉ်းထောင်အတွင်း ရခဲ့သော ဒဏ်ရာများကြောင့် ထောင်မှ လွတ်မြောက်လာသော်လည်း ဦးနှောက်အတွင်း ငှက်ဖျားပိုးဝင်ရောက်ခဲ့ရာ ဦးခေါင်းခွဲစိတ်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ရကြောင်း၊ ဆက်လက်၍လည်း ဆေးစစ်မှုများ အဆက်မပြတ် ပြုလုပ်နေရသဖြင့် အမှုအတွက် အချုပ်လွတ်ထုချေခွင့် အာမခံပေးရန် ယခင်ရုံးချိန်းက လျှောက်ထားခဲ့ရာ တစ်ဖက်ဥပဒေအရာရှိက ယခုအချိန်တွင် အကျဉ်းထောင်အတွင်း ဆေးကုသခွင့် ရရှိနေပြီဖြစ်သောကြောင့် အာမခံ လျှာက်ထားမှုကို ကန့်ကွက်ခဲ့ကြောင်း၊ ထို့နောက် မဟာအောင်မြေမြို့နယ် တရားသူကြီး ဦးသိန်းဝင်းက ဦးညီညီလွင်မှာ ရောဂါဝေဒနာ ခံစားနေရပြီး ပြင်ပအထူးကုဆေးခန်းဆရာဝန်များနှင့် ပြသရန်လိုအပ်ကြောင်း ထောက်ခံစာများ တင်သွင်းခဲ့ခြင်း မရှိဟုဆိုကာ အာမခံ လျှောက်ထားမှုကို ပယ်ချခဲ့သည်။ဆေးထောက်ခံစာများ မပါရှိ၍ ပယ်ချခဲ့သောကြောင့် လိုအပ်သော စာရွက်စာတမ်းများဖြင့် အာမခံ ထပ်မံလျှောက်ထားခဲ့ပြီး လာမည့် မတ် ၁ ရက်တွင် အာမခံလျှောက်ထားမှုကို အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရသည်။ဦးဂမ္ဘီရ(ခေါ်)ဦးညီညီလွင်နှင့် ဇနီးဖြစ်သူ Mrs. Farnce Marie Linda တို့သည် ဇန်နဝါရီ ၁၉ ရက် ၁၂ နာရီခန့်က မိတ္ထီလာမြို့၊ ရတနာမာန်အောင်ရပ်ကွက်တွင် တည်းခိုနေရာမှ နယူးမြန်မာယာဉ်လိုင်းဖြင့် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာအောင်မြေ အရှေ့ရပ်ကွက်၊ လမ်း ၈၀ နှင့် ၄၀ ထောင့်ရှိ ပါဝါဟိုတယ်သို့ တည်းခိုလျက်ရှိကြောင်း သတင်းအရ မြို့နယ်လဝကအဖွဲ့၊ ရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့တို့သည် ဝင်ရောက်စစ်ဆးမှုများ ပြုလုပ်ခဲ့ပြီး ဦးဂမ္ဘီရသည် ၁၆-၁-၂၀၁၆ တွင် တာချီလိတ်မြို့၊ အမှတ်(၁)ချစ်ကြည်ရေး တံတားမှ မယ်ဆိုင်သို့ တရားမဝင်ဖြတ်ကူးခဲ့ခြင်းဖြစ်ကြောင်း၊ ၁၂-၁၁-၂၀၁၃၌ အမှတ် (၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံမယ်ဆိုင်သို့ထွက်ခွာပြီး ချင်းမိုင်မြို့ ဆီပူလင်းဆေးရုံတွင် ဆေးကုသ၍ မြန်မာနိုင်ငံသို့ ပြန်လာခြင်းမရှိဘဲ တရားမဝင်နေထိုင်ခဲ့ကြောင်း စသည်တို့ကို ကျူးလွန်ခဲ့သည်ဟုဆိုကာ မြန်မာနိုင်ငံတွင်းသို့ တရားမဝင် ဝင်/ထွက်သွားလာသဖြင့် ၁၉၄၇ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၂) ကို ကျူးလွန်ကြောင်း စိစစ်တွေ့ရှိခဲ့သဖြင့် ဇန်န ဝါရီ ၂၀ရက် နံနက်တွင် မဟာအောင်မြေမြို့နယ် လဝကဦးစီးမှူး ဦးသောင်းတန်က တိုင်တန်း၍ ဦးဂမ္ဘီရ(ခေါ်)ဦးညီညီလွင်ကို (ပ) ၅၇/၂၀၁၆ လဝကအက် ဥပဒေပုဒ်မ ၁၃(၁) ဖြင့် အမှတ်(၉)ရဲ စခန်းတွင် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။                ယဉ်မျိုးသွယ် 

Most Read

Most Recent