သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများသည် ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် စည်းကမ်းချက်များနှင့်အညီ ဒေသခံတို့၏ သဘောထား ရယူထားခြင်း မရှိသည့်အတွက် အစိုးရသစ်အနေဖြင့် စီမံကိန်းအား ရပ်တန်ပေးရန် ဒေသခံတိုင်းရင်းသားများမှ တောင်းဆိုသည့် ထုတ်ပြန်ချက်တစ်ခုအား ဖေဖော်ဝါရီ ၂၂ ရက်တွင် သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက်မှ ထုတ်ပြန်ခဲ့သည်။အဆိုပါ ထုတ်ပြန်ချက်၌ စစ်အစိုးရလက်ထက်တွင် စတင်ခဲ့သည့် သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာစီမံကိန်းများသည် လက်ရှိ ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း နိုင်ငံသားပြည်သူလူထုသို့ အသိပေးထုတ်ပြန်ကြေညာခြင်းနှင့် ညှိနှိုင်းတိုင်ပင်မှု မရှိဘဲ ဆက်လက် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် တရုတ်ကုမ္ပဏီများ လုပ်ကိုင်ခွင့်ရရှိထားသည့် ရေကာတာစီမံကိန်း ၂၉ ခုရှိသည့်အနက် ၁၈ ခုအား အကောင်အထည်ဖော်နိုင်ရန်အတွက် တရုတ်နိုင်ငံနှင့် သဘောတူညီချက်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ချုပ်ဆိုခဲ့သဖြင့် လာမည့်အစိုးရသစ်နှင့် တိုင်းရင်းသားပြည်သူများကြား သဘောထားကွဲလွဲမှုများကို ဖြစ်စေမည်သာမက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုလည်း ထိခိုက်စေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။“အခုပြောင်းတော့မယ့် အစိုးရက ရက်နည်းနည်းပဲ ကျန်တော့တဲ့အချိန်မှာ တရုတ် နဲ့ ရေကာတာ ၁၈ လုံးကို လက်မှတ်ထပ်ထိုးထားတာ ရှိတယ်။ အဲဒီအတွက် အစိုးရသစ်တစ်ရပ်ဖြစ်လာရင် အရင်အစိုးရသစ်လက်ထက်မှာ လိုက်ပြီးတော့ လုပ်ရမယ့်အနေအ ထားရှိတယ်။ အသစ်တက်လာတဲ့ အစိုးရသစ်က အဲဒီစီမံကိန်းတွေကို အကောင်အထည်ဖော်ရမယ့် အနေအထားဖြစ်လာမယ်ဆိုရင် သွားနေတဲ့ ဒီမိုကရေစီကလည်း အားနည်းလာတာတွေ့ရတယ်။ ရေကာတာစီမံကိန်းတွေ လျာထားတာက တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလည်း ထိခိုက်နိုင်တယ်။ ဒါကို ကျွန်တော်တို့က ကန့်ကွက်တဲ့အနေနဲ့ သဘောထားထုတ်ပြန်တာ ဖြစ်ပါတယ်”ဟု သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက်မှ ကိုစောသာဘိုးက ပြောကြားသည်။သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများအား ရပ်ဆိုင်းရန် အဓိကအကြောင်းအရင်းများသည် လက်ရှိ မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသော ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များသည် ရှိပြီးသား ဆည်၊ ရေကာတာ စီမံကိန်းများနှင့် ဆပ်စပ်နေသည်ကို ပညာရှင်များမှ ထောက်ပြထားကြောင်း၊ သံလွင်မြစ်ဝှမ်းသည် ငလျင်ပညာရှင်များ၏ ရှာဖွေတွေ့ရှိချက်အရ ကြီးမားသော ငလျင်ပြတ်ရွေ့ကြောပေါ်တွင် ဆက်နွှယ်တည်ရှိသောကြောင့် ရေကာတာ တည်ဆောက်ခြင်းသည် များစွာအန္တရာယ်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ထို့ပြင် သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများအနက် အရှေ့တောင်အာရှတွင် အကြီးမားဆုံးစီမံကိန်းဖြစ်သည့် ရှမ်းပြည်နယ်ရှိ မိုင်းတုံရေအားလျှပ်စစ် စီမံကိန်းသည် ရှမ်း၊ ကရင်နီ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေထိုင်ကြသော ဒေသခံတို့၏ အသက်အိုးအိမ် စည်းစိမ်တို့ကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ လက်ရှိတွင် သံလွင်ရေကာတာစီမံကိန်းများကြောင့် ဒေသခံများ၏ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် ဌာနေတိုင်းရင်းသားတို့၏ အခွင့်အရေး ချိုးဖောက်ခံရမှုအပြင် နိုင်ငံသားများအနေဖြင့် နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးနေကြောင်းကို ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ယင်းအပြင် သံလွင်မြစ်စီမံကိန်းများကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကြား ပဋိပက္ခနှင့် တင်းမာမှုများ ပိုမိုဖြစ်စေသည့်အပြင် အစိုးရစစ်တပ်မှ လုံခြုံရေးကို အကြောင်းပြပြီး နယ်မြေများ တိုးချဲ့လာခြင်းကြောင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒေသခံတိုင်းရင်းသားတို့၏ အသက်အိုးအိမ်များကို ဆက်လက်ခြိမ်းခြောက်နေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ဆက်လက်ပြီး အစိုးရက ထုတ်ပေးသည့် ရေကာတာစီမံကိန်း တည်ဆောက်ရေးကို ခွင့်ပြုချက်ပေးသော ပတ်ဝန်းကျင်ဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (Environmental Compliance Cetrificate-ECC) သည် ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် EIA /SIA စည်းကမ်းချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဒေသခံတို့၏ သဘောထားရယူခြင်း မရှိသောကြောင့် ယင်းသက်သေခံ လက်မှတ်တို့အား ယုံကြည်မှုမရှိကြောင်း၊ ထို့ကြောင့် လာမည့်အစိုးရသစ်သည် တိုင်းရင်းသားအခွင့်အရေး အာမခံချက်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုစနစ် ထူထောင်ခြင်းဟူသော ၎င်း၏ ကတိကဝတ်များကို အလေးထားပြီး တိုင်းရင်းသားတို့၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်စေနိုင်သည့် သံလွင်ရေကာတာ စီမံကိန်းများကို ရပ်ဆိုင်းရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်းများသည် ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် ဒေသခံတို့၏ သဘောထားရယူထားခြင်း မရှိသည့်အတွက် အစိုးရသစ်အနေဖြင့် စီမံကိန်းအား ရပ်တန့်ပေးရန် ဒေသခံတိုင်းရင်းသားများ တောင်းဆို















