ကျန်းမာရေးအာမခံကို ယခုဘဏ္ဍာနှစ်ကုန်တွင် လိုအပ်ချက်များနှင့် မူဝါဒပိုင်းဆိုင်ရာများကို ပြန်လည်စိစစ်ကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။“ကျန်းမာရေးအာမခံက အခုလည်း အခြေအနေကောင်းတယ်။ ပေါ်လစီကတော့ အခုလာမယ့် ဧပြီလမှာ သူ့ရဲ့လိုအပ်ချက်တွေ၊ မူဝါဒတွေကို ပြန်စိစစ်ပြီး ပြင်စရာရှိတာကို ပြင်သွားမယ်”ဟု အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ကျန်းမာရေးချို့ယွင်းမှု ဖြစ်ပေါ်ပါက ဆေးရုံတက်စရိတ် တစ်ရက်လျှင် ကျပ်တစ်သောင်းခွဲ ရရှိနိုင်ကာ ၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး စမ်းသပ်ကာလ တစ်နှစ်အနေဖြင့် လုပ်ဆောင်နေကာ လက်ရှိအချိန်တွင် မြန်မာ့အာမခံ အပါအဝင် ပုဂ္ဂလိကအာမခံကုမ္ပဏီ ၁၁ ခုက ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။ကျန်းမာရေးအာမခံ ထားရှိမည့်သူများသည် အသက်ခြောက်နှစ်မှ ၆၅ နှစ်အတွင်း မြန်မာနိုင်ငံအတွင်း နေထိုင်သူများနှင့် မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် လာရောက် တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားသားများပါ ဝယ်ယူထားရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။ကျန်းမာရေးအာမခံကို တစ်နှစ်စာအတွက် ပရီမီယံကြေး တစ်ယူနစ်လျှင် ကျပ် ငါးသောင်းဖြင့် အများဆုံး ငါးယူနစ်အထိ ဝယ်ယူထားနိုင်သောကြောင့် သေဆုံးသည့်အခါ လျော်ကြေးပေးလျော်ရာတွင် တစ်ယူနစ်လျှင် ကျပ် ၁၀ သိန်း အများဆုံးမှာ ငါးယူနစ်ဖြစ်သောကြောင့် ကျပ်သိန်း ၅၀ အထိ ပေးလျော်မည်ဖြစ်ကြောင်း သိရသည်။ယင်း ကျန်းမာရေးအာမခံကို ဝယ်ယူထားရှိသူများအနေဖြင့် ဆေးရုံတက်ရပါက ဆေးရုံတက်စရိတ် ရက် ၃၀ စာအထိ ပေးမည်ဖြစ်ကာ တစ်ရက်လျှင် ကျပ်တစ်သောင်းခွဲ နှုန်းဖြင့်ပေးလျော်မည်ဖြစ်ကြောင်းလည်း သိရသည်။ကျန်းမာရေးအာမခံသည် ပြည်သူများအကြားတွင် အောင်မြင်သည့် အာမခံစနစ် တစ်ခုဖြစ်ပြီး ပြည်တွင်းအာမခံကုမ္ပဏီအချို့မှာ စတင်သတ်မှတ် ရောင်းချသည့်နေ့မှ စတင်ကာ ဝယ်ယူသူ ၁၀၀၀ ကျော် ရောင်းချထားသည့် ကုမ္ပဏီများပင်ရှိနေကြောင်း သိရသည်။ထို့အပြင် ကျန်းမာရေးအာမခံ ဝယ်ယူထားသူသည် ဝယ်ယူသည့် နေ့မှစတင်ကာ တစ်နှစ်အတွင်းသာ အကျုံးဝင်မည်ဖြစ်ပြီး လျော်ကြေးရယူလိုသူများ အနေဖြင့်လည်း သုံးလအတွင်း လျော်ကြေးတောင်းခံရမည် ဖြစ်ကြောင်း သိရသည်။ကျန်းမာရေးအာမခံသည် ၂၀၁၄ ခုနှစ် ဇူလိုင်လအတွင်း စတင်ခဲ့ပြီး တစ်နှစ်ပြည့်ပါက လိုအပ်ချက်များအပေါ် မူတည်ကာ မူဝါဒပြောင်းလဲလုပ်ဆောင်မည်ဟု အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ပြောကြားထားသည်။ကျန်းမာရေးအာမခံကို မြန်မာ့အာမခံအပါအဝင် ပုဂ္ဂလိကအာမခံကုမ္ပဏီများတွင်ပါ ထားရှိနိုင်မည်ဖြစ်ပြီး ကျန်းမာရေးအာမခံသည် ကမ္ဘာပေါ်တွင် ၁၈၈၃ ခုနှစ်မှ စတင်ကာ ဂျာမနီနိုင်ငံတွင် ပထမဆုံး ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကာ သက်တမ်းအားဖြင့် ၁၃၂ နှစ် သက်တမ်း ရှိနေပြီးဖြစ်ကြောင်း သိရသည်။ကျန်းမာရေးအာမခံကို မြန်မာ့အာမခံလုပ်ငန်းအပြင် ပုဂ္ဂလိကအာမခံကုမ္ပဏီများတွင်ပါ ထားရှိနိုင်ကြောင်း သိရသည်။
ကျန်းမာရေးအာမခံကို ယခုဘဏ္ဍာနှစ်ကုန်တွင် လိုအပ်ချက်များနှင့် မူဝါဒပိုင်းဆိုင်ရာများကို ပြန်လည်စိစစ် လုပ်ဆောင်မည်















