ရွေးကောက်ပွဲအလွန် ကာလလုံခြုံရေး စီမံချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး ပူးပေါင်းရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်းနှင့် ယင်းစီမံချက်ကို အစိုးရသစ်မတက်မီ အချိန်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး တင်အောင်ထွန်းက ပြောကြားသည်။လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နေရာအတော်များများတွင် နေ့ပိုင်းအပြင် ညပိုင်းတွင်ပါ လုံခြုံရေးအရ ပူးပေါင်းရှာဖွေ စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု သိရသည်။“ရွေးကောက်ပွဲ အလွန်ကာလ လုံခြုံရေး စီမံချက်နဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှာဖွေစစ်ဆေးမှုတွေ လုပ်နေပါတယ်။ နေရာအတော်များများမှာ လုပ်နေတာပါ။ ဒီစီမံချက်ကို အစိုးရသစ်မတက်မီအချိန်အထိ ပြု လုပ်မှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲမတိုင်မီ ကာလ လုံခြုံရေးစီမံချက်ကိုလည်း တိုင်းဒေသကြီးအနှံ့ လုပ်ဆောင်ခဲ့ပြီး နောက်ရွေးကောက်ပွဲအလွန်ကာလ လုံခြုံရေး စီမံချက်ဖြင့် ယခုထပ်မံ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ နောက်အစိုးရအား မလွှဲပြောင်းမီ အချိန်အထိ ယခုကဲ့သို့ လုံခြုံရေးစစ်ဆေးမှုများ ဆက်တိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး ပြဿနာများနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိမှုများလည်း ရှိသဖြင့် လုံခြုံရေးပိုင်းဆိုင်ရာများကို ယခင်ထက် ပိုမိုတင်းကျပ်ရန် လိုအပ်လာသည်ဟု သုံးသပ်မှုများ ရှိနေသည်။ ယင်းအခြေအနေ များကြောင့် လက်နက်ကိစ္စများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း အထူးစီမံချက်များဖြင့် စစ်ဆေးရန် ရှိမရှိမေးမြန်းမှု နှင့်ပတ်သက်၍ အထူးစီမံချက်အနေဖြင့် စစ်ဆေးရန် မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြန်လည်ဖြေကြားသည်။“ဒါနဲ့ပတ်သက်လို့ အထူးစီမံချက်တွေတော့ မရှိသေးပါဘူး။ ညပိုင်း ကျွန်တော်တို့ လုံခြုံရေးဆောင်ရွက်တာတွေပဲ ရှိပါတယ်။ ရဲတပ်ဖွဲ့နဲ့ ဆောင်ရွက်တာပါ”ဟု ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။မကြာသေးမီက ရန်ကုန်တိုင်းဒေသကြီးအတွင်း သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများနှင့် ပတ်သက်၍ ဆက်လက် စစ်ဆေးနေကြောင်း ၎င်းကဆိုသည်။“ဒီလက်နက်တွေက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ဆက်စပ်နေပါတယ်။ အဲဒါကိုလည်း ဆက်ပြီးတော့ ဖော်ထုတ်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောကြားသည်။အလားတူ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းနှင့် ယခု ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတို့တွင် ရန်ကုန်မြို့၌ ဆက်တိုက်ဆိုသလို တွေ့ရှိခဲ့သော ပိုင်ရှင်မဲ့ စံချိန်တင် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍လည်း ကွင်းဆက်များကို လိုက်လံစုံစမ်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောကြားသည်။
ရွေးကောက်ပွဲအလွန်ကာလ လုံခြုံရေးစီမံချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး ပူးပေါင်းရှာဖွေ စစ်ဆေးမှုများ ပြုလုပ်နေပြီး အစိုးရသစ်မတက်မီအထိ ပြုလုပ်မည်ဟုဆို















