ဆီယံ အသိုက်အဝန်း (ASEAN Community) စတင် အသက်ဝင်ခဲ့ပြီးနောက် ပထမဆုံး အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Sunnylands တွင် စတင်ပြုလုပ်နေပြီ ဖြစ်ပါသည်။
နှစ်ရက်ကြာ ပြုလုပ်မည့် အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွင် သမ္မတ အိုဘားမား အစိုးရလက်ထက် အာဆီယံ-အမေရိကန် ပထဝီနိုင်ငံရေး၊ ဒေသတွင် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် စီးပွားရေး ကုန်သွယ်မှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးကြမည် ဖြစ်ပါသည်။ ပထဝီနိုင်ငံရေးအနေဖြင့် တောင်တရုတ်ပင်လယ်အရေး ကိစ္စက အစည်းအဝေး၏ အဓိက အကြောင်းအရာ ဖြစ်လာမည့်နည်းတူ အမေရိကန်၏ ပစိဖိတ်ဒေသ ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေး Trans-Pacific Partnership (TPP) ကိစ္စလည်း ရှေ့တန်းရောက်လာမည် ဖြစ်သည်။
ဆွေးနွေးပွဲ အပြီးတွင် Sunnylands သဘောတူညီချက် ထွက်ရှိမည်ဖြစ်ကာ ဆွေးနွေးပွဲမစတင်မီ ကြိုတင်ပေါက်ကြားခဲ့သော Sunnylandsသဘောတူညီချက် မူကြမ်း၌ တောင်တရုတ် ပင်လယ်အတွင်း ရေပိုင်နက် အငြင်းပွားမှုဆိုင်ရာ အချက်များ ပါဝင်ခဲ့ပြီး လွတ်လပ်စွာ ရေကြောင်းသွားလာမှုနှင့် စစ်ရေးဆိုင်ရာ တည်ဆောက်မှု ကိစ္စရပ်များ ပါဝင်ခဲ့ကြောင်း သိရသည်။
ထိပ်သီးဆွေးနွေးပွဲ အဖွင့်၌ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်မှုအပေါ် သမ္မတ အိုဘားမားက ချီးကျူးစကား ပြောဆိုခဲ့ပြီး အာဆီယံ-အမေရိကန် ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့် လုပ်ဆောင်နိုင်ခဲ့ခြင်းများအပေါ်လည်း မှတ်ချက်ပြု ပြောဆိုခြင်းများ ပြုလုပ်ခဲ့ပါသည်။
သမ္မတ အိုဘားမားအနေဖြင့် ၂၀၀၉ ခုနှစ်တွင် အာဆီယံ ဆယ်နိုင်ငံမှ ခေါင်းဆောင်များနှင့် ပထမဆုံး တွေ့ဆုံခဲ့ပြီး ထိုအချိန်နောက်ပိုင်း အာဆီယံ ခေါင်းဆောင်များနှင့် ခြောက်ကြိမ်ထက်မနည်း တွေ့ဆုံခဲ့သည်။ ထို့အတူ အာဆီယံ ဒေသတွင်း နိုင်ငံများသို့ ခုနစ်ကြိမ် သွားရောက်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ် oung Southeast Asian Leaders Initiative (YSEALI) အစီအစဉ်ကို စတင်ခဲ့ပြီး အာဆီယံနှင့် အမေရိကန်မှာ အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား လူငယ်၆၀၀၀၀ ကျော်အကြား ပေါင်းကူး ချိတ်ဆက်မှုများ လုပ်ဆောင်ခဲ့ပါသည်။ ကုန်သွယ်မှုအနေဖြင့် သမ္မတ အိုဘားမားအစိုးရ လက်ထက်တွင် အာဆီယံ-အမေရိကန် ကုန်သွယ်မှု ပမာဏ ၅၅ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ပြီး အလုပ်အကိုင်နေရာပေါင်း ၅၀၀၀၀ ကျော် ဖန်တီးပေးနိုင်ခဲ့ပါသည်။ ထို့အတူ အာဆီယံသည် အမေရိကန်၏ စတုထ္ထမြောက် ကုန်သွယ်ဖက် ဒေသ ဖြစ်လာခဲ့သည်။ လတ်တလောအနေဖြင့် TPP အစီအစဉ်အရ ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ် နိုင်ငံတို့နှင့် ကုန်သွယ်မှုဆိုင်ရာများကို တိုးမြှင့် လုပ်ဆောင်နေပြီး ဒေသတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များ အရလည်း အာဆီယံ နိုင်ငံတိုင်းနှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိပါသည်။
Sunnylands တွင် ပြုလုပ်နေသော အာဆီယံ-အမေရိကန် ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ သမ္မတ ဦးသိန်းစိန် တက်ရောက်ခဲ့ခြင်း မရှိဘဲ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း တက်ရောက်နေပါသည်။















