မီးလောင်ကျွမ်းခဲ့ရသော မင်္ဂလာဈေးကြီးအား အသစ်ပြန်လည် ဆောက်လုပ်သင့် မသင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ စစ်ဆေးအကြံပြုချက်ပေါ် မူတည်ကာ ဆုံးဖြတ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၄) ဦးထင်ဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။မီးလောင်ကျွမ်းခဲ့ပြီးနောက် မင်္ဂလာဈေးကြီး၏ အခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက ကော်မတီဖွဲ့စည်းကာ ကြည့်ရှုစစ်ဆေးခဲ့မှုများရှိပြီး ယင်းဈေးကြီးအား မည်သို့ ဆက်လက်လုပ်ဆောင်သင့်သည်ကို အကြံပြုချက်အနေဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ မကြာမီ တင်ပြမည်ဖြစ်ကြောင်း သိရသည်။ ယင်းအကြံပြုချက်ရရှိပါက ဈေးအား အသစ်ပြန်လည် ဆောက်လုပ်သင့်သည် (သို့မဟုတ်) မွမ်းမံကာ ပြန်လည်ပြုပြင်သင့်သည်ကို သိရှိရမည်ဖြစ်ကြောင်း သိရသည်။“မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းက ကော်မတီကဖွဲ့ပြီးတော့ လက်ရှိ မီးလောင်ကျွမ်းသွားတဲ့ မင်္ဂလာဈေးနဲ့ ပတ်သက်လို့ ပကတိအခြေအနေကို လာရောက်ကြည့်ရှု စစ်ဆေးခဲ့တာရှိပါတယ်။ ဈေးနဲ့ပတ်သက်လို့ သူတို့ရဲ့ အကြံပြုချက်တွေကို မကြာခင်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို အကြောင်းပြန်ကြားသွားမှာ ဖြစ်ပါတယ်။ သူတို့ အကြံပြုချက်ပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်။ ယခင် သမ္မတကြီး လာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်အရတော့ မစစ်ဆေးခင်မှာ မသင့်တော်ဘူးဆိုရင် အစအဆုံး ပြန်ဆောက်ပြီး လုပ်သွားမယ်လို့ လမ်းညွှန်ခဲ့တာရှိတယ်။ ဒါကတော့ ယေဘုယျပေါ့။ ဒါပေမဲ့ Detail ကျတော့ ကျွမ်းကျင်သူ အင်ဂျင်နီယာတွေရဲ့ အကြံပြုချက်ကတော့ အတည်ပေါ့။ ဒီအတိုင်းဖြို ပြီးမှ ဆက်ဆောက်သင့်တယ်။ ဒါမှမဟုတ် ယခင်မီးလောင်ခဲ့တဲ့အတိုင်းပဲ ပြုပြင်မွမ်းမံပြီးတော့ ပြန်လုပ်သင့်တယ်။ အဲဒီအကြံပြုချက်ပေါ် မူတည်ပြီးတော့ မြို့တော်ဝန်ဆီ တင်ပြပြီး အဆုံးအဖြတ်ယူပြီးတော့ ဆောင်ရွက်သွားမှာဖြစ်တယ်။ အသစ်ဆောက်သင့်တယ်။ ဒီအတိုင်းပဲ ပြန်ဆောက်မယ်ဆိုတာတော့ သူတို့အကြံပြုချက်အပေါ်မှာ မူတည်ပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၄) ဦးထင်ဇော်ဝင်းက ပြောကြားသည်။
မင်္ဂလာဈေးကြီးအား အသစ်ပြန်လည် ဆောက်လုပ်သင့် မသင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၏ စစ်ဆေးအကြံပြုချက်အပေါ် မူတည်ဆုံးဖြတ်မည်















