ဗိုလ်ချုပ်အောင်ဆန်း (၁၀၁) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ကဗျာပြပွဲနှင့် ကဗျာရွတ်ပွဲအား ငြိမ်းစုစီ တင်ပြီးမှ ဆောင်ရွက်ရန် ညွှန်ကြားမှုရှိနေ

ဗိုလ်ချုပ်အောင်ဆန်း (၁၀၁) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ကဗျာပြပွဲနှင့် ကဗျာရွတ်ပွဲအား ငြိမ်းစုစီ တင်ပြီးမှ ဆောင်ရွက်ရန် ညွှန်ကြားမှုရှိနေ
Published 3 February 2016

ဗိုလ်ချုပ်အောင်ဆန်း (၁၀၁) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် ကဗျာပြပွဲနှင့် ကဗျာရွတ်ပွဲအား ငြိမ်းစုစီ တင်ပြီးမှ ဆောင်ရွက်ရန်  အင်္ဂပူမြို့၌ ညွှန်ကြားမှုရှိနေကြောင်း သိရသည်။ရပ်နီး၊ ရပ်ဝေးမှ ကဗျာဆရာများ၏ ကဗျာတင်ဆက်မှုများ ပါဝင်မည့် ဗိုလ်ချုပ်အောင်ဆန်း ၁၀၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲကို ဖေဖော်ဝါရီ ၁၃ ရက်တွင် အင်္ဂပူမြို့၊ မြတ်စက်စက်ယိုဘုရားအနီး မြတ်လေးလမ်း၌ ကျင်းပပြုလုပ်ရန် လွန်းကြင်စာပေမြတ်နိုးသူများအဖွဲ့မှ စီစဉ်နေမှုအား ထိုသို့ ညွှန်ကြားမှုရှိနေခြင်းဖြစ်ကြောင်း သိရသည်။“ မြတ်လေးလမ်းမှာ လုပ်ဖို့ စီစဉ်တာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက ထောက်ခံပေးပါတယ်။ ဒါပေမယ့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို တင်ပြတော့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက ကျွန်တော်တို့ကိုခေါ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးဆီမှာ ငြိမ်းစုစီ တင်ပြီးမှ ဆောင်ရွက်ဖို့ပြောတယ်။ မြို့နယ်ရဲမှူးကတော့ ပွဲမိန့်လောက်ပဲ ပေးသင့်တဲ့ကိစ္စဖြစ်လို့ ငြိမ်းစုစီနဲ့ မဆိုင်ဘူးလို့ ဆိုပါတယ်။ အဲဒါနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဆီ မနေ့ကသွားတွေ့တော့  လမ်းပေါ်မှာ လုပ်တာဖြစ်လို့ ပြဿနာတစ်စုံတစ်ရာ တက်လာရင် ရဲတွေ စောင့်ရှောက်နိုင်အောင် ငြိမ်းစုစီ တင်ခိုင်းတာလို့ ပြောပြန်ပါတယ်” ဟု ပွဲဖြစ်မြောက်ရေးစီစဉ်သူ ကဗျာဆရာထက်မိုးက ပြောကြားသည်။  အဆိုပါကိစ္စနှင့် ပတ်သက်၍ အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ လူအများစုဝေးပြီး စီတန်းလမ်းလျှောက်အော်ဟစ်မှ ငြိမ်းစုစီနှင့် သက်ဆိုင်ခြင်း မဟုတ်ကြောင်း၊ ယခု ပွဲကျင်းပပြုလုပ်မည့်နေရာမှာ အများပြည်သူသွားလာသည့် လမ်းပေါ်ဖြစ်ပြီး ငါးယောက်နှင့်အထက် စုဝေးမည်ဖြစ်သဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ငြိမ်းစုစီတင်ပြပြီးမှ ဆောင်ရွက်ရန် ညွှန်ကြားရခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ 

Most Read

Most Recent