၂၀၁၅ ခုနှစ် မိုးရာသီကာလအတွင်း တောင်ယာများ ပြိုကျမှုကြောင့် စားနပ်ရိက္ခာ ခက်ခဲနေပြီး ယခုနှစ်တွင်လည်း တောင်ယာစိုက်ပျိုးရန် မြေနေရာရှားပါးလာမှုကြောင့် လာမည့် မိုးရာသီတွင် စားနပ်ရိက္ခာ ပြတ်လပ်ဖွယ်ရှိသည်ဟု တွန်းဇံမြို့နယ်အတွင်းတွင် နေထိုင်ကြသော ဒေသခံများက ပြောကြားသည်။“၂၀၁၅ ခုနှစ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်တွေ ပြိုကျလာလို့ ကျွန်တော်တို့ အဘိုးအဘွားဘဝတွေ လက်ထက်ကစပြီး လုပ်ကိုင်ခဲ့ကြတဲ့ ရွှေ့ပြောင်းတောင်ယာတွေ၊ လိမ္မော်ခင်းတွေ၊ ပြောင်းစိုက်ခင်းတွေ ပြိုကျတဲ့အထဲ အကုန်ပါသွားပါတယ် ။အဲဒီအတွက် ကျွန်တော်တို့ ဒုက္ခရောက်ကြပါတယ်။ ကျန်တဲ့ စပါးတွေကလည်း အဖျင်းများလွန်းလို့ အရင်တုန်းက တောင်ယာစပါး ပုန်း ၁၀၀ လောက်ရတဲ့သူက အခု ပုံး ၁၀ လောက်ပဲရတော့ မိသားစုစားဝတ်နေရေး အလွန်ခက်ခဲနေပါတယ်။ ဒီနှစ်မှာတော့ အလှူရှင်တွေရှိလို့ အဆင်ပြေပေမယ့် လာမယ့်နှစ်မှာဆိုရင်တော့ ဝမ်းစာပြတ်လပ်မှုနဲ့ ကြုံရတော့မယ်ထင်ပါ တယ် ။ တောင်ယာခုတ်ဖို့ကလည်း ဧရိယာက ကျဉ်းလာတော့ ရွာရှိလူနဲ့ တောင်ယာဧရိယာနဲ့ မမျှတဘူး ဖြစ်နေပါတယ်။ အရင်က ငါးဆိုရင်လည်း ချောင်းတွေမှာ သွားရှာလို့ရတယ်။ အခု တောင်ပြိုပြီးနောက်ပိုင်းမှာ ချောင်းတွေ မှာ ငါးတွေ မတွေ့ရတော့ပါဘူး ။ ကျွန်တော်တို့အတွက် လောလောဆယ်တွင် တောင်ယာတွေ မခုတ်ချင်ပေမယ့်လည်း ခုတ်နေရသေးပါတယ်။ တောင်ယာလုပ်ကွက်ကလည်း နည်းလာတော့ နောက်ပိုင်းဆိုရင်တော့ ဥယျာဉ်ခြံမြေနဲ့ အာလူး၊ ကြက်သွန်စတဲ့ သီးနှံတွေလည်း စိုက်ချင်ပါတယ် ။ ဒီလို စိုက်ပျိုးဖို့ဆိုတာကလည်း မျိုးကအစ အခက်အခဲတွေ ရှိပါတယ် ။ ကျွန်တော်တို့အတွက် လောလောဆယ် စားနပ်ရိက္ခာပြဿနာ အပြင် နောက်ပိုင်းမှာ စားဝတ်နေရေး လုပ်ကိုင်စားသောက်ဖို့အတွက်လည်း ကျွန်တော်တို့ အကူအညီ လိုအပ်နေပါတယ်။ ဒီလိုအဖြစ်မျိုးကလည်း ကျွန်တော်တို့ တစ်သက်မှာ ဒီတစ်ခါပဲ ကြုံခဲ့ဖူးတာဆိုတော့ ဘယ်လိုလုပ်ရမယ်ဆိုတာ စဉ်းစားမရပါဘူး”ဟု ဟန်ကင်ကျေးရွာမှ ဦးရန်မုန်းထန်က ပြောကြားသည်။ချင်းတောင်ပေါ်တွင် ၂၀၁၅ ခုနှစ် အတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်အများအပြား ပြိုကျခဲ့ပြီး စိုက်ခင်းများ ပျက်စီးခဲ့ပြီး တွန်းဇံမြို့နယ်အတွင်းရှိ ဟန်ကင်ကျေးရွာ၊ မောင်စံကျေးရွာ၊ စီးဖော်ကျေးရွာရှိ ဒေသခံများ လာမည့်မိုးရာသီတွင် စားနပ်ရိက္ခာ အခက်အခဲဖြစ်ပေါ်လာနိုင်သည်ဟု သိရသည်။ “ကျွန်တော်တို့ ဟန်ကင်ရွာဘက်က ကားလမ်းမပေါက်တော့ဘူး။ အခုအထိလည်း မပြင်ရသေးဘူး။ ကျွန်တော်တို့က စိုက်ပျိုးရေးလုပ်ပြီး ရောင်းချမယ်ဆိုရင်တောင် လမ်းမကောင်းတော့ ဘယ်သွားရောင်းရမယ် မသိပါဘူး။ ကျွန်တော်တို့အနေနဲ့ လာမယ့် မိုးရာသီအတွက် လတ်တလော စားနပ်ရိက္ခာ အခက်အခဲနဲ့ နောက်လာမယ့် စားဝတ်နေရေး လုပ်ကိုင်စားသောက်ဖို့အတွက်လည်း ပြန်စဉ်းစားရမယ်”ဟု ဟန်ကင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကန်ခိုထောင်းက ပြောကြားသည်။
တောင်ယာများ ပြိုကျမှုကြောင့် စားနပ်ရိက္ခာ ခက်ခဲနေပြီး တောင်ယာစိုက်ပျိုးရန် မြေနေရာ ရှားပါးလာမှုကြောင့် လာမည့်မိုးရာသီတွင် စားနပ်ရိက္ခာပြတ်လပ်ဖွယ်ရှိဟု တွန်းဇံနယ် ကျေးရွာများမှ ဒေသခံများ ပြောကြား















