စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကို (စီးပွားရေးပေါ်လစီ)နှင့် တွေ့ဆုံခြင်း

စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကို (စီးပွားရေးပေါ်လစီ)နှင့် တွေ့ဆုံခြင်း
Published 28 January 2016
နီလာ

‘ကိုယ့်နိုင်ငံထက် သာသွားတဲ့ နိုင်ငံတွေထက် ငါတို့ ဘယ်လိုအမီ လိုက်မလဲဆိုတဲ့ ပြင်းပြတဲ့ ဆန္ဒရှိဖို့လိုတယ်’
အစိုးရသစ်လက်ထက် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ပတ်သက်သည့် မျှော်လင့်ချက်၊ စိန်ခေါ်မှုစသည်တို့နှင့် အလားအလာအပေါ် စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကို (စီးပွားရေးပေါ်လစီ)နှင့် တွေ့ဆုံ မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။
မေး ■ လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေနဲ့ ပတ်သက်ပြီး ဆရာ့အမြင်ကို ပြောပြပေးပါလား။
ဖြေ ■ပြောရရင် ကျွန်တော်လည်း လေ့လာဆဲပဲ ရှိသေးတယ်။ လေ့လာဆဲဆိုတာ ဒီလိုဗျ၊ မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေးအခြေ အနေက ဘယ်လိုလဲဆိုတာ မြန်မာ့စီးပွားရေး အကြောင်း ပြောရရင် ဒေတာက up to Date မထွက်ဘူးပေါ့ဗျာ။ ဆိုလိုတာက Stastical CSO က ထုတ်တဲ့ Year Book ဆိုရင်၂၀၁၁ ပဲ ထွက်သေးတယ်။ နောက်ပိုင်း ၂၀၁၄ ကတော့ ထွက်မယ်လို့တော့ ကြားတယ်ပေါ့ဗျာ။မကြည့်ရသေးဘူး။
ဆိုလိုချင်တာက လက်ရှိကိန်းဂဏန်းတွေက Eleven တို့လို သတင်းဂျာနယ်တွေက ပြန်ယူနေရတာများတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက Eleven မှာ ဖော်ပြသွားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဘယ်နှခုနှစ်က ဘယ်နှခုနှစ်အထိ ဘယ်လောက်ရှိလာပြီဆိုတာမျိုးပေါ့။ ဒါကြောင့် ကိန်းဂဏန်းနဲ့ ပြောရမယ်ဆိုရင် ကိန်းဂဏန်းတွေက ကျွန်တော်တို့ လက်ထဲမှာမရှိဘူး၊ နိုင်ငံခြား အရန်ငွေပမာဏဆိုရင် ကျဆင်းလာတဲ့ သဘောရှိတယ်၊ ဒါပေမဲ့အတိအကျ ကျွန်တော်မသိဘူး။ ဒါ ကြောင့် ကိန်းဂဏန်းနဲ့ အတိအကျ ဖြေနိုင်ရင်တော့ ပိုပြီးတော့ ကောင်းတာပေါ့။
မေး ■ ဒါဆိုရင် အစိုးရသစ်အတွက် စိန်ခေါ်မှုတွေက ဘာတွေဖြစ်လာမလဲဆရာ။
ဖြေ ■ မျှော်လင့်ချက်တွေလည်း အများကြီးရှိလာမယ်။ နောက်တစ်ဖက်က စိန်ခေါ်မှုတွေလည်း အများကြီး ရှိလာမယ်။ တစ်ချိန်မှမရှိခဲ့ဖူးတဲ့ စိန်ခေါ်မှုတွေ ဥပမာ-Power Sharing ပေါ့။ အာဏာခွဲဝေမှုတွေ၊ Resource Sharing ပေါ့။ သယံဇာတခွဲဝေမှုတွေ တစ်ခါမှ မရှိခဲ့ဖူးဘူး။ နောက် ဖက်ဒရယ် နိုင်ငံတည်ထောင်ဖို့ ဆိုတာတွေပေါ့။ ဒါကြောင့်အားလုံးက သူ့သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေက နိုင်ငံသားအားလုံးက အမြော်အမြင်ကြီးကြီး သေသေချာချာ လေးလေးနက်နက်နဲ့ ဝိုင်းဝန်းကြိုးပမ်း တည်ဆောက်သွားမယ်ဆိုရင် ဒီအခြေအနေနဲ့ အချိန်အခါကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်မယ်။
အဲဒါမှမဟုတ်ရင်တော့ စောစောကပြောသလို ယင်လပ်ရှာနာဝပ်က ဆန်စပါးကို Premium price ပေးတာကနေ တကယ်တမ်းပြောရရင် ဒါဟာဘာမှ ပြောပလောက်တဲ့ ပြဿနာမဟုတ်ဘူး။ ဒါပေမဲ့ အာဏာက စစ်တပ်အစိုးရလက်ထဲကို ပြန်ရောက်သွားတယ်။
တကယ်လို့ ကျွန်တော်တို့ဟာ သူတို့လို ပြန်ဖြစ်သွားရင် ကျွန်တော်တို့မှာ ရောင်းစရာ စီးပွားရေးထုတ်ကုန်က ဘာမှမရှိပါဘူး။ နောက်ဆုံးပြောရမယ်ဆိုရင် ခရီးသွားလုပ်ငန်းဆိုလည်း ကျွန်တော်တို့နိုင်ငံထက် အများကြီးသာတယ်။ ခရီးသွားဆိုတာ သာမန် Tourism တင်မဟုတ်ဘူး။ Medical Tour က အစ မြန်မာတွေအများကြီး ဆေးသွားကုနေကြတာ၊ အဲဒီကရတဲ့ဝင်ငွေက မသေးဘူး။ ကျွန်တော်တို့မှာ ဘာမှမရှိဘူး။ Service ကလည်း ထုတ်ကုန်အနေနဲ့ ရောင်းစရာလည်းမရှိဘူး။ သဘာဝဓာတ်ငွေ့ဆိုလည်း အခုဈေးတွေကျနေတယ်။ ၂၀၂၀ မှာ သဘာဝဓာတ်ငွေ့တွေသာ အသစ် ထပ်မတွေ့ဘူးဆိုရင် ရှိနေတဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုက လျော့နည်း ကျဆင်းသွားနိုင်တယ်လို့ သတင်းတွေထဲမှာ တွေ့နေရပါတယ်။
ဆိုလိုတာက ကမ္ဘာ့စီးပွားရေးမှာ ကမ္ဘာကြီး တစ်ခုလုံးက စီးပွားရေးမှာ ပြိုင်ဆိုင်မှု တော်တော်လေး အားကောင်းလာတယ်။ အမေရိကန်နိုင်ငံ ဗဟိုဘဏ်ကနေ အတိုးနှုန်း ၀ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးလိုက်တယ်။တိုးလိုက်တော့ သူ့လောက်အတိုးနှုန်းမရှိတဲ့ ဂျပန်တို့ အီးယူတို့လို နိုင်ငံတွေက ငွေကြေးတွေက အလုံးအရင်းနဲ့ ဝင်လာတယ်။ ဆိုတော့ အမေရိကန်စီးပွားရေး ကောင်းလာတယ်။ တခြားနိုင်ငံ စီးပွားရေးကျလာတယ်။ တရုတ်ကစီးပွားရေး တိုးတက်တာက ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေး နိုင်ငံဖြစ်အောင် စွမ်းဆောင်နိုင်တယ်။ ဒါသူ့အောင်မြင်မှုပဲ။ ဒါပေမဲ့ သူဘာပေးဆပ်လိုက်ရလဲ ဆိုတော့ ယနေ့တရုတ်နိုင်ငံမှာ လေထုညစ်ညမ်းမှုက တော်တော်ကြီးကြီးမားမား ဖြစ်နေပြီ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကပဲ မြို့ဝန်းကျင်မှာ စက်ရုံ ၂၅၀၀ ကို ပိတ်ဖို့ တရုတ်အစိုးရက အမိန့်ပေးလိုက်တယ်။ ဒါ လေထုညစ်ညမ်းမှုကြောင့် ဆိုပြီး။ ဆိုလိုချင်တာက တရုတ်နိုင်ငံက ထုတ်တဲ့ပစ္စည်းတွေဟာ ဈေးပေါပေါနဲ့ သူထုတ်နိုင်မှာ မဟုတ်တော့ဘူး။ သူ့အတွက် ဝင်ငွေကို တခြားနည်းနဲ့ သူရှာတော့မယ်။ ယွမ်ငွေကို ခိုင်မာဖို့ဆိုတာ ကုန်ပစ္စည်း တင်ပို့ရောင်းချတဲ့ ပုံစံမဟုတ်တော့ဘဲ အခု AID တို့လို ရင်းနှီးမြှုပ်နှံမှု ပုံစံကနေ ယွမ်ငွေခိုင်မာအောင် သူလုပ်တော့မယ်။ ကမ္ဘာ့စီးပွားရေးက အဲဒီလိုဖြစ်နေချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံက Transaction နဲ့ သွားနေချိန်မှာ အများကြီး သတိထားဖို့လိုပါတယ်။ စိုးရိမ်မယ်ဆိုရင် ဒါဟာ စိုးရိမ်စရာတစ်ခုပဲ။ ဒီအတိုင်းကြည့်ရင် ဘာမှ စိုးရိမ်စရာမရှိဘူးလို့ မြင်ရတယ်။ တကယ်တမ်း နက်နက်နဲနဲကြည့်ရင် စိုးရိမ်စရာတွေရှိတယ်။ 
အခုဆိုရင် Climate change က တော်တော် ဆိုးဆိုးရွားရွား ဖြစ်လာပြီ။ တစ်ခါ လယ်ယာစိုက်ပျိုး မွေးမြူရေးကလည်း ထိခိုက်နေတယ်။ အဲဒီတော့ ဒီကဏ္ဍမှာ ပါဝင်ပတ်သက်နေတဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ စားဝတ်နေရေးကို ထိခိုက်နေတယ်ပေါ့။ အဲဒီတော့ အဲဒါတွေကို ဘယ်လို ပြန်လည် ကြပ်မတ်မလဲ၊ ဘယ်လိုဖော်ဆောင်မလဲ။ ဘယ်လိုချောမောအောင် လုပ်မလဲ၊ အများကြီး စဉ်းစားစေချင်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံခြားငွေ ရှာနိုင်တာ ဘာမှ များများစားစား မရှိဘူး။ ကျွန်တော်တို့အိမ်နီးချင်း နိုင်ငံတွေနဲ့ပဲ ယှဉ်ကြည့်လိုက်၊ ကျွန်တော်တို့မှာ ဘာမှမရှိဘူး။ ကျောက်စိမ်းဆို လျော့လာပြီ။ ကျွန်းသစ် မရှိတော့ဘူး။ နောက် အီရတ်တို့၊ အာရပ်နိုင်ငံတွေကို ပို့နေတဲ့ ငါးမြစ်ချင်တွေလည်း အဲလောက်ကြီး မပို့နိုင်တော့ဘူးလို့ ကျွန်တော်ထင်တယ်။ ဆိုတော့ ရေထွက်ပစ္စည်းကလည်း အဲဒီလောက် မပို့နိုင်ဘူး၊ ဆန်စပါးဆိုလည်း ၂၀၁၅ မှာ ရေကြီးရေလျှံဖြစ်တော့ ထင်သလောက် မပို့နိုင်တော့ဘူး။ ဒါ ကြောင့် သူများဆီကတောင် သွင်းလိုက်ရသေးတယ်။ နောက်ကြက်သွန်နီတို့ ဘာတို့လည်း သွင်းလိုက်ရသေးတယ်။ ကျွန်တော်တို့မှာ တကယ်တမ်းကျတော့ တစ်ချိန်မှာ ဓာတ်ငွေ့မရှိရင် ကျွန်တော်တို့ ဘာနဲ့ရောင်းစားမလဲ၊ အဲဒီပြဿနာတွေ အများကြီး ရှိတဲ့အခါကျတော့ ကျွန်တော်တို့ရဲ့ Transactional ဆိုတာလည်း စောစောက ပြောသလို ထိုင်းနိုင်ငံမှဆိုရင်  Policky Mistake ပေါ့၊ မူဝါဒရွေးချယ်မှု မှားယွင်းမှု တစ်ခုကနေပြီးတော့ တစ်နည်းပြောရရင်တော့ နိုင်ငံရေးအရပြောရင် နောက်ဘက်ကို ပြန်ရောက်သွားတယ်ပေါ့နော်။ ဘာပဲပြောပြော ခုချိန်မှာ ကျွန်တော်တို့က သူတို့ထက်တော့ ရှေ့ရောက်သွားတာပေါ့။ ရွေးကောက်ပွဲတစ်ခု အောင်အောင်မြင်မြင် ဖြစ်သွားတယ်။ အစိုးရသစ်တစ်ရပ် ဖွဲ့ဖို့ အတွက် နှစ်ဦးနှစ်ဖက်က ဆွေးနွေးပြီး အဖြေရှာနေပြီ။ ဒါကြောင့် ပြောရမယ်ဆိုရင် မျှော်လင့်ချက်တော့ ရှိလာပြီပေါ့။ ဆိုတော့ ကျွန်တော်တို့ သူများနိုင်ငံတွေလို တိုးတက်အောင် ကျွန်တော်တို့ထက် ကျော်တက်သွားတဲ့ နိုင်ငံတွေကို ဘာပဲပြောပြော မခံချင်စိတ်တော့ ရှိတာပေါ့။ အဲဒီနိုင်ငံတွေကို အမီလိုက်နိုင်အောင် ကျွန်တော်တို့အားလုံးက ပြင်ဆင်နေကြပါပြီ။ အဲလိုအခြေအနေမှာ အရမ်းကို Sensitive ဖြစ်တဲ့ အခြေအနေဖြစ်တဲ့အတွက် ဘာပဲပြောပြောပေါ့ဗျာ အားလုံးက အမြော်အမြင်ကြီးကြီးနဲ့ ဉာဏ်ပညာကြီးကြီးနဲ့ ဆောင်ရွက်သွားကြဖို့ လိုမယ်လို့ ထင်ပါတယ်။
မေး ■ အိမ်နီးချင်းနိုင်ငံတွေရဲ့အခြေအနေကို သုံးသပ်ပြီး သတိပေးချင်တာများ ရှိပါသလား။
ဖြေ ■အားလုံးပေါ့။ ၅၁ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံသားအားလုံး၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းအကုန်  မြန်မာနိုင်ငံမှာ နေထိုင်သူအားလုံး တိုင်းရင်းသား မဟုတ်ပေမယ့် နိုင်ငံသားအဖြစ် ခံယူထားသူ မြန်မာနိုင်ငံတွင်းမှာ နေထိုင်သူအားလုံးက ကိုယ့်နိုင်ငံ တိုးတက်စေချင်တဲ့ ပြင်းပြတဲ့ ဆန္ဒနဲ့ ကြိုးစားဖို့လိုတယ်။ ကိုယ့်နိုင်ငံထက် သာသွားတဲ့ နိုင်ငံတွေထက် ငါတို့ဘယ်လိုအမီ လိုက်မလဲဆိုတဲ့ ပြင်းပြတဲ့ ဆန္ဒရှိဖို့လိုတယ်။ ဒါက နံပါတ်တစ်အချက်ပေါ့။ နံပါတ်နှစ် အချက်ကတော့ ပြင်းပြတဲ့ ဝီရိယရှိဖို့လိုတယ်၊ ဆန္ဒရှိပေမယ့် ဝီရိယမရှိရင် ဘာမှမဖြစ်ဘူး။ ဆန္ဒလည်း ရှိမယ်၊ ဝီရိယလည်း ရှိမယ်ဆိုရင် ကျွန်တော်ထင်ပါတယ် တစ်ချိန်ချိန်မှာ ကျွန်တော်တို့ အောင်မြင်မှာပါ။ ဆန္ဒရှိတယ်၊ ဝီရိယရှိတယ်။ ဒါပေမဲ့ သဘောထား ကွဲလွဲတာတွေ ရှိနိုင်တယ်။ အဲဒါတွေကလည်း တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ဆွေးနွေး ညှိနှိုင်း အဖြေရှာလို့ရရမယ်။ တိုင်းပြည်နဲ့လူမျိုး ကောင်းစားရေးကိုပဲ ရှေးရှုစေချင်တယ်။ လူတစ်စု ကောင်းစားဖို့ မဟုတ်ဘူး။ လူမျိုးတစ်ခု ကောင်းစားဖို့ မဟုတ်ဘူးဆိုတဲ့ အမြင်နဲ့ ထားသွားမယ်ဆိုရင် ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည် အများကြီး ပြောင်းလဲလာမှာပါ။ ဒီပြောင်းလဲမှု ဘာကြောင့်ဖြစ်ရတာလဲဆိုရင် လူတွေဟာ သူတို့ရဲ့ မွေးရာပါဗီဇမှာကိုက တိုးတက်ဖွံ့ဖြိုးချင်တယ်ဆိုတဲ့ စိတ်က မွေးရာပါသန္ဓေမှာ DNA မှာ အလိုလို ပါပြီးသားပဲ။
ဒါပေမဲ့ ဒီတိုင်းပြည် ဘာလို့ မတိုးတက်ရတာလဲဆိုရင် အဲဒီလူတွေမှာ တစ်ဦးချင်း တစ်ယောက်ချင်း ဖြစ်ဖြစ် အဖွဲ့အစည်းဆိုတဲ့ Institution ပဲဖြစ်ဖြစ် သူ့ရဲ့ Capacity တွေ Capability တွေ အပြည့်အ၀ အသုံးချခွင့်မရှိခဲ့ရင် သူတို့ရဲ့ တစ်ဦးချင်း တစ်ယောက်ချင်း၊ အဖွဲ့အစည်းတစ်ခုချင်းရဲ့ Capacity တွေ Capability တွေ သင်ပေးပြီးတော့ တိုးတက်လာမယ်ဆိုရင် ကျွန်တော်ထင်တယ်၊ ဒီအပေါ်မှာ ပြန်လည်တုံ့ပြန်မှုက ရှိလာမှာပဲ။
သတိထားရမှာတစ်ခုပဲ ရှိတယ်။ တရုတ်နိုင်ငံလိုပေါ့။ စီးပွားရေးကတော့ တိုးတက်သွားပါတယ်။ ဒါပေမဲ့ လေထုညစ်ညမ်းမှု အဲဒါကြီးကို Sacrificed လုပ်လိုက်ရတယ်။ အဲလိုမျိုးတော့ အဖြစ်ခံလို့မရဘူး။ ကျွန်တော်တို့က စီးပွားရေးတိုးတက်ရုံ သက်သက်ပဲ ရည်မှန်းထားခဲ့တာ မဟုတ်ဘူး။ စီးပွားရေးတိုး တက်တယ်ဆိုတာအပြင် ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ လူမှုစီးပွား၊ ကျန်းမာရေးကအစ ထိခိုက်ပြီးမှ တိုးတက်တာမျိုးဆိုရင် စီးပွားရေး တိုးတက်မှုက ပုံသဏ္ဌန် မှန်တယ်လို့ ပြောလို့ မရဘူး။ စီးပွားရေး တိုးတက်တယ်ဆိုတာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ပြောတာ။ ကောက်ရိုးမီးနဲ့ ရှားမီးလိုပေါ့။ ကောက်ရိုးမီးက ဟုန်းကနဲတောက်ပြီး ဟုန်းခနဲ ပြန်ကျသွားတာမျိုး၊ ရှားမီးကတော့ တငွေ့ငွေ့နဲ့ ပုံမှန်လေး တက်သွားတယ်။ အဲဒါမျိုးလေးကို ဘယ်လိုဖော်ဆောင်ကြမလဲ။ စောစောက ပြောသလို သဘာ၀ ပတ်ဝန်းကျင်ကို ပြောကြတဲ့အခါ ကမ္ဘာကြီးက Climate Change ကို တော်တော်လေးကို Awareness ဖြစ်လာတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတိုင်း သဘာဝပတ်ဝန်းကျင် ပျက်စီးတတ်တယ်ဆိုတဲ့ အမြင်နဲ့ ပြောကြတာတွေလည်း ရှိတယ်။ ဒါပေမဲ့ စီးပွားရေး တိုးတက်အောင်လုပ်ရင်း သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘဲ တိုးတက်အောင် လုပ်သွားတဲ့ နိုင်ငံတွေလည်း သာဓက အများကြီးရှိပါတယ်။
မေး ■ မြန်မာနိုင်ငံဟာ သယံဇာတကို အခြေခံပြီး စီးပွားဖြစ်တဲ့နိုင်ငံပေါ့။ တချိန်မှာ ဒီသယံဇာတတွေ ကုန်သွားနိုင်တယ်ဆိုတော့ ရေရှည် ဖွံ့ဖြိုးတိုးတက်တဲ့ စီးပွားရေးဖြစ်ဖို့အတွက် ဘာတွေ လုပ်ဆောင်သင့်တယ်ဆိုတာ ဆရာ့သုံးသပ်ချက်ကိုလည်း ပြောပြပေးပါ။
ဖြေ ■ အခု ကမ္ဘာ့ရေနံစိမ်းဆိုရင် တစ်ပီပါကို အမေရိကန်ဒေါ်လာ ၂၇ အထိ ဖြစ်သွားပြီ။ တစ်ချိန်က ရေနံစိမ်းဆိုတာ Black gold ရွှေမည်းလို့ ခေါ်ကြတာပေါ့။ ဆိုတော့ အဲဒီခေတ်က မရှိတော့ဘူး။ အဓိက ဘာကိုဆိုလိုချင်တာလဲဆိုတော့ ရေနံစိမ်းလို Energy မှာ မရှိမဖြစ် အရေးပါတဲ့ စွမ်းအင်လောင်စာတောင် ယနေ့ဒီလောက် ဖြစ်သွားပြီဆိုရင် ကျွန်တော်တို့ သယံဇာတ ပစ္စည်းတွေကို မှီခိုပြီးတော့ စီးပွားဖြစ်အောင် လုပ်လို့မရတော့ဘူးဆိုတာ အဖြေဖြစ်သွားပြီ။ ရေနံစိမ်းလို တစ်ချိန်က မရှိမဖြစ် သုံးနေတဲ့ဟာတောင် ယနေ့ဒီလောက် အနေအထားဖြစ်နေပြီဆိုရင် တခြားသော သယံဇာတလည်း ထိုနည်းလည်းကောင်းပဲ။ ဆိုတော့ သယံဇာတကို အခြေခံပြီး စီးပွားတိုးတက်အောင် မလုပ်နိုင်ဘူး လုပ်လို့မရတော့ရင် ဘာကိုအခြေခံပြီး စီးပွားဖြစ်အောင် လုပ်ကျမလဲဆိုတဲ့ မေးခွန်းဖြစ်လာတယ်။ ဆိုတော့ လူသားသယံဇာတ နည်းပညာ သယံဇာတ ဒါတွေကို အခြေခံပြီးတော့မှ စီးပွားရေးကို အခြေခိုင်ပြီး တည်တံ့ခိုင်မာအောင် လုပ်ယူဖို့ လိုလိမ့်မယ်။ အဲဒီလို လုပ်မယ်ဆိုရင်တော့ တစ်ချိန်တည်းမှာ ကျွန်တော်ပြောသလိုပဲ အနေအထားက ဘာကိုပြောချင်လဲဆိုတော့ ကမ္ဘာ့စီးပွားရေးမှာလည်း အခုဆိုရင် ယွမ်ငွေတန်ဖိုးနဲ့ အမေရိကန်ဒေါ်လာတန်ဖိုး ယှဉ်ပြိုင်မှုက ဘာပဲဖြစ်ဖြစ ်တဖြည်းဖြည်း မြင့်လာတယ်လို့တောင် ထင်ရတယ်။ ဒါကကျွန်တော့်အထင်ပါ။ အဲလို အနေအထား အများကြီး ရှိနေတဲ့အချိန်မှာ စဉ်းစားမယ်ဆိုရင် ဆက်စပ်ပြီး စဉ်းစားစရာတွေက အများကြီး ပေါ်လာမှာပေါ့။ အဲဒါကြောင့်မို့ တည်တည်ငြိမ်ငြိမ်နဲ့ Transitions ဖြစ်သွားမယ်။ ရွေးကောက်ပွဲဆိုတာ အနိုင်အရှုံးပဲ။ နောင်ရွေးကောက်ပွဲတွေမှာလည်း အနိုင်အရှုံးရှိမှာပဲ။ ရှုံးတဲ့သူပဲဖြစ်ဖြစ် နိုင်တဲ့သူပဲ ဖြစ်ဖြစ် အပြန်အလှန် ဘယ်လိုလုပ် သွားမယ်ဆိုတာ စဉ်းစားဖို့လိုတာပေါ့။ မရှိရင် Fail Failure ဖြစ်သွားမယ်။ ဆီးရီးယားမှာ Policy Failure တွေကို မတားဆီးနိုင်ခဲ့လို့ တားဆီးဖို့ အချိန်လည်း မလုံလောက်လို့ ဖြစ်သွားတာ။ ဆိုတော့ အဲဒီလိုမျိုးမဖြစ်အောင် ကျွန်တော်တို့ ဘယ်လို လုပ်ကျမလဲ။
ရင်ဆိုင်ရမှာကတော့ လက်ရှိရှိနေတဲ့ အခြေအနေကို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ ပြဿနာကြီးပေါ့။ အဲဒီအတွက် လက်ရှိရှိနေတဲ့ အနေအထားက ကောင်းနေတယ်ဆိုရင် ကောင်းသလို ရင်ဆိုင်ရမှာပေါ့။ မကောင်းဘူးဆိုလည်း မကောင်းတာတွေ ရင်ဆိုင်ရမှာပေါ့။ လာမယ့် ငါးနှစ် အစိုးရသက်တမ်းမှာတော့ Doing Business ပေါ့။ ကမ္ဘာ့ဘဏ်တို့ ဘာတို့ ထုတ်ပြန်တဲ့အထဲမှာ အောက်ဆုံးနိုင်ငံစာရင်းဝင် နိုင်ငံဆိုတာထက်တော့ အများကြီး မြင့်တက်သွားလိမ့်မယ်။ Doing Business မှာ ရေးထားတဲ့ ၁၆၇ နိုင်ငံမြောက် စာရင်းကနေ ကျွန်တော်တို့အများကြီး မြင့်တက်သွားမယ်။ Private Sector တွေ အားကောင်းလာမယ်။ အစိုးရယန္တရားကြီးက ပိုမိုသေးငယ်သွားပြီးတော့ စီးပွားရေးက ပိုကြီးလာလိမ့်မယ်လို့ ယူဆပါတယ်။
မေး ■အစိုးရသစ်လက်ထက်မှာ နိုင်ငံရေးကြောင့် စီးပွားရေး တိုးတက်လာနိုင်တဲ့ အလားအလာအပေါ် ဆရာ့အမြင်ကို ပြောပြပေးပါ။
ဖြေ ■စောစောက ပြောသလိုပေါ့။ ကျွန်တော်တို့ တိုင်းပြည်က အရှေ့တောင်အာရှထဲမှာဆိုရင် အောက်အနိမ့်ဆုံး စာရင်းဝင် ဖြစ်သွားပြီ။ ထားပါတော့ သယံဇာတ ဘာမှမရှိတဲ့ စင်ကာပူက နံပါတ်တစ်၊ ကမ္ဘာပေါ်မှာလည်း သူက ထိပ်ဆုံးစာရင်းဝင် နိုင်ငံတွေထဲမှာ ပါသွားပြီ။ တစ်ချိန်က ကျွန်တော်တို့က သူတို့ထက် မြင့်ခဲ့တယ်။ အခုတော့ သူတို့က ကျွန်တော်တို့ထက် မြင့်သွားပြီ။ အဲဒါတွေပေါ်မှာ ကျွန်တော်တို့က ဘယ်လိုကုစားမလဲ။ ကျွန်တော်တို့နိုင်ငံ ရှိသင့်ရှိထိုက်တဲ့ နိုင်ငံတစ်ခုဖြစ်အောင် ဘယ်လိုလုပ်ကျမလဲ။ အားလုံးဝိုင်းပြီး လုပ်ကျဖို့တော့ အချိန်တန်ပြီလို့ ယူဆတယ်။ ငါတို့တစ်စုထည်းလုပ်လို့ အောင်မြင်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ မရတော့ဘူး။ ဆိုလိုတာက အဖြေပေါ်လာပြီပေါ့နော်။ ငါတို့ တစ်စုထည်း နဲ့လုပ်ခဲ့လို့ အောင်မြင်တယ်လို့ ယူဆရင်လည်း အဖြေက စင်ကာပူနိုင်ငံလို ဖြစ်သွားရင်တော့ ကောင်းတာပေါ့။ အခုတော့ ဖြစ်မှမဖြစ်ခဲ့တာ။ ဆိုတော့ ဒါကလည်း အဖြေတစ်ခုပါပဲ။
အခုလို ပြန်လည်ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် ဆရာ။                                  

Most Read

Most Recent