ကမ္ဘာ့စီးပွားရေးနှင့် မြန်မာ့စီးပွားရေး

ကမ္ဘာ့စီးပွားရေးနှင့် မြန်မာ့စီးပွားရေး
Published 28 January 2016
ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

(၁)- ယနေ့ ကမ္ဘာ့စီးပွားရေး အနေအထားသည် တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းမှု၊ တရုတ်နိုင်ငံ၏ အစုရှယ်ယာ ဈေးနှုန်းများ ကျဆင်းမှု၊ ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၂၇ ဒေါ်လာအထိ ကျဆင်းလာမှု၊ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့ အရှေ့အလယ်ပိုင်းမှ စစ်ပြေးဒုက္ခသည်များ အလုံးအရင်းဖြင့် ဝင်ရောက်လာမှု၊ ဆွန်နီမွတ်စလင်နှင့် ရှီဟိုက်မူစလင်တို့၏ ပဋိပက္ခတို့အကြား ဆက်ဆံရေးတင်းမာလာမှု၊ အာရှဒေသတွင် တရုတ်နိုင်ငံနှင့် တောင်တရုတ် ပင်လယ်ဒေသတွင်း နိုင်ငံများအကြား နယ်မြေသတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ ပြဿနာကြီးထွားလာမှု၊ ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ စီးပွားရေးနှင့် နိုင်ငံရေး ဆက်ဆံရေး အနေအထား ပြောင်းလဲလာနိုင်မှု၊ အမေရိကန်ဒေါ်လာနှင့်အပြိုင် တရုတ်နိုင်ငံ၏ ယွမ်ငွေအကြား ပြိုင်ဆိုင်မှုပြင်းထန်လာမှု၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု အစရှိသည်တို့ကြောင့် ကမ္ဘာ့စီးပွားရေးသည် ပို၍ပို၍ ပြောင်းလဲလာနိုင်ပေသည်။
(၂) ယခုဆွစ်ဇာလန်နိုင်ငံ Davos မြို့တွင် ကျင်းပနေသော World Economic Forum (WEF) တွင်လည်း ယနေ့ကမ္ဘာ့ စီးပွားရေးနှင့် စပ်လျဉ်း၍ ဆွေးနွေး သုံးသပ်နေ ကြသည်ကို တွေ့ရသည်။
(၃) ကမ္ဘာ့စီးပွားရေးတွင် အဓိကအရေးပါသော လောင်စာ စွမ်းအင်တစ်မျိုးဖြစ်သည့် ရေနံစိမ်းသည် ၁၉၇၀ခုနှစ်ဝန်းကျင်က ကမ္ဘာ့နိုင်ငံရေးကိုပင် ကိုင်လှုပ်နိုင်စေခဲ့ပြီး ရွှေမည်း (Black Gold) ဟူ၍ပင် တင်စား ခေါ်ဝေါ်ခဲ့ကြသော်လည်း ယနေ့တွင်မူ နည်းပညာ မြင့်မားတိုးတက်လာမှု (အစားထိုးစွမ်းအင် ပိုမိုသုံးစွဲလာမှု)၊ ရုပ်ကြွင်း လောင်စာဓာတ် ပြန်လည် ပြည့်ဖြိုးမြဲလောင်စာကို ပိုမိုသုံးစွဲလာမှု၊ ကမ္ဘာ့ရာသီဥတု ပူနွေးလာမှုတို့ကြောင့် ရေနံသည် စီးပွားရေးလက်နက်အဖြစ် အသုံးမပြုနိုင်တော့ပေ။ အင်္ဂလန်၊ အမေရိကန်နိုင်ငံသည် တောက်လျှောက် သိုမှီးထားရာမှ ယခုအခါ ရေနံစိမ်းကို ပြည်ပသို့ တင်ပို့ ရောင်းချလိုက်သည့်အတွက် ကမ္ဘာ့စီးပွားရေးတွင် “နည်းပညာမြင့် ကုန်ပစ္စည်းများ (High-Tech Products) တို့၏ အခန်းကဏ္ဍသည် ပိုမိုထင်ရှား စေခဲ့သည်။
(၄) အလားတူပင် ကုန်ထုတ်လုပ်မှု ကဏ္ဍ (Manufacture Sector) တွင် ကမ္ဘာ့စက်ရုံကြီး (Factory Sector) ဟု တင်စားခေါ်ဆိုခဲ့သည့် တရုတ်နိုင်ငံသည် “လေထုညစ်ညမ်းမှု (Air Pollution)”ဒဏ်ကို အကြီးအကျယ် ရင်ဆိုင်နေရပြီး လေကောင်းလေသန့်ကိုပင် ကနေဒါနိုင်ငံမှ ဝယ်ယူရှူ (လေသန့်ဗူးများ) နေရပြီဖြစ်သည်။
(၅) လေထုညစ်ညမ်းမှုကို ရင်ဆိုင်လာရသော တရုတ်နိုင်ငံသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းတွင် ပေကျင်းမြို့ဝန်းကျင်ရှိ စက်ရုံပေါင်း ၂၅၀၀ ကျော်ကို ပိတ်ပစ်ရန် အမိန့်ပေးခဲ့ပြီး တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု ကဏ္ဍသည် ပြောင်းလဲပစ်ရန် ကြိုးပမ်းလာနေပြီး ယင်းသို့ စပ်ကူးမပ်ကူးကာလတွင် တရုတ်စီးပွားရေး အလျင်အမြန် ထိုးမကျသွားစေရန်အတွက် တရုတ်အစိုးရသည့် ပုံသဏ္ဌာန်မျိုးစုံသော စီးပွားရေး လှုံ့ဆော်မှုများ (Economic Stimulus) ကို ဆက်တိုက် ဖော်ဆောင်ပေးနေရသည်ကို တွေ့ရသည်။
(၆) တစ်ပြိုင်တည်းတွင် အမေရိကန်ဗဟိုဘဏ်နှင့် တရုတ်နိုင်ငံဗဟိုဘဏ်တို့ အကြားရှိ ပြိုင်ဆိုင်မှုဟု ထင်မြင် (စာရေးသူက ထင်မြင်ခြင်း) မှုကိုလည်း တွေ့မြင်နေရသည်။ အဘယ်ကြောင့်ဆိုသော် တရုတ်သမ္မတ ရှီကျင်ပင်း၌ ၂၀၁၅ ခုနှစ်အတွင်းတွင် ဗြိတိန်နိုင်ငံသို့ အလည်အပတ် သွားရောက်ခြင်းမှ ဂျာမနီနိုင်ငံနှင့် ပြင်သစ်နိုင်ငံများမှ ခေါင်းဆောင် များ တရုတ်သို့ လည်ပတ်ခြင်းများ၊ တရုတ်သမ္မတ၏ အရှေ့တောင်အာရှ နိုင်ငံများခရီးစဉ်များ၊ တရုတ်နိုင်ငံမှ ဦးဆောင်သည့် AIIB ဘဏ်၏ ကွန်ရက်ဖွဲ့စည်းပုံ၊ ယခုအာရပ်နိုင်ငံများသို့ သွားရောက်နေသည့် ခရီးစဉ်များသည် တရုတ်ယွမ်ငွေ၏ အနာဂတ်ကို ပုံဖော်ပေးနေခြင်းဟုပင် (စာရေးသူ) ထင်မြင်နေမိသည်။
(၇) တစ်ချိန်တည်းတွင် မိမိနိုင်ငံ၏ စီးပွားရေးကို အဓိက မောင်းနှင်အားအဖြစ် အနေဖြင့် “နည်းပညာအဆင့်အတန်း (Technology Level) နှင့် သုတေသနလုပ်ငန်းများ (Researches) အလေးထားခဲ့သော အမေရိကန် ပြည်ထောင်စုသည် ယနေ့အထိ ရှိခဲ့သော စီးပွားရေးကို ပုံသဏ္ဌာန်သစ် (ဗဟိုဘဏ်သည် အတိုးနှုန်းသည် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ၀ ဒသမ ၂၅ ရာ ခိုင်နှုန်းရှိခဲ့ရာမှာ ခုနစ်နှစ်အကြာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ၀ ဒသမ ၅၀ ရာခိုင်နှုန်းသို့ မြှင့်တင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် အမေရိကန်ဒေါ်လာသည် ပိုမို ခိုင်မာအားကောင်းလာပြီး ကျန်ကမ္ဘာ့နိုင်ငံများ၏ ငွေကြေးများသည် နှိုင်းယှဉ်တန်ဖိုး နိမ့်ဆင်းသွားရသည်။
(၈)ဤကဲ့သို့သော ကမ္ဘာ့စီးပွားရေး အနေအထားတွင် ယနေ့လက်ရှိ မြန်မာ့စီးပွားရေးမှာလည်း မြင့်တက်လာနေသော ငွေကြေးဖောင်းပွမှုနှုန်း (ခန့်မှန်းခြေအားဖြင့် ၁၂ ရာခိုင်နှုန်း ဝန်းကျင်တွင် ရှိနိုင်သည်ဟု ခန့်မှန်းကြသည်) နှင့်အတူ မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်၏ အဓိက ပို့ကုန်ဖြစ်သော သဘာဝဓာတ်ငွေ့ ထုတ်လုပ် တင်ပို့ ရောင်းရငွေ ကျဆင်းလာခြင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေ ပမာဏ လျော့နည်း ကျဆင်းလာနေခြင်း၊ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများမှ နိုင်ငံခြားငွေ ရှာဖွေနိုင်မှု အားနည်းနေသေးခြင်း၊ အစိုးရ၏ ဘဏ္ဍာရေးလိုငွေ ပမာဏကြီးထွားလာခြင်း စသော ကြီးမားသော စိန်ခေါ်မှုများရှိနေသည်ကို တွေ့ရသည်။
(၉) တစ်ချိန်တည်းတွင် အိမ်နီးချင်းတရုတ်နိုင်ငံ (ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေး) ၏ စီးပွားရေး ပုံသဏ္ဌာန်နှင့်အတူ ပြောင်းလဲဖြစ်ပေါ်လာမည့် တရုတ်နိုင်ငံ၏ ကုန်ထုတ်ယန္တရား အသီးသီး၏ “ကုန်ထုတ်စရိတ်စက ဖွဲ့စည်းတည်ဆောက်ပုံ (Cost-Structure) သည် ဈေးပေါသော (ဈေးသက်သာသော) တရုတ်ပစ္စည်းများသည် နောင်တွင် ယခုကဲ့သို့ ဈေးပေါတော့မည်မဟုတ်ဟု စာရေးသူ ထင်မြင်သည်။ အကြောင်းမှာ အထက်ပါစာပိုဒ်တွင် ရေးခဲ့သကဲ့သို့ လေထုညစ်ညမ်းမှု ပြဿနာ ရင်ဆိုင်နေရသောကြောင့် တရုတ်ငွေကြေးယွမ်ငွေကို အခြားအခြားသော နည်းလမ်းများဖြင့် ပိုမို (ပိုမို) လည်ပတ် (Velocity) စေပေမည်ဟု ယူဆသောကြောင့်ပင် ဖြစ်သည်။
(၁၀) ဤကဲ့သို့သော ကမ္ဘာ့စီးပွားရေးနှင့် မြန်မာ့စီးပွားကို ပေါင်းစပ်ကာ မြန်မာနိုင်ငံ၏ လူမှုစီးပွားကို မည်သို့မည်ပုံ ပြုပြင်ပြောင်းလဲပေးမည်နည်းဟူသော စိန်ခေါ်မှုနှင့် ဒီမိုကရေစီစနစ်ကို အရှည်တည်တံ့ အောင်မြင်စေရန်ဟူသော စိန်ခေါ်မှုကြီးနှစ်ခုကို မလွဲမသွေ ရင်ဆိုင်ရပေလိမ့်မည်ဟု ယူဆသည်။

Most Read

Most Recent