ကြိုတင်မဲပုံးများအား ခွင့်ပြုချက်မရှိဘဲ သယ်ဆောင်သည်ဟုဆိုကာ NLD ပါတီဝင် အမျိုးသမီးလေးဦးကို ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူးက တရားစွဲသည့်အမှု စတုတ္ထရုံးချိန်းတွင် ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်နှစ်ဦးအား စစ်ဆေး

ကြိုတင်မဲပုံးများအား ခွင့်ပြုချက်မရှိဘဲ သယ်ဆောင်သည်ဟုဆိုကာ NLD ပါတီဝင် အမျိုးသမီးလေးဦးကို ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူးက တရားစွဲသည့်အမှု စတုတ္ထရုံးချိန်းတွင် ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်နှစ်ဦးအား စစ်ဆေး
Published 20 January 2016
နေရိုင်း၊ ကျော်မျိုး

ကြိုတင်မဲပုံးများအား မဲရုံသို့ ခွင့်ပြု ချက်မရှိဘဲ သယ်ဆောင်သည်ဟုဆိုကာ NLD ပါတီဝင် အမျိုးသမီးလေးဦးကို ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူးက တရားစွဲဆိုသည့်အမှု စတုတ္ထအကြိမ်မြောက် ရုံးချိန်းတွင် လိုပြသက်သေအဖြစ် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်နှစ်ဦးအား စစ်ဆေးခဲ့ပြီး မဲပုံးများ ဖွင့်ဖောက်ထားခြင်း မရှိဟု ထွက်ဆိုခဲ့ကြောင်း သတင်းရရှိသည်။ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးမှ ကြိုတင်မဲပုံးများအား အ.ထ.က(၆)ရှိ မဲရုံသို့ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကြည်က ကားငှားပို့ဆောင်ရာတွင် မဲပုံးများနှင့် NLD ပါတီဝင် မဲရုံစောင့်အမျိုးသမီးများ လိုက်ပါပြီးနောက် ဦးဝင်းကြည်အား အသိပေးခြင်းမရှိဘဲ ကားမှာ မဲရုံသို့ ထွက်ခွာသွားကြောင်း၊ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ဦးမြတ်ဟိန်း၏ ရွေးကောက်ပွဲကိုယ်စားလှယ် ပြည်ခိုင်ဖြိုး မြို့နယ်အတွင်းရေးမှူးဖြစ်သူ ဦးဝင်းဌေးက မနိုင်နိုင်မော်၊ မခင်အုန်းမြင့်၊ မထက်ထက်မိုးလွင်၊ မနီလာ တို့အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၈ (ဃ) ဖြင့် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ ရုံးချိန်းတွင် လိုပြသက်သေအဖြစ် ဘောဂသိဒ္ဓိရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ အတွင်းရေးမှူး ဦးညွန့်ရွှေ နှင့် အဖွဲ့ဝင် ဒေါ်အေးအေးမော်တို့အား စစ်ဆေးခဲ့ပြီး ၎င်းတို့နှစ်ဦးက မဲရုံတွင် ရောက်ရှိနေခြင်းဖြစ်၍ မဲပုံးများအား ရပ်ကွက်ရုံးမှ ကားဖြင့် သယ်ဆောင်လာသည့် ဖြစ်စဉ်အား မသိရှိကြောင်း၊ မဲရုံသို့ ကားရောက်လာပြီးနောက် ဦးဝင်းကြည်လည်း မော်တော်ဆိုင်ကယ်ဖြင့် ရောက်လာကြောင်း၊ မဲပုံးများအား ဖွင့်ဖောက်ထားခြင်း မရှိကြောင်း ထွက်ဆိုခဲ့သည်။NLD ပါတီဝင် အမျိုးသမီးလေးဦး၏ ရှေ့နေဖြစ်သူ အထက်တန်းရှေ့နေ ဒေါ်မင်းမင်းစိုးက “ဒီနေ့က လိုပြသက်သေအဖြစ် ဦးညွန့်ရွှေနဲ့ ဒေါ်အေးအေးမော်ကို စစ်ပါတယ်။ သူတို့တွေက မဲရုံမှာရောက်နေတာဆိုတော့ ရှေ့ပိုင်းမှာဖြစ်တဲ့ဟာကို သူတို့ဘာ မှမသိဘူး။ ဦးဝင်းကြည်မဲပုံးကို ကားနဲ့သယ်တဲ့ ကိစ္စ၊ ခွင့်ပြုတာ မပြုတာ သူတို့ဘာမှမသိဘူး။ သူတို့သိတာ မဲပုံးတွေ မဲရုံကိုရောက်တဲ့ ကိစ္စသိတယ်။ မဲပုံးတွေ ဖောက်ဖျက်ထားတာ မရှိဘူး။ ခြေရာလက်ရာ မပျက်ဘူးဆိုတာ နှစ်ယောက်စလုံးက အခိုင်အမာ ထွက်ဆိုထားတယ်”ဟု ပြောကြားသည်။လာမည့်ရုံးချိန်းကို ဖေဖော်ဝါရီ  ၃ ရက်သို့ ချိန်းဆိုလိုက်ကြောင်း သိရသည်။ 

Most Read

Most Recent