လူထုအတွက် အမှန်တကယ် လိုအပ်သည့် ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ မူဘောင်များ အစိုးရသစ်နှင့် လွှတ်တော်သစ်သို့ အကြံပြုတင်ပြရန် အရပ်ဘက်အဖွဲ့အစည်းများက မူဘောင်များ ရေးဆွဲပြင်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် ပြုလုပ်ခဲ့သည့် မြန်မာပြည်သူ့ဖိုရမ် ၂၀၁၅ ၌ အရပ်ဘက်အဖွဲ့အစည်း ၂၀၀ ကျော်မှ တက်ရောက်လာသော အရပ်ဘက်ဆိုင်ရာပညာရှင်များ၊ ကျွမ်းကျင်သူများနှင့် လက်တွေ့နယ်ပယ်တွင် အလုပ်လုပ်ကိုင်နေသော အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဦးဆောင်ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများကို အခြေခံ၍ နိုင်ငံတကာအတွေ့အကြုံရှိ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများမှ ပြည်သူ့ရေးရာမူဝါဒကျွမ်းကျင်သူများက ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ မူဘောင်များအဖြစ် ရေးဆွဲကာ အာဏာလွှဲပြောင်းရယူမည့် ဒီမိုကရေစီစနစ်ဖြင့်ပြည်သူများက ရွေးကောက်ထားသည့် အစိုးရသစ်အဖွဲ့နှင့် လွှတ်တော်သစ်များထံသို့ တင်ပြသွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။မြန်မာပြည်သူ့ဖိုရမ်လုပ်ငန်းအဖွဲ့မှ ဒါရိုက်တာ ဦးကျော်လင်းဦးက “ ဒီဇင်ဘာ ၁၅၊ ၁၆ ရက်မှာ လုပ်ခဲ့တဲ့ မြန်မာပြည်သူ့ဖိုရမ် ဆွေးနွေးပွဲတွေမှာ ဆွေးနွေးတဲ့ အကြောင်းအရာတွေရှိတယ်။ အဲဒီအကြောင်းအရာတွေကို ကျွန်တော်တို့က စုစည်းထားပြီး ပြည်သူ့ရေးရာကျွမ်းကျင်တဲ့ သူတွေနဲ့ အခုလာမယ့် အပတ်တွေထဲမှာ အစည်းအဝေးတွေ စလုပ်မယ်။ ဆိုတော့ ပြည်သူ့ရေးရာကျွမ်းကျင်သူများနဲ့ အဲဒီဆွေးနွေးချက်တွေပေါ်မှာ အခြေတည်ပြီးတော့မှ မူဝါဒ၊ မူဘောင်တစ်ရပ်ကို ကျွန်တော်တို့ သက်ဆိုင်ရာကဏ္ဍအလိုက်၊ ခေါင်းစဉ်အလိုက် ရေးဆွဲမယ်။ နောက်အဲဒီ မူဝါဒမူကြမ်းတွေကို လာမယ့် မတ် ၃၁ ရက်နောက်ပိုင်းမှာ အစိုးရသစ်တက်လာတဲ့အခါ အဓိက ကတော့ ကျွန်တော်တို့က အစိုးရသစ်ကို ပေးမှာဖြစ်တဲ့အတွက် အစိုးရသစ် တက်လာတဲ့အချိန်၊ အာဏာလွှဲပြောင်းပြီးတဲ့ အချိန်ကျမှ အစိုးရနဲ့လွှတ်တော်နှစ်ရပ်စလုံးကို ကျွန်တော်တို့မူကြမ်းတွေ တစ်ပြိုင်နက်တည်း ပေးပို့မှာဖြစ်ပါတယ်”ဟု ဇန်နဝါရီ ၂၀ ရက်က ပြောကြားသည်။အဆိုပါ ပြည်သူ့ရေးရာမူဝါဒများဆိုင်ရာ အကြံပြုချက်များတွင် ငြိမ်းချမ်းရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သယံဇာတခွဲဝေရေး၊ တိုင်းရင်းသားလူမျိုးစုအခွင့်အရေးများနှင့် လူငယ်ဖွံ့ဖြိုးရေးတို့နှင့် ပတ်သက်သည့် အချက်အလက်များ ထည့်သွင်းအကြံပြုသွားမည်ဖြစ်ကြောင်း သိရသည်။“ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လုပ်ငန်းစဉ်တွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပြည်သူလူထုတွေကို စည်းဝေးတိုင်ပင်ဖို့၊ အဲဒါကို မူတစ်ရပ်အနေနဲ့ အစိုးရသစ်က ချမှတ်ထားဖို့၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက်ဆိုရင် လယ်သမားတွေရဲ့ မြေယာကိစ္စတွေကို ဖြေရှင်းပေးဖို့၊ ဘယ်လိုမျိုးမူဝါဒတွေ ချမှတ်ပေးဖို့ စသည်အားဖြင့် ဒီလိုသက်ဆိုင်ရာ ခေါင်းစဉ်အလိုက် အကြောင်းအရာမျိုးတွေပါမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အစိုးရသစ်ရဲ့ မူဝါဒရေးရာလုပ်ငန်းတွေ အကောင်အထည်ဖော်တဲ့အခါမှာ ပြည်သူ့ရဲ့လိုလားချက်အသံတွေ၊ ဆန္ဒတွေကို ထည့်သွင်းစဉ်းစားနိုင်စေဖို့ ဖြစ်ပါတယ်”ဟု ဦးကျော်လင်းဦးက ဆက်လက်ပြောကြားသည်။မြန်မာပြည်သူ့ဖိုရမ်၂၀၁၅ တွင် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်း၂၀၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေး အဖြေရှာခဲ့ခြင်း ဖြစ်သည့်အတွက် လူထုလို အပ်ချက်များအတွက် အခြေခံကျသည့် မူဘောင်များ ထွက်လာနိုင်မည်ဖြစ်ကာ အဆိုပါ ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ မူဘောင်များကို ဧပြီလဆန်းပိုင်းတွင် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
လူထု အမှန်တကယ်လိုအပ်သည့် ပြည်သူ့ရေးရာမူဝါဒများ အစိုးရသစ်နှင့် လွှတ်တော်သစ်သို့ အကြံပြုတင်ပြရန် အရပ်ဘက်အဖွဲ့အစည်းများ ပြင်ဆင်















