ဗဟိုအစိုးရ အားကောင်းပြီး ခွဲထွက်ခွင့်ကို မတောင်းဆိုသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်မည်ဟု တပ်မတော် အစုအဖွဲ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ စာတမ်းတင်သွင်း

ဗဟိုအစိုးရ အားကောင်းပြီး ခွဲထွက်ခွင့်ကို မတောင်းဆိုသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်မည်ဟု တပ်မတော် အစုအဖွဲ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ စာတမ်းတင်သွင်း
Published 14 January 2016
အောင်ဇော်ထွန်း

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တတိယနေ့ကို ဇန်နဝါရီ ၁၄ ရက်က နေပြည်တော်၌ ကျင်းပရာ ညီလာခံတွင် ဖက်ဒရယ်စနစ်တွင် အခြေခံသင့်သည့်မူများနှင့် ပတ်သက်၍ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အပါအဝင် အစုအဖွဲ့များက စာတမ်းတင်သွင်းခြင်း ဆွေးနွေးခြင်း ပြုလုပ်ရာ ဗဟိုအစိုးရ အားကောင်းပြီး ခွဲထွက်ခွင့်ကို မတောင်းဆိုသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်မည်ဟု တပ်မတော်အစုအဖွဲ့က စာတမ်းတင်သွင်းခဲ့သည်။
ညီလာခံ တတိယနေ့တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့များက အဖွဲ့များခွဲကာ ညီလာခံ ဒုတိယနေ့က အစုအဖွဲ့တစ်ခုချင်းစီက သီးသန့်ဆွေးနွေးထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ် ဝန်းကျင်ဆိုင်ရာ မူဝါဒများ စသည့်ခေါင်းစဉ်ကြီး ငါးရပ်ပါ အကြောင်းအရာများအပေါ် စုစည်းနိုင်ရေး ဆွေးနွေးခဲ့သည်။
နိုင်ငံရေး ဆွေးနွေးမှုကဏ္ဍ၌ ဖက်ဒရယ်စနစ်တွင် အခြေခံသင့်သည့်မူများ (ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များ) ခေါင်းစဉ်နှင့်ပတ်သက်၍ အစုအဖွဲ့များက စာတမ်းတင်သွင်းခြင်း၊ ဆွေးနွေးခြင်းပြုလုပ်ရာ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် အောင်မြင်စေရန်အတွက် နိုင်ငံတိုင်းကို ဖက်ဒရယ်စနစ် တည်ဆောက်ရမည်ဟု ဆိုလိုခြင်း မဟုတ်သော်လည်း ဒီမိုကရေစီ မထွန်းကားဘဲ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်လို့ရနိုင်မည် မဟုတ်ကြောင်း တွေ့ရှိရသည်ဟု တပ်မတော် အစုအဖွဲ့ ကိုယ်စားလှယ်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် စာတမ်းဖတ်ကြားရာ၌ ပြောကြားသည်။
တပ်မတော် အစုအဖွဲ့ ကိုယ်စားလှယ်က “ဒါကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ပြည်ထောင်စု မပြိုကွဲရေး တိုင်းရင်းသာ းစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ရှေးရှုပြီးတော့ လက်ရှိလူဦးရေ နေထိုင်မှုအရ ပထဝီ အပိုင်းအခြားကို အခြေခံတဲ့ သမိုင်းကြောင်းအရ ပြည်မကို ဝန်းရံသော ပြည်ထောင်စု တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး တန်းတူညီမျှရှိမှု တိုင်းရင်းသား အခွင့်အရေးရှိမှု နိုင်ငံသား အားလုံးတန်းတူညီမျှရရှိမှု တရားမျှတမှုရှိမှုနဲ့ အခြေခံလူ့အခွင့်အရေးရှိမှု စတဲ့အင်္ဂါရပ်များနဲ့ ပြည့်စုံပြီးတော့ ဗဟိုအစိုးရ အားကောင်းပြီး ခွဲထွက်ခွင့်ကို မတောင်းဆိုတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံပြီး ပြည်ထောင်စုစနစ်ကို တည်ဆောက်သွားမှာ ဖြစ်ကြောင်း တင်ပြရင်း ကျွန်တော့်ရဲ့ ဆွေးနွေးမှုကို နိဂုံးချုပ်အပ်ပါတယ်” ဟု စာတမ်းဖတ်ကြားခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အစုအဖွဲ့ ကိုယ်စားလှယ်က “ကျွန်တော်ဒီနေ့ တင်သွင်းမယ့် စာတမ်းက အခုလက်ရှိ NCA စာချုပ်ကို လက်မှတ်ရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ရှစ်ဖွဲ့ရဲ့ သဘောထား စာတမ်းသာမကဘဲနဲ့ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံး ဒီမိုကရေစီ အင်အားစုများအားလုံး ကျွန်တော်တို့ နှစ်ပေါင်းများစွာ တိုင်ပင်ဆွေးနွေးပြီးတော့မှ ကျွန်တော်တို့ တိုင်းပြည်ကြီးကို ပင်လုံညီလာခံမှာ မျှော်မှန်းခဲ့တဲ့အတိုင်း ပင်လုံစိတ်ဓာတ်နဲ့အညီ ပင်လုံကတိကဝတ်များကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ဆိုပြီးတော့ အကြိမ်ပေါင်းများစွာ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီလိုလုပ်ခဲ့တဲ့ ဆွေးနွေးညှိနှိုင်း မှုတွေထဲမှာ၂၀၀၅ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အားလုံးနီးပါးနှင့် ဒီမိုကရေစီ အင်အားစုများ ခေါင်းဆောင် ၁၀၄ ဦးက သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ အခြေခံမူ ရှစ်ချက်ကို ကျွန်တော်တို့ အနေနဲ့ တင်ပြဖို့ ပြင်ဆင်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ ကျွန်တော်တို့ အနေနဲ့ လက်မှတ်ထိုးနိုင်တဲ့အဖွဲ့နဲ့ လက်မှတ်မထိုးနိုင်သေးတဲ့ အနေအထားမျိုး ပေါ်လာတဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ဒီမှာလာပြီး လက်မှတ်ထိုးတဲ့အဖွဲ့ ကိုယ်စားသာ မဟုတ်ဘဲနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အားလုံးနဲ့ တိုင်းရင်းသား လူမျိုးအားလုံး လိုလားတဲ့ ဖက်ဒရယ်စနစ် ကျွန်တော်တို့ နှစ်ပေါင်းများစွာ ကတည်းက တောင်းဆိုခဲ့တဲ့ တောင်းဆိုချက်ကို ကျွန်တော်တို့အနေနဲ့ ဖတ်ကြားတင်သွင်းဖို့ ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်။ အဲဒီညီလာခံရဲ့ ဆုံးဖြတ်ချက်တစ်ခုကတော့ ဘာလဲဆိုတော့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေ းအဖွဲ့အစည်းများသည် ခွဲထွက်ခွင့်အတွက် လက်နက်ကိုင် တော်လှန်ကြတယ်ဆိုတဲ့ အမြင်မှားယွင်းမှုကို အဲဒီညီလာခံတုန်းက ကျွန်တော်တို့ ပြင်ဆင်နိုင်ခဲ့ပါတယ်။ ၂၀၀၅ ပြည်ထောင်စုနေ့မှာ လက်မှတ်ရေးထိုးခဲ့တဲ့ ညီလာခံတုန်းက ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့အတွက် သို့တည်းမဟုတ် အာမခံချက် ပေးနိုင်ဖို့ ဆိုပြီးတော့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ခွဲထွက်ခွင့် ပုဒ်မ  ပါခဲ့ပေမယ့် အဲဒီခွဲထွက်ခွင့်ပုဒ်မဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေကို အခွင့်အရေးကို အကာအကွယ် မပေးနိုင်ရုံသာမက ခွဲထွက်ခွင့်ပုဒ်မကြောင့် ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ပိတ်ပင်ခြင်း ခံရတယ်။ ပြည်တွင်းစစ် ဖြစ်ပွားရတယ်။ ဒုက္ခအမျိုးမျိုး ကြုံခဲ့ရတယ်။ ပြီးတော့ ကျွန်တော်တို့ လိုလားတာက ပင်လုံကတည်းကနေ ကျွန်တော်တို့မျှော်မှန်းခဲ့တဲ့ မျှော်မှန်းချက်က ဖက်ဒရယ် ပြည်ထောင်စုစနစ်ပဲ ဖြစ်ပါတယ်။ ဖက်ဒရယ်မူအရ ခွဲထွက်ခွင့်ဆိုတာ မပါပါဘူး။ ထို့အတွက်ကြောင့် ခွဲထွက်ခွင့်ကို ကျွန်တော်တို့  ထားခဲ့ရတော့မယ်။ ကျွန်တော်တို့ အခြေခံမူမှာ မသုံးတော့ဘူး ဆိုပြီးတော့ အဲဒီညီလာခံတုန်းက ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၀၅ မှာဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ၂၀၀၅ တိုင်းရင်းသား လူမျိုးပေါင်းစုံ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းပေါင်းစုံရဲ့ညီလာခံ ဆုံးဖြတ်ချက်ဟာ ကျွန်တော်တို့ ပြည်ထောင်စု သမိုင်းမှာ သမိုင်းသစ်တစ်ခု ဖြစ်ခဲ့တာကို ကျွန်တော်တို့ တွေ့နိုင်ပါတယ်” ဟု ညီလာခံတွင် ရှင်းလင်းပြောကြားသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အစုအဖွဲ့က အချုပ်အခြာအာဏာ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုမူ၊ တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးများကို ကာကွယ်ခြင်း၊ ဒီမိုကရေစီ အခွင့်အရေးနှင့် ကျား/မ ဆိုင်ရာ တန်းတူညီမျှမှု၊ ပါတီစုံဒီမိုကရေစီ၊ ဘာသာရေးကို အခြေမခံသောနိုင်ငံ စသည့်အခြေခံမူ ရှစ်ချက်တို့နှင့် ပတ်သက်ပြီး အသေးစိတ် ရေးသားထားသော စာတမ်းကို ညီလာခံသို့ တင်သွင်းခဲ့ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့၏ စာတမ်းတင်သွင်း ဖတ်ကြားမှု အပြီးတွင် နိုင်ငံရေး ပါတီအစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားနှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့ ကိုယ်စားလှယ်များက ဖက်ဒရယ် စနစ်တွင် အခြေခံသင့်သည့်မူများနှင့် ပတ်သက်ပြီး ၎င်းတို့၏ သဘောထားများကို တင်ပြဆွေးနွေးခဲ့သည်။   

Most Read

Most Recent