နှိပ်စက်ခံခဲ့ရသည့် အိမ်အကူမိန်းကလေးက အိမ်ရှင်ဖြစ်သူအား ဗဟန်းမြို့နယ်တရားရုံးတွင် စွဲဆိုထားသောအမှု လာမည့်ရုံးချိန်းတွင် ပြန်ခေါ်သက်သေများ စစ်ဆေးမည်

နှိပ်စက်ခံခဲ့ရသည့် အိမ်အကူမိန်းကလေးက အိမ်ရှင်ဖြစ်သူအား ဗဟန်းမြို့နယ်တရားရုံးတွင် စွဲဆိုထားသောအမှု လာမည့်ရုံးချိန်းတွင် ပြန်ခေါ်သက်သေများ စစ်ဆေးမည်
Published 14 January 2016
ဝေလင်းအောင်

နှိပ်စက်ခံရသည့် အသက် ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေးက အိမ်ရှင်ဖြစ်သူအား ဗဟန်းတရားရုံးတွင် တရားစွဲဆိုထားသည့်အမှု လာမည့်ရုံးချိန်းတွင် ပြန်ခေါ်သက်သေများကို စစ်ဆေးမည်ဖြစ်ပြီး တရားရင်ဆိုင်နေသည်မှာ တစ်နှစ်ကျော် ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။၂၀၁၅ ခုနှစ် သြဂုတ် ၁၄ ရက်တွင် ဗဟန်းမြို့နယ် တရားရုံးက ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟုဆိုကာ အိမ်ရှင်ဖြစ်သူ အမျိုးသားအား  ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆ (ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု)၊ ပုဒ်မ ၁၁၄ (အားပေးကူညီမှု)၊ ပုဒ်မ ၅၀၆ (ခြိမ်းခြောက်မှု) တို့ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ပြီးနောက် အိမ်ရှင်ဖြစ်သူက အဆိုပါစွဲချက်များအား ပယ်ဖျက်ပေးရန် အနောက်ပိုင်းခရိုင်တရားရုံးသို့ လျှောက်ထားခဲ့ကာ ခရိုင်တရားရုံးက ပုဒ်မ ၅၀၆ အား ပယ်ဖျက်ပေးရန် အမိန့်ချခဲ့ကြောင်း သိရသည်။“မြို့နယ်တရားသူကြီး အပြောင်းအလဲရှိတာကြောင့် အရင် ရုံးချိန်းတွေကို မစစ်ဆေးဖြစ်ဘဲ ရုံးချိန်းပဲ ပေးခဲ့တယ်။ အခု မြို့နယ်တရားသူကြီးအသစ ်ရောက်ပြီလို့ သိရတဲ့အတွက် လာမယ့်ရုံးချိန်းမှ စစ်ဖြစ်မယ် ထင်တယ်။ စစ်ဖြစ်ရင်တော့ တရားလိုဘက်က တင်ပြတဲ့ ပြန်ခေါ်သက်သေကို စစ်ဆေးမှာပါ။ အမှုရင်ဆိုင်နေရတာ တစ်နှစ်ကျော်တော့ ရှိနေပြီ”ဟု အိမ်အကူမိန်းကလေး၏ ရှေ့နေဖြစ်သူက ဇန်နဝါရီ ၉ ရက်တွင် ပြောကြားခဲ့သည်။ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းက အသက် ၁၄ နှစ်အရွယ် အိမ်အကူမိန်းကလေးကို ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟုဆိုကာ ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်းရပ်ကွက်နေ အိမ်ရှင်ဖြစ်သူ ကိုကြည်လှမြင့်နှင့် မသီရိကိုကိုတို့အား ဗဟန်းမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရပြီး  ယင်းအနက် မသီရိကိုကိုမှာ ယခုအချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။နှိပ်စက်ခံခဲ့ရသည့် အိမ်အကူမိန်းကလေးမှာ လက်တွင် ဆီပူလောင်ဒဏ်ရာများနှင့် ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ဆေးရုံတွင် ဆေးကုသမှုခံခဲ့ရကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။ 

Most Read

Most Recent