ပုဂံရောက် ပြည်တွင်းပြည်ပ ခရီးသွားအချို့ ဘုရားများပေါ် မဆင်မခြင် တက်ရောက်မှုများကြောင့် ပြုတ်ကျကာ ထိခိုက် ဒဏ်ရာရရှိမှုများရှိ

ပုဂံရောက် ပြည်တွင်းပြည်ပ ခရီးသွားအချို့ ဘုရားများပေါ် မဆင်မခြင် တက်ရောက်မှုများကြောင့် ပြုတ်ကျကာ ထိခိုက် ဒဏ်ရာရရှိမှုများရှိ
Published 14 January 2016
ကိုနော် (ပုဂံ)

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ လာရောက် လည်ပတ်ကြသည့်၊ ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များသည် ပုဂံရှေးဟောင်း ဘုရားများ၏ အစွန်အဖျားများသို့ မဆင်မခြင် တက်ရောက်မှုများကြောင့် မတော်တဆ ပြုတ်ကျကာ ထိခိုက်ဒဏ်ရာရရှိမှုများ နှစ်စဉ်လိုလိုဖြစ်ပွားရာ ဇန်နဝါရီ ၈ ရက် ညနေပိုင်းကလည်း နိုင်ငံခြားသားတစ်ဦး ဘုရားပေါ်မှ မတော်တဆ ပြုတ်ကျကာ ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“ဆွစ်ဇာလန်နိုင်ငံသားပါ။ အသက်က ၄၂ နှစ်။ အမျိုးသားပါ။ ဗူးလယ်သီးဘုရား အရှေ့ဘက်က ဘုရားပေါ်ကနေ ပြုတ်ကျတာ။ အမြင့်ပေ ၁၂ ပေလောက် ရှိမယ်။ ဒဏ်ရာကတော့ ဘယ်ဘက် ပခုံးရိုးအဆစ် လွဲသွားတယ် ပြောတယ်။ စိုးရိမ်ရတဲ့ အခြေအနေမျိုးတော့ မရှိပါဘူး”ဟု ဘုရားပေါ်မှ လိမ့်ကျခဲ့သဖြင့် ညောင်ဦးဆေးရုံသို့ နိုင်ငံခြားသားအား ပို့ဆောင် ကုသပေးရာတွင် ကူညီဆောင်ရွက်ပေးသူ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦက ပြောကြားသည်။
ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များသည် ပုဂံဘုရားများ၏ အစွန်အဖျားများသို့ အရဲစွန့် တက်ရောက်ကာ ဓာတ်ပုံအရိုက်ခံခြင်း၊ ရှုခင်းကြည့်ခြင်းစသည်များ ပြုလုပ်မှုကြောင့် မတော်တဆ ပြုတ်ကျမှုပြီး၊ ဒဏ်ရာရရှိမှုများ သာမက သေဆုံးမှုပင် ပုဂံဒေသတွင် ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
“ဝက်ကြီးအင်း ဂူပြောက်ငယ်ပေါ်က လိမ့်ကျလို့ ဂျာမန်တစ်ဦး သေဆုံးခဲ့ဖူးတယ်။ဘုရားပေါ်က လိမ့်ကျတာတော့ နိုင်ငံခြားသားတွေ ဖြစ်တာများတယ်။ မြန်မာတွေလည်း မဆင်မခြင် တက်နေကြတာတွေ မြင်ဖူးတယ်။နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ စေတီပုထိုးတွေဖြစ်လို့ အရဲမကိုးစေချင်ပါဘူး”ဟု ဘုရားများတွင် ဈေးလိုက်ရောင်းသော ဒေသခံ အမှတ်တရ ပစ္စည်းရောင်းသူ အမျိုးသားတစ်ဦးက ပြေကြားသည်။ မကြာသေးမီကလည်း ဘုရားတံတိုင်းပေါ် အမျိုးသမီးနှစ်ဦးတက်ရောက် ဓာတ်ပုံရိုက်သည့်အတွက် ဟိုတယ်/ခရီးမှ အသိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

Most Read

Most Recent