ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးမျိုးချစ်က တရားလို ပြုလုပ်၍ ကျောက်တန်းမြို့နယ် အနိုင်ရ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးအား လမ်းပိတ်ဆို့မှု အပါအဝင် အခြားအမှု ၁၅ မှု တရားစွဲထားသည့်အနက် ဒုမဲရုံမှူးအား မှားယွင်းတရားစွဲဆိုမိသည့်အတွက် အမှုရုပ်သိမ်းပေးပါရန် ဇန်နဝါရီ ၁၁ ရက် ငါးကြိမ်မြောက် ရုံးချိန်းတွင် ကျောက်တန်းမြို့နယ် တရားရုံးသို့ လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။လျှောက်ထားရာတွင် ကျောက်တန်းမြို့နယ် ညောင်ဝိုင်း aကျးရွာအုပ်စု မဲရုံ (၁) ၏ ဒုတိယ မဲရုံမှူး ဒေါ်မြမြအေးကို ပုဒ်မ ၅၉ (ခ) ဖြင့် ဆွဲထားသည့် အမှုနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာ ၃၀ ရက် ရက်စွဲ၊ စာအမှတ် ၆၄၅/ ၅/ရပကခ-၂/ရကမရဖြင့် မှားယွင်းစွာ တရားစွဲဆိုခဲ့သည့်အတွက် အမှုအား ရုပ်သိမ်းပေးရေး ကိစ္စအပေါ် ဦးအုန်းမြင့်၏ သဘောဆန္ဒအရ ရုပ်သိမ်းပေးပါရန် တင်သွင်းခဲ့ရာ တရားရုံးမှ သက်သေအဖြစ် လက်ခံခဲ့သည်။ထို့နောက် စွပ်စွဲခံရသူ ဒုမဲရုံမှူး ဒေါ်မြမြအေးဘက်က လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက တရားလိုအား အပြန်အလှန် မေးခွန်းများ မေးမြန်းခဲ့ကြောင်း သိရသည်။မေးမြန်းရာတွင် အမှုနှင့် ပတ်သက်၍ ဦးမျိုးချစ် ဆန္ဒမပါဘဲ နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ရုံး၏ ဦးအုန်းမြင့်အပေါ် ညွှန်ကြားချက်အရ ဦးမျိုးချစ်မှ ရုပ်သိမ်းပေးခြင်းလားဟုမေးရာ ဦးမျိုးချစ်က ကျွန်တော်သည် ဦးအုန်းမြင့်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်ဖြစ်၍ ဦးအုန်းမြင့် ဆန္ဒပါမှသာ ရုပ်သိမ်းခွင့်ရှိပြီး ဦးအုန်းမြင့် ဆန္ဒအရ ကျွန်တော်က ရုပ်သိမ်းပေးရဖြင်းဖြစ်သည်ဆိုလျှင် မှန်သည်ဟု ထွက်ဆိုခဲ့သည်။ဝန်ကြီး ဦးအုန်းမြင့်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးမျိုးချစ်သည် ယခုအမှုကို ဦးအုန်းမြင့်က ကျေကျေနပ်နပ် သဘောတူညီချက်အရ အမှုအား ရုပ်သိမ်းပေးပါရန် တင်သွင်းရခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ထို့နောက် အပြန်အလှန် မေးခွန်းများ မေးခဲ့ပြီး ကျောက်တန်းမြို့နယ် တရားသူကြီးက အဆိုပါ အမှုအတွက် နောက်ရုံးချိန်းအား ဇန်နဝါရီ ၂၅ ရက်သို့ ချိန်းဆိုခဲ့သည်။အမှုနှင့် ပတ်သက်ပြီး မှားယွင်း တရားစွဲဆိုခံရသူ ဒုမဲရုံမှူး ဒေါ်မြမြအေး၏ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ယခုဖြစ်စဉ်တွင် ဦးအုန်းမြင့်၏ ကိုယ်စားလှယ်က တရားလိုပြုလုပ် တိုင်ကြားခဲ့ခြင်းဖြစ်၍ ဦးအုန်းမြင့်တွင် တာဝန်ရှိကြောင်းနှင့် မှားယွင်းတရားစွဲခံရသူဘက်မှ နစ်နာမှုများအတွက် ပြန်လည်တရားစွဲဆိုနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။“ကျွန်တော်တို့က ရှင်းရှင်းပြောတာ မှားယွင်းစွာ တရားစွဲတယ်ဆိုရင် စွဲတဲ့သူမှာ တာဝန်ရှိတယ်။ အဲဒီတာဝန်ကို ဘယ်သူကပဲလုပ်လုပ် တရားလိုစွဲတဲ့သူမှာ တာဝန် အရှိဆုံး။ တရားလိုက စွဲတယ်ဆိုပေမယ့် အဲဒီတရားလိုက ဦးအုန်းမြင့်ရဲ့ ကိုယ်စားလှယ် ဖြစ်တဲ့အတွက် ဦးအုန်းမြင့်မှာ တာဝန်ရှိတယ်လို့ ကျွန်တော်က မြင်တယ်။ အဲဒီတော့ ဒီအမှု ရုပ်သိမ်းဖို့ ပြောတဲ့စာမှာ တောင်းပန်ဖို့ ပြောတာပါတယ်။ ဒီတော့ ဒီစာကို အကြောင်းပြု ပြီး တရားရုံးကို တင်ပြတာ ဖြစ်တဲ့အတွက် တရားရုံးရှေ့မှာ တောင်းပန်သင့်တယ်လို့ ကျွန်တော်တို့ဘက်က မြင်တယ်။ တရားရုံးရှေ့မှာ မတောင်းပန်ဘဲနဲ့ အပြင်မှာ တောင်းပန်ရင်လည်း ကျွန်တော်တို့ဘက်က လက်ခံမှာပါ။ ကျွန်တော်တို့ဘက်က နစ်နာမှုကိုတော့ ကျွန်တော်တို့ ပြန်လှန်တုံ့ပြန်ကောင်း တုံ့ပြန်နိုင်တဲ့ အခွင့်အရေး ကျွန်တော်တို့ဘက်မှာ ရှိတယ်။ စွပ်စွဲခံရသူက သူ့ရဲ့ဂုဏ်သိက္ခာ ထိခိုက်ပျက်ပြားအောင် ပြုလုပ်တယ်လို့ သူခံစားရလို့ရှိရင် သူ့ရဲ့ တုံ့ပြန်တရားစွဲဆိုမှုကို ဦးအုန်းမြင့် သို့မဟုတ် သူ့ရဲ့ ကိုယ်စားလှယ်မှာ တာဝန်ရှိတယ်။ အဲဒါကတော့ အမှုသည်ရဲ့ ဆန္ဒအရ ကျွန်တော်တို့ ဆောင်ရွက်မှာပါ” ဟု ၎င်းက ပြောကြားသည်။မှားယွင်း တရားစွဲခံရသူ ဒုမဲရုံမှူး ဆရာမ ဒေါ်မြမြအေးကလည်း အမှုရင်ဆိုင်နေချိန်အတွင်း စာသင်ကြားရေးဘက်တွင် ပျက်ကွက်မှုများ ဖြစ်ပွားနေကြောင်းနှင့် တောင်းပန်မှု မပြုလုပ်လာခဲ့လျှင် တရားစွဲသွားမည်ဟု ပြောကြားသည်။“ဆရာမ အနေနဲ့ကတော့ တစ်ဖက်က ကျောင်းကလည်း ရှိနေတော့ သူတို့အမှုကို ရုပ်သိမ်းပြီးရင် ဘယ်မှာ တောင်းပန်တောင်းပန် ကျေနပ်ဖို့ပါ။ မတောင်းပန်ခဲ့ရင်တော့ ဆရာမတို့ ကော်မရှင်ကနေပြီးတော့ ပြန်ပြီးတော့ တရားစွဲမယ်လို့ ပြောတယ်။ တရားစွဲရင်တော့ ဆရာမတို့ အလုပ်ရှုပ်မှာပေါ့။ ရုံးချိန်းက ၁၄ ရက်စပြီး တစ်ပတ်တစ်ခါ လာရတယ်။ လွတ်လပ်ရေးနေ့ရှိတဲ့ တစ်ပတ်ပဲ လွတ်တယ်။ ကျောင်းကတော့ ရုံးချိန်းရှိတဲ့ တနင်္လာနေ့တိုင်း ပျက်ရတာပေါ့” ဟု ဒေါ်မြမြအေးက ပြောကြားသည်။ဆက်လက်ပြီး ၎င်းက “နောက် ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင် ၂၀၁၉ မှာ ပင်စင်ယူတော့မှာ။ ကြားဖြတ် ရှိရင်လည်း ဒီတာဝန် မယူတော့ဘူး။ ကျောင်းကကျန်တဲ့ ဆရာမတွေလည်း စိတ်ပျက်လို့ ငြင်းကြမှာ။ ဆရာမတို့ကို ခိုင်းတာက ပညာရေးဌာနက ခိုင်းတာလေ။ ခိုင်းတုန်းက ခိုင်းပြီးတော့ အခုလို ပြ ဿနာတွေ တက်လာတဲ့အခါ ရှေ့ကနေ မရပ်တည်ပေးဘူး။ သူတို့က ဖြစ်လာတဲ့ ပြဿနာ ကိုယ့်ဘာသာကိုယ်ရှင်း ဆိုပြီးတော့ လုံး၀ လှည့်မကြည့်တော့ ဆရာမတို့ စိတ်ပျက်တယ်။ အခု ကိစ္စဆိုလည်း ဘာမှဟုတ်တာ မဟုတ်ဘူး။ နာမည်လွဲတာ လူက တစ်ယောက်တည်း အောက်ခြေမှာလည်း ရှင်းပြီးသားကို ပြည်ခိုင်ဖြိုးဘက်က မဲရှုံးတာနဲ့ ပတ်သက်ပြီးတော့ ဒါတွေကို အမှုတွဲတွေလုပ်၊ ဒေါ်အေးမြမြမျိုးကို သူတို့မဲရှုံးတာ ဒါကြောင့်ပါ သူတို့ကိုပဲ နေရာပေးသင့်ပါတယ်ဆိုတဲ့ သဘောမျိုးပေါ့။ အဲဒီလိုမျိုးတွေ ဖြစ်လာတဲ့ အခါကျတော့ ဆရာမတို့ကို တာဝန်ပေးပြီး တာဝန်မယူပေးတဲ့ အခါကျတော့ နောက်ရွေးကောက်ပွဲတွေဆို ဆရာ၊ ဆရာမတွေ မလုပ်ပေးတော့ဘူးဆိုပြီး ငြင်းကြတော့မှာ” ဟု ဆိုသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့််၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်က ဒုမဲရုံမှူးအား မှားယွင်း တရားစွဲမိသည့်အတွက် အမှုရုပ်သိမ်းခွင့်ပြုရန် တရားရုံးသို့ လျှောက်ထား















