တအာင်း လွတ်မြောက်ရေး တပ်မတော်TNLA သည် အထူးဖိတ်ကြားသူအဖြစ် ဖိတ်ကြားခံရသော်လည်း နေပြည်တော်၌ ဇန်နဝါ ရီ ၁၂ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်မည်မဟုတ်ဟု သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန၏ သတင်းထုတ် ပြန်မှုအရ PSLF/TNLA ၏ ဗဟို ကော်မတီနှစ်ပတ်လည် အစည်းအဝေးကို ဇန်နဝါရီ ၅ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ကြောင်းနှင့် အစည်းအဝေး သုံးသပ်ချက်အရ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံသည် မြန်မာပြည်၏ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဘဲ အမျိုးသား ညီလာခံကဲ့သို့ နိုင်ငံရေး လိမ်လည်မှုတစ်ရပ်သာ ဖြစ်သည်ဟု ရှုမြင်၍ တက်ရောက်မည်မဟုတ်ကြောင်း ဇန်နဝါရီ ၉ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။နိုင်ငံရေးပြဿနာများ ပြေလည်ပြီး နှစ် ၇၀ နီးပါးကြာ ပြည်တွင်းစစ်မီးကြီး ချုပ်ငြိမ်းရန်အတွက် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိ ခဲ့ သည့် NLD ပါတီအစိုးရသစ် လက်ထက်တွင် လက်တွေ့ကျကျ ဆောင်ရွက်လာနိုင်မည်ဟု မျှော်လင့်ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြ ထားသည်။သဘောထား ကြေညာချက် ထုတ်ပြန်ခြင်းနှင့် ပတ်သက်ပြီး PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန ပြန်ကြားရေး တာဝန်ခံဗိုလ်ကြီး မိုင်းအိုက်ကျော်က “ဟုတ်ပါ တယ်။ ကျွန်တော်တို့ ဗဟိုကော်မတီ ရဲ့ ၂၀၁၅ အတွက် တစ်နှစ်တာလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာတွေ သုံးသပ်တာ၊ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်တာတွေ လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ကို NCA မထိုးဖြစ်တဲ့ နောက်ပိုင်း ဖိအားပေး တိုက်ခိုက်လာတာတွေအပြင် ဒီညီလာခံမှာလည်း ကျွန်တော်တို့အနေနဲ့ ဘာမှဆွေးနွေးခွင့် ရှိမှာမဟုတ်တဲ့အတွက် နိုင်ငံရေး လိမ်လည်မှု တစ်ရပ်ဖြစ်တဲ့အတွက် မတက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ” ပြောကြားသည်။အစိုးရနှင့် NCA လက်မှတ် ရေးထိုးခဲ့သည့် တိုင်းရင်းသားလက် နက်ကိုင် ရှစ်ဖွဲ့တွင် မပါဝင်ခဲ့သော တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA သည် တပ်မတော်နှင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃ ရက်မှစတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလအတွင်း တိုက်ပွဲ ၂၇ ကြိမ်အထိ ဖြစ်ပွားခဲ့သလို ဇန်နဝါရီ ၁၊ ၂၊ ၃ နှင့် ၉ ရက်များတွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်မည်မဟုတ်ဟု TNLA လက်နက်ကိုင်အဖွဲ့ ကြေညာချက်ထုတ်ပြန်















