အစိုးရ ဖွဲ့စည်းရေးအတွက် ဆုံးဖြတ်ချက် မချနိုင်သေးကြောင်းနှင့် အခက်အခဲများ ရှိနေကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း ပြောကြား

အစိုးရ ဖွဲ့စည်းရေးအတွက် ဆုံးဖြတ်ချက် မချနိုင်သေးကြောင်းနှင့် အခက်အခဲများ ရှိနေကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း ပြောကြား
Published 10 January 2016
ငြိမ်းဇော်လင်း၊ ကျော်မျိုး

ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို ဇန်နဝါရီ ၁၀ ရက်က နေပြည်တော်ရှိ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏နေအိမ် နှင်းဆီစံအိမ်တွင် ပြုလုပ်ခဲ့သည်။ထိုသို့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးများကို နှစ်ပတ်တစ်ကြိမ် ပြုလုပ်လျက်ရှိပြီး ယခုအစည်းအဝေးတွင် အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် ဆုံဖြတ်ချက် မချနိုင်သေးကြောင်းနှင့် အခက်အခဲများ ရှိနေကြောင်း ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။“ကျွန်တော်တို့ အစိုးရ ဖွဲ့စည်းရေး ဆွေးနွေးတယ်။ ဆုံးဖြတ်ချက် မရှိသေးဘူး။ ဆုံးဖြတ်ချက် မရှိသေးတဲ့အတွက် အသေးစိတ်တော့ ကျွန်တော်တို့ မပြောနိုင်သေးဘူး။ ကျွန်တော်တို့ နောက်တစ်ကြိမ် အစည်းအဝေးအတွက် အခက်အခဲ အများကြီး ရှိတယ်။ ကျွန်တော်တို့ အခု ဆုံးဖြတ်လို့ မရဘူး။ နှစ်ပတ်တစ်ခါ အစည်းအဝေး လုပ်တယ်။ နောက်တစ်ကြိမ် နှစ်ပတ်ဆိုရင် အရမ်းအလုပ်ရှုပ်မယ်။ ဘာလုပ်ရမှန်း မသိသေးဘူး။ နီးတော့မှ ကျွန်တော်တို့ ဆုံးဖြတ်မယ်။ အခက်အခဲက လူရွေးပြီးရင် လူတိုင်းကို ရွေးပြီးတော့ ကိုယ့်ဖာသာ ရွေးလို့မရဘူး။ ကာယကံရှင်ရဲ့ သဘောတူညီချက်လည်း လိုတယ်ပေါ့။ ကျွန်တော်တို့ မပြည့်စုံသေးဘူး။ ဒါကြောင့် ဆုံးဖြတ်ချက် မကျသေးဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက အစည်းအဝေး အပြီးတွင် ပြောကြားသည်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်တွင် ၂၅၅ ဦး၊ အမျိုးသား လွှတ်တော်တွင် ၁၃၅ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များတွင် ၄၇၅ ဦးနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ် ၂၁ ဦး စုစုပေါင်း ၈၈၆ ဦး အနိုင်ရရှိခဲ့သည်။

NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းအား တွေ့ရစဉ်။ထို့ကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်လုံးတွင် တင်မြှောက်ရမည့် ဒုသမ္မတနှစ်ဦးကို ရွေးချယ်တင်မြှောက်ခွင့် ရရှိထားပြီး ဖြစ်သည်။ထို့ပြင် သမ္မတ ရွေးချယ်တင်မြှောက်ရာတွင် လိုအပ်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၂၃ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၆၈ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦး၊ စုစုပေါင်း ၆၅၇ ဦး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြစ်သည့် ၃၂၉ နေရာကိုလည်း ကျော်လွန်စွာ ရရှိထားပြီး ဖြစ်သဖြင့် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်သည့် ပါတီဖြစ်သည်။ယခု ကျင်းပလျက်ရှိသော ပထမအကြိမ် လွှတ်တော်၏ သက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်ကာ ဖေဖော်ဝါရီ ၁ ရက်တွင် ဒုတိယအကြိမ် လွှတ်တော်ကို ပြန်လည်ခေါ်ယူမည်ဖြစ်ပြီး အဆိုပါ လွှတ်တော် အစည်းအဝေးတွင် သမ္မတနှင့် ဒုသမ္မတနှစ်ဦးကို ရွေးချယ်မည်ဖြစ်သည်။လက်ရှိတွင်လည်း နိုင်ငံတော် အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီကို အစိုးရဘက်မှ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်းနှင့် နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ဖြင့် ဖွဲ့စည်းထားပြီး NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

Most Read

Most Recent