မင်္ဂလာဈေးကြီးမှ မီးလောင်ဆိုင်ခန်းများအတွက် အနီးရှိ ရွှေမင်္ဂလာဈေးသစ်ကြီးတွင် ယာယီဈေး ဖွင့်လှစ်ရောင်းချခွင့်ပေးရန် စီစဉ်ထားဟုဆို

မင်္ဂလာဈေးကြီးမှ မီးလောင်ဆိုင်ခန်းများအတွက် အနီးရှိ ရွှေမင်္ဂလာဈေးသစ်ကြီးတွင် ယာယီဈေး ဖွင့်လှစ်ရောင်းချခွင့်ပေးရန် စီစဉ်ထားဟုဆို
Published 9 January 2016

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မင်္ဂလာဈေးကြီး မီးလောင်မှုကြောင့် အဆိုပါဈေးမှ ဆိုင်ခန်းများအတွက် ယင်းဈေးအနီးရှိ ရွှေမင်္ဂလာဈေးသစ်ကြီးတွင် ယာယီဈေး ဖွင့်လှစ်ရောင်းချခွင့်ပေးရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ တာဝန်ရှိသူတစ်ဦးက ဇန် နဝါရီ ၉ ရက် နံနက်ပိုင်းက ပြောကြားသည်။“လောလောဆယ်တော့ ယာယီဈေးကို မင်္ဂလာဈေးဝင်းထဲက  ရွှေမင်္ဂလာဈေးသစ်ကြီးထဲက ကားပါကင်နေရာတွေမှာပဲ ယာယီနေရာပေးဖို့ စီစဉ်ထားပါတယ်”ဟု ယင်းတာဝန်ရှိသူက ဆိုသည်။ယာယီဈေးအဖြစ် ဖွင့်လှစ်ရောင်းချခွင့်ပြုပေးရန် စီစဉ်ထားသည့် ရွှေမင်္ဂလာဈေးသစ်ကြီးသည် ယာဉ်အစီးရေ ၄၀၀ ခန့်နှင့် ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ပါဝင်သော အဆင့်မြင့်ဈေးသစ်ကြီးဖြစ်ပြီး အဆိုပါ ဈေးသစ်ကြီးကို ၂၀၁၅ ခုနှစ် မတ် ၂၅ ရက်က ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။အဆိုပါ ဈေးကြီးသည် မင်္ဂလာဈေးအနီးတွင် တည်ရှိပြီး  ဆိုင်ခန်း အနည်းငယ်သာ ဖွင့်လှစ်ထားသည့် စည်ကားမှုမရှိသော ဈေးဖြစ်၍ ပရိုမိုးရှင်းအစီအစဉ်များဖြင့် ဆွဲဆောင်နေရကြောင်း၊ ယခုမူ အဆိုပါ ဈေးသစ်ကြီး၏ မြေညီထပ်တွင် ယခင်ဆိုင်ခန်းငှားခ ကျပ်နှစ်သိန်းမှ ယခု ကျပ်ငါးသိန်းအထိ ပေါက်နေပြီး ယင်းဈေးဖြင့်ပင် ငှားရမ်း၍ မရတော့ကြောင်း စုံစမ်းသိရသည်။“အခုထိတော့ ဘယ်နေရာမှာ ပြန်နေရာချပေးမယ် အတိကအကျတော့ မသိရသေးဘူး။ တစ်ဈေးလုံး ပြောင်းခိုင်းမှာလား၊ ဘယ်လိုလဲ မသိရသေးဘူး။ ဒါပေမဲ့ ရွှေမင်္ဂလာဈေးသစ်ကြီး ကားပါကင် တတိယထပ်မှာတော့ ယာယီဈေး ရောင်းခိုင်းမယ်လို့ ပြောတယ်။ အဲဒီ အကျယ်အဝန်းနဲ့ဆို တစ်ဈေးလုံး သွားရောင်းလို့ မလုံလောက်နိုင်ဘူး။ တစ်ဈေးလုံး ဆိုင်ခန်းက ၄၀၀၀ ကျော်ရှိတာ။ မဲနှိုက်တဲ့စနစ်နဲ့ နေရာချပေးမယ်လို့ သိရတယ်။ အရင် မစည်းကားခဲ့တဲ့ ရွှေမင်္ဂလာဈေးသစ်ကတော့ ဈေးတွေ တော်တော်ကို တက်သွားတယ်။ မြေညီထပ် ဆိုင်ခန်းကို ငှားခ နှစ်သိန်းကနေ ငါးသိန်း ဖြစ်သွားတာတောင် ငှားလို့မရတော့ဘူး”ဟု မီးလောင်ခဲ့သည့် မင်္ဂလာဈေးမြေညီထပ်မှ ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောကြားသည်။ယခု မီးလောင်မှုကြောင့် ဈေးကြီး၏ လေးလွှာနှင့် ငါးလွှာ နှစ်ထပ်စလုံး မီးလောင်ပျက်စီးသွားခဲ့ရကြောင်းနှင့် ယင်းအထပ်များသည် ဆေးပစ္စည်းများ၊ အလှကုန်ပစ္စည်းများ ရောင်းချသောအထပ် ဖြစ်ကြောင်း သိရသည်။မင်္ဂလာဈေးကြီးသည် ဆေးပစ္စည်း၊ အလှကုန်၊ အဝတ်အထည် အဓိကရောင်းချရာ လက်လီလက်ကား ဈေးကြီးဖြစ်ပြီး တစ်နိုင်ငံလုံးသို့ ဖြန့်ချိရာ ဈေးကွက်ကြီးတစ်ခုလည်းဖြစ်နေကာ ဇန်ဝါရီ ၉ ရက်  နံနက် ၁ နာရီခွဲ အချိန်ခန့်မှစတင်၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။မင်္ဂလာဈေးကြီးသည် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် မေ ၂၄ ရက်တွင် နာရီအကြာဆုံးနှင့် ဆုံရှုံးမှုကြီးမားသော မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယင်းအချိန်က ဆုံးရှုံးမှုအနေဖြင့် ပစ္စည်းတန်ဖိုးတစ်ခုတည်း ကျပ်သိန်းပေါင်း နှစ်သိန်းကျော် ရှိခဲ့ကြောင်း နှင့် ယခုခြောက်နှစ်နီးပါး ကြာမြင့်ချိန်တွင် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ရခြင်းဖြစ်ကာ ပဉ္စထပ်နှင့်  စတုတ္ကအထပ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ သို့ဖြစ်ရာ ယင်းအချိန်က အဆိုပါအထပ်များမှာ အန္တရာယ်ရှိခြင်းကြောင့် ယင်း အထပ်နှစ်ထပ်ကိုသာ ပြန်လည်ဖျက်သိမ်းကာ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ယခု မီးလောင်မှုနှစ်ကြိမ် ဖြစ်ပွားပြီၤးနောက်ပိုင်းတွင်မူ ဈေးကြီး၏ ခိုင်ခံ့မှုမှာ လုံးဝစိတ်မချရတော့သည့် အနေအထား ဖြစ်နေသည်။ယခု မင်္ဂလာဈေး မီးလောင်မှုအခြေအနေကြောင့် အနီးရှိ ယုဇနပလာဇာကိုလည်း လုံခြုံရေးအခြေအနေအရ ဇန်နဝါရီ ၉ ရက်နေ့ ကားပိတ်ထားခဲ့ကြောင်း ယုဇနပလာဇာ အုပ်ချုပ်မှုကော်မတီ၏ ကြေညာထားချက်အရ သိရသည်။မင်္ဂလာဈေးကြီးကို ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြေညီထပ်မှ ပဉ္စမထပ်အထိ ဆိုင်ခန်းပေါင်း ၄၀၀၀ ကျော်ရှိကြောင်း သိရသည်။

Most Read

Most Recent