တနင်္သာရီတိုင်းဒေသကြီး တနသာၤရီမြစ် မြစ်ဖျားပိုင်း မောထကျေးရွာအနီးတွင် ရွှေထွန်းပေါက်ကုမ္ပဏီမှ တရုတ်နိုင်ငံသားများဖြင့် ရွှေ၊ ခဲသတ္တုနှင့် သဲကျောက်တူးဖော်နေခြင်းမှာ အစိုးရမှ သုံးလစမ်းသပ်လုပ်ကိုင်ရန် ခွင့်ပြု ထားခြင်းဖြစ်ပြီး မြစ်အောက်ပိုင်းတစ်လျှောက် ရေထုညစ်ညမ်းလာမှုနှင့် ပတ်သက်၍ ဒေသခံများ လက်မခံပါက လုပ်ငန်းရပ်နားပေးမည်ဟု ကုမ္ပဏီတာဝန်ခံက ပြောကြားသည်။ရေထုညစ်ညမ်းလာသည့် ကိစ္စနှင့်ပတ်သက်၍ ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက ဒေသခံများအရေး ကူညီဆောင်ရွက်ပေးနေသည့် တာကပေါအဖွဲ့ရုံး၌ တွေ့ဆုံပွဲကျင်းပခဲ့ပြီး တနင်္သာရီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံ ၄၀ ခန့်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ထားဝယ်-မြိတ်ခရိုင်မှ တာဝန်ရှိသူများ၊ ကုမ္ပဏီတာဝန်ရှိသူများနှင့် ထားဝယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကာ ပွဲမစတင်မီ မီဒီယာများ ရောက်ရှိနေသည့်အတွက် မတက်ရောက်နိုင်ဟု ကုမ္ပဏီတာဝန်ရှိသူများက ပြောကြားသဖြင့် ဒေသခံများနှင့် ခေတ္တအချေအတင် ဖြစ်ပွားခဲ့ပြီးနောက် တွေ့ဆုံပွဲကို မူလအစီအစဉ် အတိုင်း ပြန်လည်စတင်နိုင်ခဲ့ပြီး စီမံကိန်းနှင့် ပတ်သက်၍ အပြန်အလှန် မေးခွန်းထုတ်ဖြေကြားမှုများ ပြုလုပ်ခဲ့ကြသည်။ဒေသခံများက တနင်္သာရီမြစ်ဖျားပိုင်းရှိ မြစ်ကြောင်းပေါ်တွင် သင်္ဘောသုံးစင်းဖြင့် ရွှေတူးဖော်မှုလုပ်ငန်းများ ဆောင်ရွက်နေသောကြောင့် မြစ်ကြောင်းတစ်လျှောက်ရှိ (ထီးထရွာမှ တနသာၤရီမြို့အထိ) ကျေးရွာ ပေါင်း ၆၀ ခန့်၌ သောက်သုံးရေနှင့် သွားလာရေးအတွက် အခက်အခဲဖြစ်နေရကြောင်း၊ မြစ်အတွင်း စက်ယန္တရားများအသုံးပြု၍ တူးဖော်နေမှုကြောင့် ရေများနောက်ကျိကာ ရေသယံဇာတ ထိခိုက်မှုများရှိနေပြီး ရေမှော်ပင်များအပြင် ငါးမျိုးပွားမှုအပေါ် ထိခိုက်လာသည့်အတွက် ဒေသခံများ၏ စားဝတ်နေရေးတွင် အခက်အခဲဖြစ်ပေါ်လာနိုင်ကြောင်း၊ ထို့ပြင် မြစ်ကြမ်းပြင်ရှိ သဲနုန်းများကို တူးဖော်မှုကြောင့် ရေစီးကြောင်းပြောင်းလဲလာပြီး ရေလမ်းခရီးတစ်ခုတည်းကိုသာ အားကိုးနေရသည့် ဒေသခံများအတွက် သွားလာရေးတွင် အခက်အခဲများဖြစ်ပေါ်လာသည့်အပြင် ရွှေတူးဖော်နေသည့် နေရာအနီး၌ မြစ်ကြောင်းအတွင်း ကြိုးဖြင့် ကန့်လန့်ဖြတ်တားထားသောကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ပြောကြားခဲ့ကြပြီး စီမံကိန်းလုပ်ကိုင်ခွင့်နှင့် စီမံကိန်း၌ တရုတ်နိုင်ငံသားများ လာရောက်လုပ်ကိုင်နေမှုအပေါ် မေးခွန်းထုတ်ခဲ့ကြသည်။ဒေသခံများ မေးမြန်းမှုကို ရွှေထွန်းပေါက်ကုမ္ပဏီမှ တာဝန်ခံ ကိုချိုက“အခုလုပ်နေတာက တစ်နိုင်တစ်ပိုင်ပါပဲ။ စမ်းသပ်နေတုန်းပါ။ ဒေသခံတွေ လက်မခံရင် မလုပ်ပါဘူး။ ဒီလုပ်ငန်းအတွက် သုံးတဲ့ပစ္စည်းတွေကို နိုင်ငံခြားကနေ အခွန်ဆောင်ပြီး တင်သွင်းလာတာပါ။ ဒေသခံတွေနဲ့ ထိပ်တိုက်တိုးပြီးလုပ်ဖို့လည်း မရှိပါဘူး။ ကျွန်တော်တို့ တူးနေတဲ့လုပ်ငန်းမှာ ပြဒါးမသုံးတဲ့အတွက် ရေနောက်တာတွေ လည်းမရှိပါဘူး။ ချောင်းထဲမှာရှိတဲ့ ခဲတွေကို ယူတယ်။ သဲတွေကိုတော့ ချောင်းကမ်းဘေးမှာ ပုံထားတယ်။ ဒေသခံတွေပြောသလောက် အခြေအနေမဆိုးသေးပါဘူး။ ရွာသားတွေ လက်မခံဘူးဆိုရင် ဘယ်တော့မှ ရေရှည်မမြဲနိုင်ဘူးဆိုတာသိတယ်။ အစိုးရအဖွဲ့ကလည်း ကျွန်တော့်ကို စမ်းလုပ်ကြည့်ဖို့နဲ့ အဆင်မပြေရင် ရပ်နားဖို့ပြောပြီးသားပါ။ လူကြီးကလည်း သုံးလပဲစမ်းပြီးလုပ်ခိုင်းထားတာပါ။ အခုလုပ်နေတဲ့ နေရာက သူများတွေ ချောင်းထဲမှာ ဝါးဖောင်နဲ့ လေးငါးနှစ်လောက်လုပ်ပြီးလို့ ကျန်တဲ့ဟာလေးပါ။ ရွှေသက်သက် လုပ်မယ်ဆိုရင် ကျွန်တော်တို့ သေချာပေါက်ရှုံးတယ်။ ဒါကြောင့် ခဲနဲ့သဲကျောက်ကိုပါ ထုတ်ယူဖို့ လုပ်ခဲ့တာ။ ရွှေသီးသန့်လုပ်တာ မဟုတ်တဲ့အတွက် ပြဒါးတွေလည်း မသုံးတော့ ရေလည်းမညစ်ညမ်းနိုင်ပါဘူး။ အခုလက်ရှိလည်း ဒီအစည်းအဝေးမတက်ခင် လုပ်ငန်းရပ်နားခိုင်းထားတယ်။ ဆက်လုပ်နေတဲ့ သင်္ဘောသုံးစင်းကိုလည်း ရှယ်ယာရှင်တွေနဲ့တိုင်ပင်ပြီး ရပ်ဆိုင်းသွားဖို့ဖြစ်မှာပါ။ အလုပ်ရပ်ဖို့တော့ သေချာတယ်။ ထိခိုက်မှုနည်းတဲ့ လုပ်ငန်းတစ်ခုခုကို တရားဝင်အောင် သတ္တုတွင်းက ခွင့်ပြု တဲ့ကုန်းပေါ်မှာပဲ တူးတော့မယ်”ဟု ဒေသခံ များ၏မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားသည်။တွေ့ဆုံပွဲ၌ ဒေသခံများနှင့် အပြန်အလှန် မေးမြန်းဖြေကြားနေစဉ် ဒေသခံတစ်ဦးက ၎င်းယူဆောင်လာသည့် ရွှေတူးဖော်သည့် လုပ်ငန်းခွင်အနီးမှ အနည်းငယ်နောက်ကျိနေသော ချောင်းရေပုလင်းအား ကုမ္ပဏီတာဝန်ခံ ကိုချိုကို သောက်သုံးရန် ပေးအပ်ရာ ကုမ္ပဏီတာဝန်ခံက ဒေသခံများရှေ့တွင် သောက်ပြခဲ့သည်။ ထို့ပြင် လုပ်ငန်းခွင်ရှိ တရုတ်နိုင်ငံသားနှင့် ပတ်သက်၍လည်း ၎င်းတို့မှာ သက်ဆိုင်ရာဌာန၏ တရားဝင် ခွင့်ပြု ချက်ဖြင့် လာရောက်လုပ်ကိုင်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းခွင်၌ ပြဒါးအသုံးပြုခြင်းမရှိသောကြောင့် ငါးမျိုးများလည်း ထိခိုက်လိမ့်မည်မဟုတ်ဟု ထင်မိကြောင်း၊ ကုမ္ပဏီ၏ ခွင့်ပြုချက် အပြည့်အစုံကို မေတ္တာမြို့နယ်ခွဲ ရဲစခန်း၌ သွားရောက်ကြည့်ရှုနိုင်ကြောင်း ဆက်လက် ပြောကြားသည်။“တရုတ်ပြည်မှာ မြေပြိုတာ ရေကြီးတာနဲ့ အခြားအဖြစ်အပျက်တွေ ဖြစ်နေတယ်။ အဒေါ်တို့ဆီမှာလည်း ဒီလိုဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်ဘူး။ ဒါကြောင့် ဒီလိုမဖြစ်ချင်လို့ ကုမ္ပဏီကြီးတွေ ဒီလိုလုပ်တာကို လုံးဝလက် မခံနိုင်ဘူး။ တိုင်းရင်းသားငြိမ်းချမ်းရေးအတွက် လက်မှတ်တွေထိုးတယ်ဆိုတာ တိုင်းရင်းသားတွေ အတွက်မဟုတ်ဘဲ ကုမ္ပဏီတွေပဲ ဖြစ်နေတာလားလို့ စဉ်းစားမိတယ်”ဟု တနင်္သာရီမြစ်ဖျားပိုင်းရှိ ဖောင်းတောရွာမှ ဒေသခံတစ်ဦးက ပြောကြားသည်။လက်ရှိတွင် ရွှေထွန်းပေါက်ကုမ္ပဏီမှာ မေတ္တာမြို့နယ်ခွဲ မောထရွာအနီးတွင် သံမဏိဗောများဖြင့် တနင်္သာရီမြစ်အတွင်း၌ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် တူးဖော်မှုစတင်ခဲ့ပြီး ယခုအခါ မောထကျေးရွာအောက်ဘက်ရှိ နော်ကမွီးရွာတွင် သံမဏိဗောနှစ်လုံးတွဲ သင်္ဘောသုံးစင်းကို တည်ဆောက်ထားကာ စက်တပ်ဆင်ခြင်းမရှိသေးကြောင်း၊ တနင်္သာရီ မြစ်ဖျားပိုင်းရှိ တချားငါးရွာအနီးတွင်မူ သံမဏိဗောတစ်လုံးတပ် သင်္ဘောသုံးစင်းဖြင့် လက်ရှိအချိန် ထိတူးဖော်နေဆဲဖြစ်ပြီး တစ်ရက်လျှင် ခဲသတ္တု ၅၀ ပိဿာကျော်ခန့် ရရှိကြောင်း သိရသည်။
တနင်္သာရီ မြစ်ဖျားပိုင်း၌ တရုတ်နိုင်ငံသားများဖြင့် ရွှေတူးဖော်နေခြင်းမှာ အစိုးရက သုံးလစမ်းသပ်လုပ်ကိုင်ရန် ခွင့်ပြုထားခြင်းဖြစ်ပြီး ဒေသခံများလက်မခံပါက လုပ်ငန်းရပ်နားပေးမည်ဟု ရွှေထွန်းပေါက်ကုမ္ပဏီတာဝန်ခံ ပြောကြား















