တိုင်းရင်းသားကျေးရွာအတွင်း ပြည်ထောင်စုခန်းမအနီး၌ အလုံပိတ်တဲများဖြင့် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များအား အများပြည်သူ အမြင်မသင့်တော်သဖြင့် ဒီဇင်ဘာ ၇ ရက် ညနေပိုင်းတွင် ဖျက်သိမ်းပစ်ခဲ့ကြောင်း ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စုံစမ်းသိရှိရသည်။“၆ ရက်နေ့မနက်ပိုင်းထဲက အွန်လိုင်းပေါ်မှာ ဒီလို ဆိုင်ခန်းတွေ ဖွင့်လှစ်ထားကြောင်း၊ အများပြည်သူ အမြင်မသင့်တော်သည့်ပုံစံ ပေါက်နေတယ်ဆိုလို့ သွားရောက် စစ်ဆေးခဲ့ပါတယ်။ အလုံပိတ်ဆိုင်တွေ ဖွင့်လှစ်ထားတဲ့ ဆိုင်ပိုင်ရှင်တွေကို ခေါ်ယူသတိပေးခဲ့ပြီး တဲတွေကို ဖျက်သိမ်းပစ်ခဲ့ပါတယ်” ဟု တိုင်းရင်းသားကျေးရွာတာဝန်ခံ ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မိုး ကပြောသည်။အဆိုပါ အလုံပိတ်ထဲများမှာ ဓနိမိုး၊ ဓနိကာတဲများ ဖြစ်ကြပြီးအတွင်း၌ စားပွဲတစ်လုံး၊ ထိုင်ခုံ ၄လုံး ရှိကာ အများအားဖြင့် ချစ်သူစုံတွဲများ ၊အရက်သေစာ သောက်စားကြသူများ အများဆုံး လာရောက်လေ့ရှိကြောင်း သိရသည်။“အွန်လိုင်းမှာ တက်လာသလို မကောင်းတဲ့မိန်းမတွေလည်း ရှိတယ်ဆိုတာတော့ မဟုတ်ပါဘူး။ ဒီကိုက အများအားဖြင့် တက္ကသိုလ်ကျောင်းသားအရွယ် သမီးရည်းစားတွေနဲ့ အရက်သေစာ လာရောက်သောက်သူတွေ များတယ်။ အရက်က အရင်ကထဲက ရောင်းတာမရှိဘူး။ အပြင်က ဝယ်လာပြီး ဆိုင်က အမြည်းမှာကာ ထိုင်သောက်လို့ရတယ်။ ဆိုင်တွေကိုက မနေ့က ညနေပိုင်းထဲက ဖျက်ပစ်လိုက်တာ။ ကျူးကျော်တွေ ဖျက်သလို ဖျက်ပစ်တာ။ ဘာတစ်ခုမှ ပြန်မရကြဘူး။ ဆိုင်ခုနှစ်ဆိုင်မှာ တစ်ဆိုင်ပဲ ဒီနေ့ဖွင့်ခွင့်ရတယ်။ ကျန်တဲ့ ဆိုင်တွေ အကုန်ပိတ်ထားရတယ်”ဟု တိုင်းရင်းသားကျေးရွာအတွင်း ဈေးရောင်းချသူတစ်ဦးက ပြောသည်။အလုံပိတ်တဲများဖြင့် စားသောက်ဆိုင် ဖွင့်လှစ်ထားသည့် ရခိုင်ရင်သွေးစားသောက်ဆိုင်မှ တဲ ၈ လုံး၊ မနောစားသောက်ဆိုင်မှ တဲ ၁၀ လုံး၊ တိုင်းရင်းသားစားသောက်ဆိုင်မှ တဲ ၈ လုံး၊ ရွှေညောင်ပင်စားသောက်ဆိုင် မှ တဲ ၁၀ လုံး၊ ရွှေကုက္ကိုစား သောက်ဆိုင်မှ တဲ ၉လုံးနှင့် နှင်းဝတ်ရည် စားသောက်ဆိုင်မှ တဲ ၁၀ လုံး စုစုပေါင်း တဲ ၅၅လုံးကို ဖျက်သိမ်းပစ်ခဲ့ကြောင်း သိရသည်။“ဒီလိုဆိုင်တွေ ဒီမှာရှိတာ ခုမှရှိနေတာ မဟုတ်ဘူး။လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ထဲက ရှိတာ။ အရင်ထဲကလည်း အမြင့်မသင့်တော်တာ။ ဒါကို တာဝန်ရှိသူတွေက အွန်လိုင်းပေါ် သတင်းတက်လာမှ သူတို့မသိသလိုနဲ့ ဝင်စစ်ပြီး ဖျက်ပစ်တာ။ သူတို့မသိဘူးဆိုတာ မဟုတ်ဘူး။ သူတို့ ခွင့်ပြုလို့ ဟိုက လုပ်ထားတာ။ စားတုန်းကတော့စားပြီး ခုမှ သူတို့ပဲမပါသလိုနဲ့ တာဝန်နဲ့ပါဆိုပြီး ဖျက်ပစ်ကြတာ။သူတို့သာ ခွင့်မပြုခဲ့ရင် ဒီလိုဆိုင်တွေ ဖြစ်လာစရာမရှိဘူး”ဟု တိုင်းရင်းသားကျေးရွာကို လာရောက်လည်ပတ်သူ တစ်ဦးဖြစ်သည့် ကိုတေဇကျော်မှ ပြောသည်။ယင်းသို့အများပြည်သူ အပန်းဖြေအနားယူသည့် နေရာ၌ ယခုကဲ့သို့ အမြင့်မတင့်တယ်သော အလုံပိတ်တဲများဖြင့် စားသောက်ဆိုင်ဖွင့်လှစ်ထားသူများအား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
တိုင်းရင်းသားကျေးရွာအတွင်း ပြည်ထောင်စုခန်းမအနီး၌ အလုံပိတ်တဲများဖြင့် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များအား ဖျက်သိမ်း















