ရုရှား-တူရကီနှင့် ဆီးရီးယားပြည်တွင်းစစ်

ရုရှား-တူရကီနှင့် ဆီးရီးယားပြည်တွင်းစစ်
Published 8 January 2016
မြတ်သစ်

ဆီးရီးယား ပြည်တွင်း စစ်တွင် ရုရှား ပါဝင်ပတ်သက်မှုသည် သူတို့၏  အကျိုးစီးပွားအတွက်မျှသာ ဖြစ်နေသည်။ ၁၉၅၆ ခုနှစ် ကတည်းက ဆိုဗီယက် ပြည်ထောင်စု၏ မဟာမိတ် ဖြစ်ခဲ့သော ဆီးရီးယားသည် ၁၉၉၁ တွင် ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲခဲ့ပေမယ့် မဟာမိတ် ဘဝမှာပဲ ရှိနေခဲ့သည်။ ရုရှားနိုင် ငံက ၂၀၁၁ တွင် စတင် ဖြစ်ပွားခဲ့သော ဆီးရီးယား ပြည်တွင်း စစ်တွင် သမ္မတ အာဆတ် ဘက်မှ ရပ်တည်ခဲ့သလို စစ်လက်နက်များ ထောက်ပံ့ခြင်း၊ စစ်ဘက် အကြံပေးပုဂ္ဂိုလ်များ စေလွှတ်ခြင်းနှင့် စစ်သင်တန်းများ ပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။
စစ်အေးခေတ်တွင်  ဆီးရီးယားသည်  ဆိုဗီယက် ပြည်ထောင်စု ဘက်မှ ရပ်တည်ပေး ခဲ့သည့် အတွက် ၁၉၅၅ မှ ၁၉၅၈ ခုနှစ် အတွင်း ဆိုဗီယက် ပြည်ထောင်စုထံမှ စစ်ရေးနှင့် စီးပွားရေး အထောက်အပံ့ ဒေါ်လာ ၂၉၄ သန်းခန့် ရရှိခဲ့သည်။ အာဆတ်၏ ဆီးရီးယားဘာ့သ် ပါတီ အာဏာရပြီး နောက်တွင် ဆီးရီးယား တွင် ရေတပ်စခန်း တည်ဆောက်ခွင့် ရရှိခဲ့ သည်။ ၁၉၇၁ မှ ၂၀၀၀ တွင် ဆီးရီးယားစစ် ဘက် အရာရှိကြီးများသည် ရုရှားနိုင်ငံ၌ စစ်သင်တန်းများ တက်ရောက် သင်ကြားခဲ့ကြသည်။
၂၀၁၁ တွင် သမ္မတ အာဆတ် အစိုးရကို မကျေနပ်သော လူထုကြီးက တစ်နိုင်ငံလုံး အ တိုင်းအတာဖြင့် ဆန္ဒပြခဲ့ကြသည်။ ဤသို့ဖြင့် ၂၀၁၁ ဇူလိုင် ၂၉ တွင် လွတ်လပ်သော ဆီးရီးယား တပ်မတော် စတင် တည်ထောင်ခဲ့သည်။ အစိုးရတပ်များနှင့် သူပုန်တပ်များ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပြီးနောက် ယနေ့ထက်တိုင် ဆီးရီးယားနိုင်ငံတွင်  ပြည်တွင်း စစ် ဖြစ်ပေါ်လျက် ရှိသည်။ ရုရှားက အာဆတ်ကိုသစ္စာခံသော  အစိုးရတပ်ဖွဲ့များ ကို ထောက်ခံနေပြီး အမေရိကန်နှင့် မဟာမိတ်များက သူပုန်တပ်များကို ထောက်ခံကြသည်။ သို့သော် ၂၀၁၃ ခုနှစ်တွင် ဆီးရီးယား သူပုန်များနှင့် IS များ ပါဝင်လာမှုကြောင့် ဆီးရီးယား အရေးသည် ပိုမို ရှုပ်ထွေးလာသည်။
၂၀၁၅  စက်တင်ဘာတွင် ရုရှား စစ်သား ၂၅၀၀ ခန့်  IS  တို့နှင့် လက်တွဲ တိုက်ခိုက်နေ သည် ဟူသော သတင်းများ ထွက်ပေါ်လာ ခဲ့သည်။ ထိုသတင်းများ ထွက်ပေါ်လာပြီးသည့် နောက် ပူတင်က IS  တပ်ဖွဲ့များကို ရုရှားနိုင်ငံ က နိုင်ငံတကာနှင့် ပူးပေါင်း တိုက်ခိုက်မည် ဖြစ်ကြောင်း  ပြောကြားခဲ့သည်။
 
ရုရှားက မြေထဲ ပင်လယ်ရှိ ရေငုပ်သင်္ဘော တစ်စင်းပေါ်မှ နေ၍  ဆီးရီးယားရှိ ပစ် မှတ်များကို ဒီဇင်ဘာ ၈ ရက်တွင် ပစ်ခတ်ခဲ့သည်။ ယင်းတိုက်ခိုက်မှုမှာ ဒီဇင်ဘာ ၉ ရက် တွင် ဆီးရီးယား ပြည်တွင်းစစ် အဆုံးသတ်ရေး အတွက် ဆီးရီးယား သမ္မတ အာဆတ်နှင့် ဆီးရီးယား အတိုက်အခံတို့ ဆွေးနွေးပွဲ မကျင်းပမီ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ရုရှားတပ်တို့၏ တိုက်ခိုက်မှုက ပစ်မှတ် ၃၀၀ ခန့်ကို ထိမှန် ခဲ့သည်။ နိုဝင်ဘာလက တူရကီနိုင်ငံက ပစ်ချခဲ့ သော ရုရှားဗုံးကြဲ လေယာဉ်မှ ဘလက်ဘောက်စ်ကို ဆီးရီးယား အထူး တပ်ဖွဲ့များက ရှာဖွေပေး နိုင်ခဲ့သည်။ ရုရှား လေကြောင်းနှင့် ရေငုပ် သင်္ဘောတပ်စုက ဆီးရီးယားနိုင်ငံရှိ IS  အကြမ်းဖက် သမားများကို  တိုက်ခိုက်နေ ချိန်တွင် ဆော်ဒီနှင့် ကာတာက ဆီးရီးယား သူပုန်များကို ထောက်ခံ အားပေးလျက် ရှိသည်။ သို့သော် ပင်လယ်ကွေ့နိုင်ငံ အများစုကမူ သူပုန် တပ်ဖွဲများကို ထောက်ခံမည့် အရေးနှင့် ပတ်သက်၍ ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင် ခြင်း မရှိသေးပေ။
ထိုအချိန်မှာပဲ ဒီဇင်ဘာ ၂၅ ရက်တွင် ဆီးရီးယား အစိုးရလေကြောင်းမှ တိုက်ခိုက် မှုကြောင့် ထင်ရှားသော ဆီးရီးယား သူပုန် ခေါင်းဆောင် ဇာရန်အယ်လူအာ သေဆုံးခဲ့ သည်။ အသက် ၄၄ နှစ် အယ်လူလာသည်  ဂျာအစ်အယ် အစ္စလာမ် လှုပ်ရှားမှု ခေါင်း ဆောင်ဖြစ်သည်။ ဒမတ်စကတ် အရှေ့ ပိုင်းရှိ ဂိုအူတာတွင် သြဇာ အကြီးမားဆုံး ခေါင်း ဆောင်ဖြစ်သည်။
သူပုန်တပ်မှူးများ၏ လျှို့ဝှက် အစည်းအဝေး ပြုနေချိန်တွင် အစိုးရ လေယာဉ်သုံး စင်းက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ရာ အယ်လူလာနှင့် တပ်မှူး ငါးဦး သေဆုံးခဲ့သည်။ ရုရှား ပေးပို့ထားသည့် ဒုံးကျည်များဖြင့် ဆီးရီးယား အစိုးရ လေတပ်က တိုက်ခိုက်ခဲ့ ခြင်း ဖြစ်သည်။ ဂျာအစ်အယ် အစ္စလာမ် တပ်ဖွဲ့သည် ဂိုအူတာ အရှေ့ပိုင်းဒေသတွင် အာဆတ် အစိုးရတပ် များနှင့် IS  တို့ကို ကြံ့ကြံ့ခံ တိုက်ပွဲဝင် နေကြ သည်။ အယ်လူလာ သေဆုံးမှုမှာ အတိုက်အခံတို့ အတွက် ကြီးမားဆုံးသော ဆုံးရှုံးမှု တစ်ရပ် ဖြစ်သည်။
ဆီးရီးယားအရေးတွင် အဓိကပါဝင်နေ သည့် ရုရှားက Syria Express  အမည်ရှိ စစ်သင်္ဘော တစ်စင်းကို အစ္စတန်ဘူလ်သို့ ထပ်မံ စေလွှတ်လိုက်ခြင်းဖြင့် အာဆတ် အစိုးရကို ထောက်ခံမှုရှိကြောင်း ပြသ လိုက်သည်။ ရုရှားစစ်သင်္ဘောများ၊ စစ်လက်နက်နှင့် အခြား ကုန်ပစ္စည်းများ တင်ဆောင်ထားသော ကုန်တင် သင်္ဘောများ သာမကဘဲ ရေငုပ် သင်္ဘောများကိုပါ ဆီးရီးယားနိုင်ငံသို့ စေလွှတ်ခဲ့သည်။ ယင်း စစ်သင်္ဘောများမှာ ဘော့ဖိုးရပ်ရေလက်ကြားမှ ဖြတ်သန်းသွား လာနေခြင်းဖြစ်သဖြင့် တူရကီ ပိုင်နက်ကို ဖြတ်ကျော်သွားလာနေခြင်း ဖြစ်သည်။ တူရကီ နှင့် ရုရှားမှာ စစ်ကြေညာထားခြင်း မရှိသဖြင့် တူရကီ အနေဖြင့် ရုရှား စစ်သင်္ဘောများကို ဖြတ်သန်းခွင့် ပိတ်ပင်ရန် မဖြစ်နိုင်ပေ။
ရုရှား စစ်သင်္ဘောသည် ၂၀၁၄ က ရုရှားတို့က ယူကရိန်းထံမှ သိမ်းပိုက်ခဲ့သော ခရိုင်း မီးယားရှိ ဆီဗာ့တာပိုဆိပ်ကမ်းရှိ ပင်လယ်နက် ရေတပ်စခန်းမှ စတင်ထွက်ခွာခဲ့ပြီး ဘော့ဖိုးရပ်ရေလက်ကြားကို ဝင်ရောက်ခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် မာမာရာ ပင်လယ်ပြင်ကို ဖြတ်သန်းပြီး ဆီးရီးယားရှိ ကာတပ် ရုရှားရေတပ် စခန်းသို့ သွားရောက်ခြင်း ဖြစ်သည်။
ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးသည့်  နောက်တွင် ရုရှားနှင့် တူရကီ ဆက်ဆံရေးမှာ အေးစက် လာရုံမျှမက ၂၀၁၅ နိုဝင်ဘာ ၂၄ ရက်က ဆီးရီးယား နယ်စပ်ရှိ တူရကီလေ ကြောင်း ပိုင်နက်ပေါ် ဖြတ်သန်းလာသည့် ရုရှား စစ်လေယာဉ်ကို တူရကီက ပစ်ခတ်ပစ် ခဲ့သည်။ ဆီးရီးယား ပြည်တွင်း စစ်ပွဲတွင် ရုရှား က အာဆတ် အစိုးရကို ထောက်ခံနေပြီး တူရကီကတော့ အာဆတ်ကို ဖယ်ရှားပစ်ခြင်းသည် ဆီးရီးယား အကျပ်အတည်းကို ဖြေရှင်းနိုင်မည်ဟု လက်ခံ ထားသည်။
တူရကီ အနေဖြင့် ဘော့ဖိုးရပ်ရေလက် ကြားမှ ရုရှား စစ်သင်္ဘောများ ဖြတ်သန်းနေမှုကို ရပ်တန့်ရန် အတွက် ရုရှားနှင့် စစ်ကြေ ညာခြင်း သို့မဟုတ် စစ်ဖြစ်ရန် ခြိမ်းခြောက် မှုများ ကြုံတွေ့နေရခြင်း ဟူသော အကြောင်းပြချက်ကို ပြသပြီး ရုရှား သင်္ဘောများ ဝင်ထွက်မှုကို ဟန့်တားရ ပေတော့မည်။ ဒီဇင်ဘာလ ကတည်းက ရုရှား ရေငုပ်သင်္ဘော ရော့စတော့နာ -ဒိုနူကို တူရကီ ကင်းလှည့် ရေယာဉ်များက တွေ့ရှိခဲ့သည်။
အကယ်၍ တူရကီနိုင်ငံက ရုရှားသင်္ဘောများ သွားလာခွင့်ကို ပိတ်ပင်မည် ဆိုပါက ဆီး ရီးယား အရေးတွင် တူရကီဘက်မှ သေနတ်တစ်ချက် မဖောက်ရဘဲ အောင်မြင်မှု ရရှိပေတော့မည်။

Most Read

Most Recent