နိုင်ငံပိုင်လေကြောင်းလိုင်း ဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းမှ ATR လေယာဉ်သစ်ဖြင့် ဘန်ကောက်နှင့် ချင်းမိုင်မြို့များသို့ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီတွင် စတင် ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာအမျိုးသားလေကြောင်းလိုင်းသည် အဆိုပါ လေယာဉ်သစ်များဖြင့် ပြည်တွင်းခရီးစဉ်များသာမက ပြည်ပခရီးစဉ်များကိုပါ တိုးချဲ့ ပျံသန်းသွားမည်ဟု သိရသည်။
ယင်း ATR 72-600 လေယာဉ်များဖြင့် ဖေဖော်ဝါရီလမှ စတင်ကာ ဘန်ကောက်နှင့် ချင်းမိုင်မြို့များသို့ ပျံသန်းသွားမည် ဖြစ်သည်။
“ ATR လေယာဉ်ကုမ္ပဏီက လေယာဉ် ခြောက်စင်း မှာယူထားပါတယ်။ အခု လက်ခံရရှိတာ နှစ်စင်းရှိပါပြီ။ နောက်ကျန်တဲ့ လေးစင်းက ၂၀၁၆ နဲ့ ၂၀၁၇ နှစ်တွေမှာ ထပ်မံရောက်ရှိမှာပါ။ အခုရောက်လာတဲ့ လေယာဉ်ကို ပထမဦးဆုံး ပြည်ပခရီးစဉ်အနေနဲ့ ရန်ကုန် -ဘန်ကောက်၊ ရန်ကုန်-ချင်းမိုင် ခရီးစဉ်တွေကို ဖေဖော်ဝါရီမှာ စတင်ပျံသန်းသွားမှာပါ”ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း မှ CEO ဖြစ်သူ Capt သန်းထွန်းက ပြောကြားသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ဝယ်ယူမည့် ATR လေယာဉ်သစ်များသည် ပြင်သစ်နိုင်ငံအစိုးရ၏ သဘောတူညီချက်ဖြင့် ပြင်သစ်နှင့် အီတလီနိုင်ငံများရှိ EXIM Bank များမှ Financial Assistance ဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ATR လေယာဉ် အကြီးစားပြင်အလုပ်ရုံကိုပါ ရန်ကုန်မြို့၌ တည်ဆောက်သွားမည် ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ ပြည်တွင်းလေကြောင်းလိုင်းများသည် ပြင်သစ်နိုင်ငံ ATR လေယာဉ်ထုတ်လုပ်ရေး စက်ရုံမှ ထုတ်လုပ်သည့် လေယာဉ်များ အများဆုံး ဝယ်ယူအသုံးပြုကာ ခရီးစဉ်များ ပျံသန်းလျက်ရှိသည်။
ထို့ကြောင့် အဆိုပါ ATR လေယာဉ်များအား ပြုပြင်ပြင်ဆင်မှု ပြုလုပ်ရသည့်အခါတိုင်းတွင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံများရှိ ATR လေယာဉ်ပြင်ဆင်မှု စက်ရုံများတွင် သွားရောက်ပြင်ဆင်နေရသည်။
မြန်မာနိုင်ငံ၌ ATR လေယာဉ် အကြီးစားပြင်ဆင် စက်ရုံဖွင့်လှစ်ပြီးပါက ပြည်တွင်း လေကြောင်းလိုင်းများမှ ATR လေယာဉ်များ၏ လုပ်ငန်းအပ်နှံမှုအပြင် ပြည်ပနိုင်ငံများမှ ATR လေယာဉ်များ၏ လုပ်ငန်းအပ်နှံမှုကိုပါ လက်ခံပြင်ဆင် ဆောင်ရွက်ပေးသွားမည်ဟု သတင်းရရှိသည်။
မြန်မာအမျိုးသားလေကြောင်းမှ ATR လေယာဉ်သစ်ဖြင့် ဘန်ကောက်နှင့် ချင်းမိုင်မြို့များသို့ လာမည့် ဖေဖော်ဝါရီတွင် စတင်ပျံသန်းမည်















