လမ်းနံဘေးရောင်းချသည့် တုတ်ထိုးဆိုင်များ၌ အသံုံးပြုသော ငရုတ်သီးအချဉ်ရည်များတွင် အူရောင်ငန်းဖျားရောဂါ အပါအဝင် သွေးဝမ်းသွားခြင်းကို ဖြစ်စေသည့် ဆယ်မိုနဲလားပိုး တွေ့ရှိဟုဆို

လမ်းနံဘေးရောင်းချသည့် တုတ်ထိုးဆိုင်များ၌ အသံုံးပြုသော ငရုတ်သီးအချဉ်ရည်များတွင် အူရောင်ငန်းဖျားရောဂါ အပါအဝင် သွေးဝမ်းသွားခြင်းကို ဖြစ်စေသည့် ဆယ်မိုနဲလားပိုး တွေ့ရှိဟုဆို
Published 7 January 2016
ထွယ်ဆန်အောင်

လမ်းနံဘေးတွင် ရောင်းချသည့် တုတ်ထိုးဆိုင်များနှင့် အခြားအစားအစာဆိုင်များတွင် အသုံးပြုသော ရောစပ်ထားသည့် ငရုတ်သီးအချဉ်ရည်များတွင် အူရောင်ငန်းဖျား၊ သွေးဝမ်းသွားခြင်း၊ ဗိုက်အောင့်ခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကိုယ်ခန္ဓာ နာကျင်ခြင်းများကို ဖြစ်စေသည့် ဆယ်မိုနဲလားပိုး (Salmonella) ပါဝင်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ဆေးသုတေသဦးစီးဌာန၊ ဇီဝအဆိပ်ဗေဒသုတေသနဌာနခွဲမှ သုတေသီများမှ စမ်းသပ် စစ်ဆေးထားမှုများအရ သိရသည်။
 
ဗက်တီးရီးယားပိုးများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဆယ်မိုနဲလားပိုးသည် ဂရမ်ဆိုးဆေးအရောင် ပန်းရောင်ရှိပြီး စပိုးပုံစံဖြင့် မတွေ့ရဘဲ ရွေ့လျားနိုင်သည့် အချောင်းပုံစံဖြင့် အောက်ဆီဂျင်မရှိသော နေရာများတွင် ပေါက်ပွားနိုင်စွမ်းရှိကြောင်း၊ ယင်းပိုးသည် Enterobacteriaceae အုပ်စုတွင် ပါဝင်ကာ အများအားဖြင့် တိရစ္ဆာန်များတွင် တွေ့ရှိရကြောင်းနှင့် အဆိုပါပိုးအများဆုံးတွေ့ရှိရသည့် အစားအစာများမှာ ဥနှင့် ဥဖြင့် ပြုလုပ်ထားသော အစားအစာများ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ အသားစိမ်းများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ဆိုးဆေးသုံးထားသည့် အစားအစာများနှင့် အရောင်ရှိသည့် အအစားအစာများတွင် ပါဝင်နိုင်ကြောင်း သိရသည်။
 
သုတေသနပြုလုပ်ရာတွင် အဆိုပါပိုး ပါဝင်နိုင်သည့် အစားအစာများအနက် အစားအစာ အမျိုးမျိုးနှင့် တွဲဖက်စားသုံးလေ့ရှိသည့် ငရုတ်သီးအချဉ်ရည်နှင့် ရောစပ်ထားသော အချဉ်ရည်များကို စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ယင်းအချဉ်ရည်များကို လမ်းနံဘေး၌ ရောင်းချထားသည့် ဝက်သားတုတ်ထိုးဆိုင်များ၊ အမဲအူပြုတ်ဆိုင်များ၊ ကြာဆံကြော်ဆိုင်များနှင့် ဝက်သား၊ ကြက်သားပေါက်စီဆိုင်များတွင် တွဲဖက်စားသုံးသည့် အချဉ်ရည်များအား ရယူစမ်းသပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
 
၂၀၁၄ ခုနှစ် ဇွန်မှ ၂၀၁၅ ခုနှစ် မေလအတွင်း အဆိုပါဆိုင်များမှ အချဉ်ရည်များအား ဆိုင်တစ်မျိုးလျှင် နမူနာ ၁၅ ခုစီဖြင့် စုစုပေါင်း နမူနာပစ္စည်း ၆၀ ကိုယူကာ ဆယ်မိုနဲလားပိုး ပါဝင်မှု ရှိ မရှိကို စမ်းသပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ စမ်းသပ်မှုရလဒ်များအရ အချဉ်ရည်နမူနာများအနက် ဝက်သားတုတ်ထိုးဆိုင်မှ အချဉ်ရည်နမူနာ လေးခု၊ အမဲအူပြုတ်ဆိုင်မှ အချဉ်ရည်နမူနာ ငါးခုနှင့် ကြာဆံကြော်ဆိုင်မှ အချဉ်ရည်နမူနာ နှစ်ခုတို့တွင် ဆယ်မိုနဲလားပိုး ပါဝင်မှု ၁၈ ဒသမ ၃၃ ရာခိုင်နှုန်း (၁၁/၆၀) ပါဝင်သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
 
ထို့ပြင် ဆယ်မိုနဲလား ဘတ်တီးရီးယား ပိုးပါဝင်သည့် အချဉ်ရည်နမူနာ ၁၁ ခုကို ဇီဝဓာတုနည်းဖြင့် ဆယ်မိုနဲလားပိုး အမျိုးအစားခွဲခြားကြည့်ရာ ဆယ်မိုနီးလားပိုးအမျိုးအစား ကွဲများဖြစ်သည့် S.pullorum တစ်ခု၊ S.typhi  တစ်ခု၊ S.cholerraesuis  နှစ်ခုနှင့် Salmonella Species ခုနစ်ခုကို တွေ့ရှိခဲ့ရကြောင်းနှင့် ယခု သုတေသနရလဒ်များအရ စစ်ဆေးတွေ့ရှိခဲ့ရသည့် ဆယ်မိုနဲလားပိုးများသည် ကလီစာများကို မကျက်တကျက် စားသုံးခြင်း၊ ချက်ပြုတ်ပြီး အစားအစာများကို အသားစိမ်းနှင့် ရောနှောထားရှိခြင်းများကြောင့် ပိုးများပေါက်ပွားစေနိုင်သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။        

Most Read

Most Recent