Consoritum Share ၏ သဘောတရားများ

Consoritum Share ၏ သဘောတရားများ
Published 7 January 2016
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

ပထမဦးစွာ Consoritum Share ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ဦးစွာရှင်းပြလိုပါတယ်။ စာရေးသူက အရာရာကို မိမိသိသလို အခြားသူတွေကိုလည်း သိစေလိုတယ်။ မကြာမီကပဲ မန္တလေးကနေ ဖုန်းလှမ်းဆက်ပြီး Consoritum Share နဲ့ပတ်သက်ပြီး မေးလာလို့ အကြမ်းဖျင်း သဘောတရားကိုတော့ ပြောပြလိုက်တယ်။ ပိုမိုသိဖို့ရယ် အခြားသူတွေကိုလည်း သိစေလိုတာကြောင့် အခုဆောင်းပါးကို ရေးဖြစ်ပါတယ်။ Consoritum Share က Consort ဆိုတဲ့ စကားလုံးကနေ ထပ်ဆင့် ဖြစ်ပေါ်လာတဲ့ စကားလုံးဖြစ်ပြီး Consort ကတွဲသည်၊ ဆက်ဆံသည်၊ ပေါင်းသင်းသည်လို့ အဓိပ္ပာယ် ရပါတယ်။ Consoritum ကတော့ ပိုမိုကျယ်ပြန့်တဲ့ စကားလုံး ဖြစ်လာတယ်။ စီးပွားရေး လုပ်ငန်းတွေမှာ မိမိတစ်ဦးတည်းရဲ့ ငွေကြေးနဲ့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ငွေကြေး လုံလောက်မှု မရှိကြတဲ့အခါ ငွေကြေးရှိကြသူ အချင်းချင်း ယာယီ ပေါင်းစည်းပြီး တူညီတဲ့ ရည်မှန်းချက် တစ်ခုနဲ့ အတူအကွ အလုပ်လုပ်ကြတာ ဖြစ်ပါတယ်။
Consort ရဲ့ နောက်ထပ် အဓိပ္ပါယ် ဖွင့်ချက်တစ်ခုကတော့ Wife Of Husband လို့ ဖွင့်ထားတာ ဖြစ်ပြီး မြန်မာလိုတော့ ကြင်ရာတော်လို့ ဖွင့်ဆိုထားတယ်။ ကြင်ရာတော် လင်မယားတွေကလည်း ဘ၀ အဖော်မွန် အဖြစ်တစ်ဦးနဲ့တစ်ဦး ချစ်ခြင်းမေတ္တာနဲ့ ပေါင်းသင်းကြတာ ဖြစ်တယ်။ သို့ပေမဲ့ လင်မယား တွေမှာလည်း အခန့်မသင့် အယူအဆချင်း မတူညီကြတဲ့အခါ တစ်ဦးနဲ့တစ်ဦး ခွဲခွာသွားကြတာ ဖြစ်တယ်။ နောက်တစ်ခုက မူးယစ်ဆေးစွဲ သူတွေနဲ့ ပေါင်းသင်းတာ၊ လူမိုက်တွေနဲ့ ပေါင်းသင်းတာကိုလည်း Consortium လို့ သုံးကြတယ်။ ဒါကြောင့် Consortium ရဲ့ သဘောတရားက ကောင်းသော ပေါင်းခြင်းနဲ့ မကောင်းသော ပေါင်းခြင်းနှစ်မျိုးစလုံးနဲ့ ပေါင်းသင်းတာကိုလည်း ဆိုလိုနိုင်တာ ဖြစ်တယ်။
စီးပွားရေး လုပ်ငန်းတွေမှာလည်း အလားတူ သဘောတရား ဖြစ်တယ်။ အစပိုင်းမှာ မိမိတစ်ဦးတည်းရဲ့ ငွေကြေးနဲ့ မလောက်ငတာကြောင့် အစုရှယ်ယာတွေနဲ့ ပေါင်းစည်း လုပ်ဆောင်ကြတာကို Consortium  လို့ သုံးတာ ဖြစ်တယ်။ စီးပွားရေး လုပ်ငန်းတွေမှာ ဆွေမျိုးဆိုတာ မရှိဘူးလို့ဆိုတဲ့ ဆိုရိုးလည်းရှိတယ်။ သဘောက ငွေကြေးနဲ့ ပတ်သက်လာရင် ညီအစ်ကို မောင်နှမသားချင်း တွေသော်မှ စိတ် ဝမ်းကွဲတတ်ကြတာ ဖြစ်တယ်။ ဒါကြောင့် There is no relatives in Bussiness လို့ ဆိုကြတာ ဖြစ်တယ်။ Consortium Share ဆိုတာက ဒါဆိုရင် လုပ်ငန်းတွေ အတူတကွ ပေါင်းစည်း လုပ်ဆောင်နိုင်ဖို့ အစုရှယ်ယာ တွေထည့်ဝင်ကြတာကို ခေါ်တာဖြစ်တယ် ဆိုတာ သိနိုင်တယ်။ သို့ပေမဲ့ လူရဲ့သဘော က ငွေနဲ့ အာဏာကို မက်မောတတ် ကြတာကြောင့် ငွေနဲ့ ပတ်သက်လာရင်၊ အာဏာနဲ့ ပတ်သက်လာရင် မိမိ ကိုယ်ကျိုးကိုသာ ကြည့်တတ်ကြတာဖြစ်တယ်။
စီးပွားရေး လုပ်ငန်းတွေ ပေါင်းစည်း လုပ်ဆောင်ကြရာမှာ မိမိကိုယ်ကျိုး စီးပွားသက်သက် ကိုသာ ကြည့်တတ်သူတွေကို ရှောင်ကြဉ်ကြရမှာ ဖြစ်တယ်။ အဲဒီလို အတ္တများတဲ့ ကိုယ်ကျိုး ရှာသူတွေနဲ့သာ ပေါင်းစည်းမိရင် Consortium Share လို့ခေါ်တဲ့ ပေါင်းစည်းပြီး အစုရှယ်ယာ ထည့်ဝင်လုပ်ဆောင်တဲ့ စီး ပွားရေး လုပ်ငန်းတွေက ရေရှည်တည်တံ့မှာ မဟုတ်ဘဲ “စလယ်ဝင်ဖင် မမည်းခင်ကကွဲ” ဆိုတာလို စလယ်ဝင်အိုးက ဖင်မမည်းခင်မှာ ဘဲကွဲသွားသလို စီးပွားရေး လုပ်ငန်းပေါင်းစည်း လုပ်ဆောင် သူတွေမှာလည်း အကွဲအပြဲဖြစ် သွားကြတာကို ဆိုလိုတာ ဖြစ်တယ်။ နမူနာ ဆိုရရင် Enron Corporation ဆိုတဲ့ စီးပွား ရေးလုပ်ငန်းက အောင်မြင်မှုရနေခိုက်မှာပဲ အတွင်းလူ အချို့ရဲ့ အကျင့်ပျက် ခြစားမှုကြောင့်  ယိုယွင်း ပျက်စီးသွားပြီး Enrol ရဲ့ စတော့ရှယ် ယာတန်ဖိုးလည်း ကျဆင်းသွားရာက နောက် ဆုံးမှာ Bankruptey လို့ခေါ်တဲ့ အကြွေး မဆပ်နိုင်တဲ့ အဖွဲ့အစည်း ဖြစ်သွားခဲ့တယ်။
စီးပွားရေး လုပ်ငန်းတွေမှာ အခြားသူ တစ်ဦးတစ်ယောက်နဲ့ ပေါင်းစည်းမှုမရှိဘဲ မိမိတစ်ဦးတည်း ပိုင်ဆိုင်တဲ့ ငွေကြေးနဲ့ တစ်ပိုင်တစ်နိုင် စီးပွားရေး လုပ်ငန်းတွေ လုပ်တာက Sole Proprietorship လို့ခေါ်တဲ့ လုပ်ငန်း ဖြစ်တယ်။ နောက်တစ်ခုက လုပ်ငန်းတွေတိုး ချဲ့လုပ်နိုင်စေဖို့ မိမိ တစ်ဦးတည်းပိုင် ငွေကြေး နဲ့ မလုံလောက်တဲ့အခါ အခြားအကျိုးတူပူး ပေါင်းလိုသူတွေနဲ့ တူညီတဲ့ငွေကြေးပမာဏ ထည့်ဝင်ပြီး အစုစပ် လုပ်ငန်း Partnership ပုံစံနဲ့ လုပ်ဆောင်လာကြတယ်။ အဲဒီမှာ Consortium Share ပုံစံဖြစ်လာတယ်။ သို့ပေမဲ့ အစုစပ်လုပ်ငန်းမှာ အစုစပ်ဝင် တစ်ယောက်က လုပ်ငန်း အတူတကွ ဆောင်ရွက်ဖို့ ငြင်းပယ်ချိန်မှာ အဲဒီအစုစပ် လုပ်ငန်းလည်း ပျက်ပြယ်သွားတာမို့ စီးပွားရေး လုပ်ငန်းတွေမှာ အစုစပ်ပုံစံ လုပ်ကြတာ မရှိသလောက် ဖြစ်ပါတယ်။
ပိုမိုကောင်းမွန်တဲ့ စီးပွားရေးလုပ်ငန်း ပေါင်းစည်း လုပ်ဆောင်မှု ပုံစံက Limited Company လို့ခေါ်တဲ့ မိမိတ ထည့်ဝင်ထားတဲ့ အစုရှယ်ယာ ပမာဏထက် ကျော်လွန်ပြီးပေးရန် တာဝန်မရှိကြောင်း ဥပဒေအရ ကန့်သတ် ထားတဲ့ လီမိတက် ကုမ္ပဏီတွေဖြစ်တယ်။ အဲဒီ လီမိတက်ကုမ္ပဏီမှာ အများနဲ့မသက်ဆိုင်တဲ့ လီမိတက် ကုမ္ပဏီ (Private Limited Company) နဲ့ အများနဲ့ သက်ဆိုင်တဲ့ လီမိတက် ကုမ္ပဏီ (Public Limited Company)  ဖြစ်တယ်။ အများနဲ့ မသက်ဆိုင်တဲ့ ကုမ္ပဏီ လီမိတက်ကို ဒါရိုက်တာ နှစ်ဦးနဲ့ စတင်ဖွဲ့စည်း ဆောင်ရွက်နိုင်ပြီး ပေါင်းစည်းရှယ်ယာ Consortium Share  က ၅၀ ထက်မပိုရလို့ ကန့်သတ်ထားတယ်။ အဲဒီအများနဲ့ မသက်ဆိုင်တဲ့ ကုမ္ပဏီတွေက အစုရှယ်ယာတွေ လွှဲပြောင်း ရောင်းချလို့ မရဘူး။ အစုရှယ်ယာ လွှဲပြောင်းမှုသာ ပြုလုပ်နိုင်တယ်။ သဘောက ဒါရိုက်တာ အစုရှယ်ယာဝင် ဖြစ်စေ သာမန် အစုရှယ်ယာဝင် ဖြစ်စေ မိမိက ကုမ္ပဏီအစု ရှယ်ယာဝင်အဖြစ်က နုတ်ထွက်လိုရင် မိမိအစုရှယ်ယာ ပြန်လည် ရရှိဖို့အတွက် အခြား အစုရှယ်ယာဝင် တစ်ဦး ကို ရှာဖွေပြီး အမည်လွှဲပြောင်းရတာ ဖြစ်တယ်။
စာရေးသူတို့ နိုင်ငံမှာ စီးပွားရေးမှာ အများအကျိုး သယ်ပိုးဆောင်ရွက်လို စိတ်မရှိတာကြောင့် အများနဲ့ မသက်ဆိုင်တဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ နှစ်သောင်းကျော်လောက် ဖွင့်ခွင့်ပေးခဲ့ပေမယ့် အများပိုင် ကုမ္ပဏီတွေ ဖွင့်ခွင့်ကို ကန့်သတ်ထားခဲ့ကြတယ်။ အမှန်မှာက နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပ ဏီတွေ များများဖွင့်ခွင့် ပေးကြရမှာ ဖြစ်တယ်။
၂၀၁၁ ခုနှစ်ကနေ စတင်ခဲ့တဲ့ အသွင်ပြောင်း အစိုးရ လက်ထက်မှာ အများပိုင် ကုမ္ပဏီတွေ ဖွင့်ခွင့်ပေးခဲ့တာ အခုအချိန်အထိ အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီက ၂၀၀ ဝန်းကျင်လောက်သာ ရှိသေးတယ်။ နိုင်ငံ တစ် နိုင်ငံ တိုးတက်စေဖို့မှာ အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီတွေများ ပါမှတိုးတက်နိုင်မယ်ဆိုတာ စာရေးသူလွန်ခဲ့သော ၁၀ နှစ်တာ ကာလကတည်းက ရေးခဲ့ပြီး ဖြစ်ပါတယ်။ Consortium Share  ဆိုတာကလည်း လုပ်ငန်းတစ်ခုကို တူညီတဲ့ ရည်ရွယ်ချက်နဲ့ မိမိ တစ်ဦးချင်းဖြစ်စေ ကုမ္ပဏီလိုက်ဖြစ်စေ စုပေါင်း ထည့်ဝင်ပြီး မိမိတို့ ထည့်ဝင်တဲ့ အစုရှယ်ယာ တန်ဖိုးအလိုက် အကျိုးခံစားခွင့် ရရှိစေတာ ဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံ ပီပီပြင်ပြင်ဖြစ်လာရင် နိုင်ငံရပ်ခြားက ကုမ္ပဏီ တွေကလည်း မြန်မာနိုင်ငံ အတွင်းမှာ ပေါင်းစည်းရှယ်ယာ Consortium Share နဲ့ မိမိတို့ ထည့်ဝင်တဲ့ ငွေကြေး ပမာဏအလိုက် အကျိုးခံစားခွင့် ရရှိကြမှာ ဖြစ်တယ်။
နမူနာ ပုံစံတစ်ခ ုပြရရင် အီရန်နိုင်ငံမှာ ပေါင်းစည်းတည်ထောင် လုပ်ကိုင်တဲ့ Iranian Oil Participants Ltd(IOP) က ၁၉၅၄ ခု နှစ်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပြီး အဲဒီ IOP ရဲ့အဖွဲ့ဝင်တွေမှာ British Petroleum (ရာခိုင်နှုန်း ၄၀)၊ Gulf Oil ( ရှစ်ရာခိုင်နှုန်း)၊ Royal Dutch Shell (၁၄ ရာခိုင်နှုန်း) နဲ့ Compagnie Francaise des PeTroles(Later Total S.A) (ခြောက်ရာခိုင်နှုန်း) နဲ့ Aramco ရဲ့ အစုဝင်လေးခုဖြစ်တဲ့ ကယ်လီဖိုးနီးယားရဲ့ Standard Oil(Socal နဲ့ နောက်ပိုင်း Chevron)၊ New Jersey ရဲ့ Standare Oil (နောက်ပိုင်း Exxon  အမည်ပြောင်း) နယူးယောက်ရဲ့ Standard Oil (နောက်ပိုင်း Mobil လို့ အမည်ပြောင်း) တဲ့ ရေနံ ကုမ္ပဏီတွေက ရှစ်ရာခိုင်နှုန်းစီ Consortium Share တွေ ထည့်ဝင်ခဲ့ကြတယ်။ ရရှိတဲ့ အကျိုးအမြတ်တွေကို သူတို့ ထည့်ငွေကြေး ပမာဏအလိုက် ခံစားကြရတာ ဖြစ်တယ်။ ဘယ်လို လုပ်ငန်းတွေမှာ ဖြစ်ဖြစ် စိတ်တူကိုယ်တူ ရည်မှန်းချက် တူညီစွာ ဝိုင်းဝန်း ပေါင်းစည်း ဆောင်ရွက်ကြမယ်ဆိုရင် အောင်မြင်မှုကို  ရေရှည် ခံစားရရှိနိုင်ကြမှာ ဖြစ်တယ်။
နိုင်ငံတွေမှာ လုပ်ငန်းနေရာတိုင်းမှာ Consortum စိတ်ဓာတ်နဲ့ ပေါင်းစည်းလုပ် ဆောင်ကြရင် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို မျက်ဝါးထင်ထင် ရုပ်လုံးပေါ်လာစေနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ကိုယ်ကျိုးရှာလိုတဲ့ အတ္တစိတ်တွေကို ဖယ်ရှားပစ်ကြရမှာ ဖြစ်ကြောင်းပါ။

Most Read

Most Recent