မိုက်ခရို စီးပွားရေး မူဝါဒနှင့် မက်ခရို စီးပွားရေး မူဝါဒ

မိုက်ခရို စီးပွားရေး မူဝါဒနှင့် မက်ခရို စီးပွားရေး မူဝါဒ
Published 6 January 2016
ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)

မိုက်ခရို စီးပွားရေး မူဝါဒ (Micro Economic Policy) အတွက် အရေးပါသော အချက်မှာ မိမိနိုင်ငံ၏ အရင်းအမြစ်များ (ဘဏ္ဍာရေး အရင်းအမြစ်၊ သယံဇာတ အရင်းအမြစ်၊ လူသားအရင်းအမြစ် စသည်) ကို အသုံးပြု၍ ရရှိသော ဝင်ငွေများကို တိုးများသည်ထက် တိုးများစေရန်ဖြစ်သည်။ မိုက်ခရို စီးပွားရေးမူ ဝါဒသည် နိုင်ငံ၏ စီးပွားရေး အနေအထားများ ပုံမှန် ရှိနေစေရန်နှင့် ဈေးကွက်အတွင်း မတရားသော နည်းလမ်းများဖြင့် လွှမ်းမိုးချုပ်ကိုင်နိုင်စေမှု မရှိစေရန် အတွက်လည်း အရေးပါသည်။ယင်းအပြင် မိုက်ခရို စီးပွားရေး မူဝါဒ၏ အကျိုးသက်ရောက်မှု ရှိစေရန်အတွက် ကုန်သွယ်ရေး (Trade) နှင့် ရင်းနှီးမြှုပ်နှံမှု (Investment) တို့၏ အခြေခံ ပတ်ဝန်းကျင်ကောင်းများကို အမြဲတစေ ဖန်တီးပေးရန်လည်း လိုအပ်လေ့ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် အလုပ်အကိုင် အခွင့်အလမ်းများ (Job-Opportunities) နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ (Investment Opportunities) တို့ကို ဖော်ဆောင်ပေးရာတွင်လည်း အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများ (Side effects) (ဥပမာ-ပြည်ပနိုင်ငံများမှ စွန့်ပစ်ပစ္စည်းများ စုပုံထားရှိ ခံရခြင်း၊ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးရခြင်း၊ နိုင်ငံသားတိုင်း ကျန်းမာရေး ထိခိုက် ပျက်စီးရခြင်းစသည့်) နှင့် အကျိုးအဆက်များ (Consequences) (ဥပမာ-ကမ္ဘာ့စီးပွားရေး အနေအထား အပြောင်းအလဲ စသည့်) တို့ကို ကြိုတင်ကာကွယ်နိုင်ရပေသည်။မိုက်ခရို စီးပွားရေး မူဝါဒ (Micro Economic Policy) သည် ဈေးကွက်အတွင်းတွင် မျှတသော ယှဉ်ပြိုင်မှုကို အခြေခံ စံထားသော်လည်း မက်ခရို စီးပွားရေး မူဝါဒ (Macro Economic Policy) သည် (က) ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်ပေးခြင်း (ခ) တည်ငြိမ်ပြီး နိုင်ငံ၏ စီးပွားရေးအတွက် ယှဉ်ပြိုင်မှုကို ဖြစ်တည်စေမည့် နိုင်ငံခြား ငွေလဲလှယ်နှုန်းကို ထိန်းသိမ်းပေးခြင်း (ဂ) ကောင်းမွန်သော ဘဏ္ဍာရေး စီမံခန့်ခွဲမှု (ဃ) ထိရောက်သော ငွေကြေးအရင်းအနှီး ဈေးကွက်ကို ထိန်းကျောင်းပေးခြင်းတို့သည် အဓိကဖြစ်သည်။မက်ခရို စီးပွားရေး မူဝါဒ (Macro Economic Policy) ၏ (က) “ငွေကြေးဖောင်းပွမှုနှုန်း (Inflation rate) ကို ထိန်းချုပ်ပေးခြင်း” သည် လွန်စွာအရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ငွေကြေးဖောင်းပွမှုနှုန်းသည် မြင့်မား၍ မတည်ငြိမ်လျှင် နိုင်ငံ၏ ကုန်ထုတ်ယန္တရားအတွက် ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်။ ခန့်မှန်းရန် ခက်ခဲသော ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေသို့ ရောက်ရှိလာလျှင် အရင်းအနှီးဈေးကွက် (Capital Market) အတွင်းတွင် အကျိုးအမြတ် (Profits) နှင့် အဆုံးအရှုံး (Losses) များသည် မတည်မငြိမ် ပိုမိုဖြစ်လာလေ့ ရှိသည်။ ထို့ကြောင့် မက်ခရို စီးပွားရေး တည်ငြိမ်မှုတွင် အရေးပါသော အချက်ဖြစ်သည့် ကုန်ဈေးနှုန်း တည်ငြိမ်မှု (Price Stability) ကို ဦးတည်စေနိုင်မည့် ငွေကြေး မူဝါဒနှင့် ဘဏ္ဍာရေး မူဝါဒများကို အမြဲတစေ ထိန်းညှိပေးနိုင်ရန် လိုအပ်လေ့ရှိသည်။ တစ်ဖန်နိမ့်၍ တည်ငြိမ်သော ငွေကြေးဖောင်းပွမှုနှုန်း၊ (Low and Stable Inflation Rate) ကို ထိန်းသိမ်းပေးနိုင်ရန် အရေးကြီးသည်ဟုလည်း ယူဆသည်။ ငွေကြေးဖောင်းပွမှုနှုန်းကို မထိန်းချုပ်နိုင်ပါက (၁) ဝင်ငွေခွဲဝေမှု မမျှတမှု ပြဿနာ  (၂) ကုန်စည်နှင့် ဝန်ဆောင်မှုတို့၏ ထုတ်လုပ်မှုစရိတ် ကြီးမြင့်လာမှုနှင့်အတူ ပြည်တွင်းပြည်ပတွင် ယှဉ်ပြိုင်နိုင်မှုစွမ်းရည် နိမ့်ကျလာနိုင်မှု ပြဿနာ၊ (၃) ကုန်ထုတ်ယန္တရား အချင်းချင်း အကြားတွင် ရင်းနှီးမြှုပ်နှံမှု ပုံသဏ္ဌန်ကို ထိရောက်စွာ ချိတ်ဆက်ပေးနိုင်မည့် ပြည်သူတို့ထံမှ အရင်းအနှီး အားနည်းလာနိုင်မှု ပြဿနာတို့ကိုလည်း ရင်ဆိုင်ရလေ့ ရှိသည်။(ခ) မက်ခရို စီးပွားရေး မူဝါဒတွင် “တည်ငြိမ်ပြီး နိုင်ငံ၏ စီးပွားရေးအတွက် ယှဉ်ပြိုင်နိုင်စွမ်းအားကို ဖြစ်တည်စေမည့် နိုင်ငံခြား ငွေလဲလှယ်နှုန်း” သည်လည်း လွန်စွာ အရေးပါသည်။ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား အပေးအယူများနှင့် ကုန်သွယ်ရေး ကဏ္ဍများတွင် “နိုင်ငံခြား ငွေလဲနှုန်း” သည် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။မိမိနိုင်ငံ၏ ပို့ကုန်များနှင့် သွင်းကုန်များ မိမိနိုင်ငံ အတွင်းသို့ ဝင်ရောက်ရင်းနှီး မြှုပ်နှံမှုများ အစရှိသော Transactions များတွင် နိုင်ငံခြားငွေလဲနှုန်းနှင့် တိုက်ရိုက်ဆက်စပ်နေသောကြောင့်ပင် ဖြစ်သကဲ့သို့ ပြည်တွင်းသုံးငွေနှင့် နိုင်ငံခြားငွေ (ဥပမာ-အမေရိကန်ဒေါ်လာ) တို့၏ လဲလှယ်နှုန်း (နှိုင်းယှဉ်တန်ဖိုး ပြောင်းလဲမှုကို ဖော်ပြခြင်း) သည် မိမိနိုင်ငံ၏ ပကတိ စီးပွားရေး အခြေအနေ (Real Economy) ကို ထင်ဟပ်စေသော အချက်ပင် ဖြစ်သည်။ တစ်ဖန် နိုင်ငံခြား အရန်ငွေ ပမာဏ (Foreign Reserves) လျော့နည်းလာ၍ ပြည်ပမှ Over-borrowing လုပ်လျှင် နိုင်ငံခြားငွေကြေး ဈေးကွက်တွင် ပြဿနာဖြစ်ပေါ်စေနိုင်ခြင်းပင် ဖြစ်သည်။ ယင်းနောက် ပြည်တွင်း ငွေကြေးတန်ဖိုး လျှော့ချလိုက်ရခြင်း ဟူသော အကျိုးဆက်နှင့်အတူ နိုင်ငံရေး ပြဿ နာများကိုပင် ရင်ဆိုင်ရနိုင်ပေသည်။ ထို့ကြောင့် နိုင်ငံခြား ငွေလဲလှယ်နှုန်း မူဝါဒသည် အမှားအယွင်း မခံဘဲ နိုင်ငံ၏ စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းကို ဖြစ်တည်စေမည့် တည်ငြိမ်သော ငွေလဲနှုန်းကို ထိန်းကျောင်းပေးရန် လိုအပ်ပေမည်။(ဂ) မက်ခရို စီးပွားရေး မူဝါဒတွင် “ကောင်းမွန်သော ဘဏ္ဍာရေး စီမံခန့်ခွဲမှု” သည်လည်း လွန်စွာအရေးပါလှသည်။ နိုင်ငံ၏ ဘဏ္ဌာရေးတွင် လိုငွေပြ ဘဏ္ဍာရေး (Budget Deficit) အခြေအနေ ဖြစ်နေလျှင် ယင်းကို မည်သို့ ဖြေရှင်းသနည်းဟူသော နည်းလမ်းများသည် အရေးကြီးပေသည်။ ဥပမာ-ပြည်တွင်းတွင် ငွေတိုက်စာချုပ် ရောင်းချခြင်း၊ ပြည်ပနိုင်ငံများမှ ချေးခြင်း၊ ငွေစက္ကူများ ရိုက်ထုတ်ခြင်း စသော နည်းလမ်းများအနက် ယင်းတို့ကို မည်သို့ ပေါင်းစပ်ရောစပ် ဖြေရှင်းသနည်း ဆိုသည်ပင်ဖြစ်သည်။ ကောင်းမွန်သော ဘဏ္ဍာရေး အခြေအနေဟူသည် နိုင်ငံ၏ ဘဏ္ဍာရေး ရငွေနှင့် သုံးစွဲငွေကို ထိထိမိမိ ရယူသုံးစွဲခြင်းဖြင့် နိုင်ငံ၏ ကုန်ထုတ်လုပ်မှု ယန္တယားကို မြင့်မားစေခြင်းပင်ဖြစ်သည်။ ဘဏ္ဍာရေး လိုငွေပြမှုကို ဖြေရှင်းရာတွင် နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိက ကဏ္ဍ၏ လုပ်ငန်းများသို့ ပြောင်းလဲ လွှဲပြောင်းပေးရန် လိုအပ်သည် ဆိုသော်လည်း ယင်းကဲ့သို့ လွှဲပြောင်းပေးရာတွင်လည်း ဘေးထွက်ဆိုးကျိုးများ မဖြစ်ပေါ်စေရန် လိုအပ်သကဲ့သို့ ဘဏ္ဍာရေး လိုငွေပြဿနာကို ကျိန်းသေဖြေရှင်းနိုင်မည်ဟုလည်း မယူဆသင့်ပေ။ ဆိုလိုသည်မှာ ဘဏ္ဌာရေး လိုငွေပြမှု၏ အရင်းခံ အကြောင်းရင်းများနှင့် ယင်းလိုငွေ ပမာဏကို မည်ကဲ့သို့ ဖြေရှင်းမည်နည်း ဆိုသည်ပင်ဖြစ်သည်။တစ်ဖန် ယင်းဘဏ္ဍာရေး လိုငွေပြမှုသည် သေးငယ်ပါက မက်ခရိုစီးပွားရေး အပေါ်တွင် ဆိုးကျိုးသက်ရောက်မှုမှာ ပြောပလောက်အောင် မရှိနိုင်သော်လည်း နှစ်စဉ်နှစ်စဉ် ယင်းလိုငွေ ပမာဏ ကြီးမားလာပြီး တိုင်းပြည်ကုန်ထုတ်ယန္တရားကို မြှင့်တင်ပေးနိုင်ခြင်း မရှိပါက ဆိုးကျိုးများကို မလွဲမသွေ ရင်ဆိုင်ရနိုင်ပေသည်။ ယင်းလိုငွေပြမှုကို ငွေစက္ကူ ရိုက်ထုတ်သော နည်းလမ်းဖြင့် အလွယ်ဖြေရှင်းပါက ကုန်ဈေးနှုန်း တည်ငြိမ်မှု (Price Stability) နှင့် နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်မှု (Exchange rate Stability) တို့တွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်စေနိုင်ပေသည်။(ဃ) မက်ခရို စီးပွားရေး မူဝါဒတွင် “ထိရောက်သော ငွေကြေးအရင်းအနှီးဈေးကွက်” သည်လည်း အရေးပါလှသည်။ မည်သည့်နိုင်ငံမဆို ယင်းနိုင်ငံ၏ ရေတို ရေရှည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ယင်းနိုင်ငံ၏ နိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှု မည်ရွေ့မည်မျှ တိုးတက်မြင့်မားလာသည် ဆိုသည်နှင့် ယင်းတို့၏ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် နိုင်ငံ၏ ကုန်ထုတ်လုပ်မှု စွမ်းရည်ကို မည်ရွေ့မည်မျှ အထောက်အပံ့ပြုမည်နည်း ဆိုသည့် အချက်များကို သိရှိနိုင်ရန်မှာ ယင်းနိုင်ငံ၏ “အရင်းအနှီးဈေးကွက်၊ ရင်းနှီးမြှုပ်နှံမှုဈေးကွက်” အခြေအနေကို ကြည့်ရှုလေ့လာ သုံးသပ်ရပေသည်။ ဆိုလိုသည်မှာ နိုင်ငံ၏ တရားဝင်ဈေးကွက်များနှင့် တရားမဝင် ဈေးကွက်များ အကြားတွင် ရှိသော ငွေကြေးစီးဆင်းမှု ပုံသဏ္ဌာန်နှင့် ပမာဏကို လေ့လာခြင်းလည်း ဖြစ်သည်။ယင်းအထက်ပါ မိုက်ခရို စီးပွားရေး မူဝါဒ (Micro Economic Policy) တို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ ပေါင်းစပ်ပေးနိုင်လျှင် ယင်းနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေး အစရှိသည်တို့ တည်ငြိမ်နေမည်သာ ဖြစ်သည်။

Most Read

Most Recent