အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေကြမ်းအား ယခုလွှတ်တော်သက်တမ်းတွင် တင်သွင်းမည်မဟုတ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြား

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေကြမ်းအား ယခုလွှတ်တော်သက်တမ်းတွင် တင်သွင်းမည်မဟုတ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Published 5 January 2016

ယခုကျင်းပနေသည့် လွှတ်တော်သက်တမ်းတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းမည် မဟုတ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇန်နဝါရီ ၅ ရက်တွင် ပြောကြားသည်။
ဦးခင်အောင်မြင့်က "ကာလုံဥပဒေက နှစ်နှစ်ရှိပြီ။ ဒီလွှတ်တော်မှာ ရောက်နေတာ။ နှစ်နှစ်ရှိပြီ ဘာလို့ မလုပ်ဖြစ်လဲဆိုတော့ ဘာတွေ ထပ်လိုဦးမလဲ ဆိုတာမျိုးပေါ့။ ကာ/လုံဆိုတဲ့ အင်စတီကျူးရှင်းက တော်တော်မြင့်တဲ့ အင်စတီကျူးရှင်းပေါ့။ ဆိုတော့ ဒီအင်စတီကျူးရှင်းတစ်ခုမှာ ဥပဒေပြဋ္ဌာန်းချက်ရှိဖို့ တော့သင့်တယ်။ သင့်ပေမယ့် အတွေ့အကြုံ မရှိသေးဘူး။ အဲဒီလိုမရှိတော့ ဘာတွေ ထပ်လိုဦးမလဲ ထပ်စောင့်ရင်း စောင့်ရင်းနဲ့ မလုပ်ဖြစ်တာ နှစ်နှစ်ပြည့်သွားပြီ။ အခုဟာကတော့ လွှတ်တော်မှတင်ဖို့ အချိန်က မရတော့ပါဘူး"ဟု ဆိုသည်။
ဆက်လက်၍ "အဲဒီတော့ မူလကတင်ခဲ့တဲ့ ပုဂ္ဂိုလ်က ကျန်းမာရေးကလည်း သိပ်မကောင်းဘူး။ တော်တော် အခြေအနေ ဆိုးနေတယ်။ နောက်ပြီးတော့ ရက်ကလည်း သိပ်မရှိတော့ မတင်ပါဘူး။ မတင်သော်လည်း လုပ်ငန်းလက်ကျန် အနေနဲ့ နောင်လူတွေ လုပ်ချင်လည်း လုပ်လို့ရအောင်၊ မလုပ်ချင်လည်း မလုပ်နဲ့ပေါ့။ ဘာမှမလုပ်ဘဲ ထားခဲ့မယ့်ကိစ္စပါ။ ဒီလွှတ်တော်မှာတင်ဖို့ မမီတော့ပါဘူး။မမီတော့ဘူး။ အခုဟာက လွှတ်တော်ရက်က အလုပ်လုပ်ဖို့ ၁၉ ရက်ပဲ ကျန်တော့တယ်"ဟု ပြောကြားသည်။
ကာလုံဥပဒေကြမ်းတွင် သမ္မတက မဲပေးခွင့်မရှိဟု ထည့်သွင်းထားခြင်းသည် လုပ်ထုံးလုပ်နည်း ဖြစ်ကြောင်း၊ လွှတ်တော်ထဲတွင်လည်း လွှတ်တော်ဥက္ကဋ္ဌသည် မဲပေးခွင့်မရှိကြောင်း၊ ကာ/လုံတွင် ၁၁ ယောက်ရှိကြောင်း၊ ခြောက်ယောက်က တစ်ဖက်ကို မဲပေးသည်ဆိုပါက သမ္မတက ပေးစရာ မလိုတော့ကြောင်း၊ ငါးယောက်စီ ဖြစ်နေသည် ဆိုပါက သမ္မတ မဲပေးခွင့်ရှိကြောင်း၊ လုံး၀ မဲပေးခွင့် မရှိခြင်း မဟုတ်ကြောင်း၊ ယင်းတွေမှာ ပြင်ဆင်၍ရကြောင်း၊ ဥပဒေကြမ်းအဆင့်တောင် မရောက်သေးကြောင်း၊ ယင်းကို ဘာဖြစ်လို့ ဒီလောက် စိတ်ပူနေတာလဲဟု ဦးခင်အောင်မြင့်က ပြောကြားသည်။
ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် မည်သူမျှ အတွေ့အကြုံ မရှိပေမယ့် တော်တော်လေး လုပ်နိုင်ခဲ့ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ခြောက်လလောက် အကြာမှာ အရည်အသွေးပိုင်း တက်လာကြကြောင်း၊ ဒုတိယအကြိမ်သက်တမ်းတွင် ပိုလုပ်နိုင်မည်ဟု ယူဆကြောင်း၊ ပထမအကြိမ် သက်တမ်း၏ ဆောင်ရွက်ချက်များအား တွေ့မြင်ရသောကြောင့် ဖြစ်ကြောင်း၊ ဒုတိယအကြိမ် သက်တမ်းတွင် ပိုမိုကောင်းမွန်အောင် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဦးခင်အောင်မြင့်က ပြောကြားသည်။

Most Read

Most Recent