ခုံသမာဓိဆုံးဖြတ်ချက် ကျေနပ်သောရလဒ် မဖြစ်ပါက ထိပ်တန်းမြန်မာ အလုပ်သမားများ တိုင်းအလုပ်သမားဦးစီးဌာနရုံးသို့ ချီတက်ဆန္ဒပြမည်

ခုံသမာဓိဆုံးဖြတ်ချက် ကျေနပ်သောရလဒ် မဖြစ်ပါက ထိပ်တန်းမြန်မာ အလုပ်သမားများ တိုင်းအလုပ်သမားဦးစီးဌာနရုံးသို့ ချီတက်ဆန္ဒပြမည်
Published 5 January 2016

သပိတ်စခန်းဖွင့် ဆန္ဒပြနေသော ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမားများ ခုံသမာဓိ ဆုံးဖြတ်ချက်အား စောင့်ကြည့်သွားမည်ဖြစ်ပြီး ကျေနပ်သောရလဒ် မဖြစ်ပါက ရန်ကုန်တိုင်း အလုပ်သမားဦးစီးဌာနရုံးသို့ ချီတက် ဆန္ဒပြမည်ဖြစ်ကြောင်း ဇန်နဝါရီ ၄ ရက်က အလုပ်သမားများထံမှ စုံစမ်းသိရသည်။  
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာ စက်မှုဇုန်(၄)ရှိ ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမား ၂၀၀ ကျော်သည် နိုဝင်ဘာလအတွက် လုပ်ခလစာများကို အလုပ်ရှင်က အပြည့်အ၀ ပေးချေခြင်းမရှိသဖြင့်  ဒီဇင်ဘာ ၄ ရက်မှစ၍ အလုပ်မလုပ်ဘဲ တောင်းဆို ဆန္ဒပြနေသည်မှာ တစ်လပြည့်မြောက်ပြီ ဖြစ်သော်လည်း အလုပ်ရှင်က တောင်းဆိုချက်များအား လိုက်လျောပေးခြင်း မရှိသေးသဖြင့် ပြေလည်မှု မရသေးပေ။
“ကျွန်မတို့ အလုပ်လုပ်ထားတဲ့ လုပ်အားခငွေကို သူတို့က မပေးတာ။ တကယ်လို့ သူတို့ကပေးမယ်ဆိုရင် ချက်ချင်းပဲ စက်ရုံထဲ ပြန်ဝင်ပြီး အလုပ်လုပ်ရုံပဲ။ ၅ ရက်နေ့မှာ အလုပ်သမား ခုံသမာဓိရုံးက ဒီကိစ္စနဲ့ပတ်သက်ပြီး အဆုံးအဖြတ်ကျမယ်။ အဲဒီ အဆုံးအဖြတ်က ကျွန်မတို့အတွက် အဆင်ပြေမှုမရှိရင် ရှစ်မိုင်က အလုပ်သမားရုံးအထိ လမ်းလျှောက်ပြီး ဆန္ဒပြမယ်။ အဲဒါမှမရရင် နေပြည်တော်အထိကို တက်မယ်”ဟု အလုပ်သမားတစ်ဦးဖြစ်သူ မဝင်းပပခိုင်က ဆိုသည်။
ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံ အလုပ်သမား ၂၀၀ ကျော်သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ခွင့်ပြုချက်ဖြင့် လှိုင်သာယာမြို့နယ်အတွင်း လှည့်လည်ကာ ဆန္ဒပြခဲ့ကြသည်။

Most Read

Most Recent