ဂျပန်နိုင်ငံမှ ဝယ်ယူထားသည့် RBE ရထားတွဲ ၁၈ တွဲ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိနေပြီး ရန်ကုန်မြို့ပတ် လမ်းပိုင်းတွင် ဦးစားပေး ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ တိုင်း(၇)မှ ပို့ဆောင်ရေးမန်နေဂျာ ဦးကျော်စိုးလင်းက ပြောကြားသည်။
“ဂျပန်ကဝယ်ထားတဲ့ RBE တွဲ ၁၈ တွဲ သီလဝါဆိပ်ကမ်းမှာ ဒီဇင်ဘာလကုန်ပိုင်း လောက်က ရောက်ပါတယ်။ အဲဒီတွဲတွေကို ပြန်ပြီးပြင်ဆင်မယ်။ ပြီးရင် ရန်ကုန်မြို့ပတ်မှာ ဦးစားပေး ပြေးဆွဲမယ်။ မြို့ပတ်အပြင် တွဲတွေ ပိုမယ်ဆိုရင် နယ်ဘက် တွဲဆိုင်းတွေမှာ အစားထိုး ပြေးဆွဲသွားမှာပါ”ဟု ယင်းက ဆက်လက်ပြောကြားသည်။
ထို့ပြင် ဂျပန်နိုင်ငံမှ ယခင်ဝယ်ယူထား သည့် RBE တွဲ ခြောက်တွဲကိုလည်း မြန်မာ့မီးရထား အကြီးတန်း ပြင်ဆင်ရေးစက်ရုံတွင် ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကာ ယခုလအတွင်း ရန်ကုန်မြို့ပတ်လမ်းပိုင်း၌ ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား အကြီးတန်း ပြင်ဆင်ရေးစက်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
လက်ရှိ ရန်ကုန်မြို့ပတ် လမ်းပိုင်းတွင် ဂျပန်နိုင်ငံမှ ဝယ်ယူထားသည့် အဲကွန်းပါ RBE တွဲဆိုင်း ခြောက်ဆိုင်းဖြင့် ပြေးဆွဲပေးနေပြီး အဲကွန်းချို့ယွင်းမှု ရှိသည့်RBE တွဲ လေးတွဲအား ပန်ကာများဖြင့် အစားထိုး ပြေးဆွဲပေးနေကြောင်း သိရသည်။
ဂျပန်နိုင်ငံမှ RBE ရထားတွဲ ၁၈ တွဲ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိနေပြီး ရန်ကုန်မြို့ပတ် လမ်းပိုင်းတွင် ဦးစားပေးပြေးဆွဲမည်















