ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချခံရသည့် မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးနှင့် ပတ်သက်၍ ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၌ ဒီဇင်ဘာ ၂၆ ရက်က ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။■ လိပ်ကျွန်းလူသတ်မှုတွင် မြန်မာနှစ်ဦး သေဒဏ်ချခံရမှုနှင့် ပတ်သက်၍ ရန်ကုန်မြို့ ထိုင်းသံရုံးအနီး ရာနှင့်ချီသောပြည်သူများ ဆန္ဒထုတ်ဖော်ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်တွင် သေဒဏ်ချမှတ်ခြင်း ခံထားရသည့် မြန်မာရွှေ့ပြောင်း လုပ်သားနှစ်ဦးနှင့် ပတ်သက်၍ ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးအနီးတွင် ရာနှင့်ချီသောပြည်သူများသည် ဒီဇင်ဘာ ၂၆ ရက်က တတိယနေ့အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ထိုင်းသံရုံးအနီးသို့ နံနက်အစောပိုင်းတွင် သံဃာတော်တစ်ပါးနှင့် အမျိုးသမီးတစ်ဦးတို့က ထိုင်၍ ငြိမ်သက်စွာ ဆန္ဒထုတ်ဖော်မှုကို ဒဂုံမြို့နယ်ရဲမှူးက အဆိုပါ ဆန္ဒထုတ်ဖော်ရာသို့ လာရောက်၍ ဆန္ဒထုတ်ဖော်မှုအား ရပ်တန့်ပေးပါရန် တောင်းဆိုခဲ့ပါသော်လည်း ဆန္ဒထုတ်ဖော်သူများက လက်မခံခဲ့ပေ။ နောက်ပိုင်းတွင် ဆန္ဒပြရာနေရာသို့ ရဟန်းသံဃာတော်အချို့ လာရောက်ခဲ့ပြီး အနုပညာရှင်အချို့ပါဝင်ကာ ရာနှင့်ချီသော ပြည်သူများက ထိုင်းနိုင်ငံသံရုံးအနီးနားသို့ ထပ်မံရောက်ရှိလာကြပြီး သေဒဏ်ချခံရသည့် မြန်မာနိုင်ငံသားနှစ်ဦးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။အဆိုပါ ဆန္ဒပြပြည်သူများအား ရဲတပ်ဖွဲ့ဝင်များက သံဆူးကြိုးအကာအရံများ၊ ရဲအင်အားများဖြင့် ပိတ်ဆို့ တားဆီးထားသဖြင့် ထိုင်းသံရုံး ဝင်ပေါက်ရှေ့သို့ သွားရောက်ခွင့် မရရှိဘဲ ရန်ကုန်-ပြည်ကားလမ်းမနှင့် မနော်ဟရီလမ်းထိပ်တွင်သာ ဆန္ဒထုတ်ဖော်ခဲ့ကြရသည်။ ယင်းအပြင် ကားလမ်း၏ လမ်းလယ်ကျွန်းပေါ်တွင်လည်း ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ ပါးစပ်များကို တိပ်ကပ်၍ ထိုင်းတရားစီရင်ရေးကို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ဆန္ဒပြကြသူများသည် နံနက်အစောပိုင်းတွင် ဗီနိုင်းပိုစတာ၊ ဓာတ်ပုံနှင့် “ We want Justice ” စာသားပါ စာတန်းများကို ကိုင်ဆောင်၍ တိတ်ဆိတ်စွာ ဆန္ဒထုတ်ဖော်ခဲ့ကြသော်လည်း နေ့လယ်ပိုင်းတွင် ဆန္ဒပြလူအင်အားမှာ ပိုမိုများပြားလားပြီး နိုင်ငံတော်သီချင်း သီဆိုကြကာ ထိုင်းနိုင်ငံ၏ တရားစီရင်ရေးမျှတမှု မရှိသည်ကို ရည်ညွှန်းသည့် “Failed Shame on You,Thailand Law” စာသားပါ စာရွက်များ ကိုင်ဆောင်၍သော် လည်းကောင်း၊“ The World Want Real Justice ” စာသားပါ ဗီနိုင်းပိုစတာများ ကိုင်ဆောင်၍သော် လည်းကောင်း၊ သေဒဏ်ချခံရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို လွှတ်ပေးရန်အတွက် ကြေးကြော်သံများ သီဆိုကာ ဆန္ဒပြကြသည့်အပြင် “ We Want Justice ” ဟူ၍ အော်ဟစ်ကာ ဆန္ဒထုတ်ဖော်ကြသည်။ဆန္ဒပြကြသူများက ရဲတပ်ဖွဲ့ဝင်များ သံဆူးကြိုးများဖြင့် ကာရံထားသည့် မနော်ဟရီလမ်းအတွင်းသို့ ဝင်ရောက်၍ ဆန္ဒထုတ်ဖော်ရန် လိုလားခဲ့သော်လည်း ရဲတပ်ဖွဲ့ကမူ ဝင်ရောက်ခွင့် မပြုခဲ့ပေ။ ယင်းသို့ မနော်ဟရီလမ်းအတွင်းသို့ ဝင်ရောက်ခွင့် မပြုခဲ့သည့်အတွက် ပြည်လမ်းမပေါ်သို့ တက်၍ ဆန္ဒထုတ်ဖော်ခဲ့ရသဖြင့် အဆိုပါနေရာအနီးတွင် ယာဉ်ကြောပိတ်ဆို့မှုများလည်း ဖြစ်ပွားခဲ့သည်။ထိုင်းသံရုံးအနီးတွင် ပြည်သူများနှင့်အတူ ဆန္ဒထုတ်ဖော်နေသည့် အလင်းရောင် မဇ္ဈိမအရှင်ပညာဇောတက “ဦးဇင်းတို့ နိုင်ငံသားကို ဘာသက်သေခိုင်လုံမှုမှ မရှိဘဲ အထောက်အထား ပြည့်စုံမှုမရှိဘဲ သေဒဏ်ပေးလိုက်တယ်။ ဒါကြောင့် ဦးဇင်းက ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်တွေ ရှိကြလို့ အခုလို ဆန္ဒပြတာကို ပါဝင်ခဲ့တာ။ နောက်ရက်တွေလည်း ဆန္ဒပြရင် လာခဲ့မယ်”ဟု ဆိုသည်။အဆိုပါ ထိုင်းသံရုံးရှေ့ ဆန္ဒထုတ်ဖော်ပွဲကို ဒီဇင်ဘာ ၂၄ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးဖြစ်သူ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ တရားမဝင်နယ်စပ် ဖြတ်ကျော်မှု၊ တရားမဝင်နေထိုင်မှု၊ ခိုးမှု၊ သက်သေခံပစ္စည်း ထိမ်ချန်မှုအပါအဝင် အမှု ခုနစ်မှုဖြင့် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ကော့စမွီခရိုင် တရားသူကြီးက အမှုခုနစ်ခုစလုံးအတွက် သေဒဏ်နှင့် ထောင်ဒဏ်နှစ်၂၀ တပေါင်းတည်း ကျခံရန် အမိန့်ချမှတ်ခဲ့သည့်အတွက် ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းတွင် ပြည်သူ ၁၅ ဦးသည် သေဒဏ်ချမှတ်ခံရသည့် မြန်မာနှစ်ဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်များတွင် ထိုင်းသံရုံးအနီး ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်သည်။ဆန္ဒထုတ်ဖော်သူများသည် ညနေ ၄ နာရီ ကျော်ခန့်တွင် ထိုင်းသံရုံးအနီးမှ လူစုခွဲကာ ဆန္ဒပြမှုအား ရပ်နားခဲ့ပြီး ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီတွင် ထိုင်းသံရုံးအနီးတွင် ထပ်မံ၍ ဆန္ဒထုတ်ဖော်မည်ဟု သိရသည်။■ လိပ်ကျွန်းလူသတ်မှု မှန်ကန်သောတရားစီရင်ရေး ပေါ်ပေါက်ရန် မန္တလေး၌ ဆန္ဒထုတ်ဖော်ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ သေဒဏ်ချမှတ်ခြင်း ခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအပေါ်တွင် မှန်ကန်သော တရားစီရင်ရေး ပေါ်ပေါက်စေရန်အတွက် ဒီဇင်ဘာ ၂၆ ရက်က မန္တလေးမြို့ရှိ အထက်ဗမာပြည် ရွှေဝါရောင် သံဃာ့ကွန်ရက်မှ လမ်းလျှောက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။မန္တလေးမြို့ရှိ ရွှေဝါရောင်သံဃာ့ကွန်ရက်မှ ဒီဇင်ဘာ ၂၆ ရက် ညနေ ၃ နာရီ အချိန်တွင် ဦးပွားဘုရား အနောက်ဘက်မုခ် မှစတင်ကာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး We Ask for Justice Free Them justice now အစရှိသည့် စာသားများဖြင့် အသံတိတ် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။“ဦးဇင်းတို့ ဒီကနေ့ ထပ်ပြီး ဆန္ဒထုတ်ဖော်ရတာက မြန်မာနိုင်ငံ မြန်မာလူမျိုးတွေရဲ့ အမျိုးသားရေးဂုဏ်သိက္ခာအတွက် ဆန္ဒထုတ်ဖော်ရတာ ဖြစ်တယ်”ဟု အထက်ဗမာပြည် ရွှေဝါရောင်သံဃာ့ကွန်ရက်အဖွဲ့မှ ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် အထက်ဗမာပြည် ရွှေဝါရောင်သံဃာ့ကွန်ရက်အဖွဲ့မှ ဦးဆောင်ခဲ့ပြီး ပြည်သူအချို့လည်း ပါဝင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။■ မြန်မာနိုင်ငံသားနှစ်ဦးအတွက် ဆန္ဒထုတ်ဖော်ပွဲနှင့် ဝတ်ပြုဆုတောင်းပွဲ တောင်ကြီးမြို့တွင် ကျင်းပထိုင်းနိုင်ငံတွင် မတရားပြစ်ဒဏ် ချမှတ်ခံရသော မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သည့် မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့အား သေဒဏ်မှ လွတ်ငြိမ်းချမ်းသာစေရန်၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ ဒေသခံများက ဆန္ဒထုတ်ဖော်ပွဲကို ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့လယ်ရှိ ဗိုလ်ချုပ်ပန်းခြံတွင် လည်းကောင်း၊ စုပေါင်းဝတ်ပြုဆုတောင်းပွဲကို ညနေ ၃ နာရီက စူဠာမုနိလောကချမ်းသာ ဘုရားတွင် လည်းကောင်း၊ ကျင်းပခဲ့ကြောင်း သိရသည်။ရှမ်းပြည်နယ်တောင်ပိုင်းမှ သံဃာတော်များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံတိုင်းရင်းသားများ စုပေါင်း၍ “ထိုင်းနိုင်ငံမှ မတရားပြစ်ဒဏ်ချခံရသော မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သည့် မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့အား သေဒဏ်မှ လွတ်ငြိမ်းချမ်းသာစေရန် ဝတ်ပြုဆုတောင်းပွဲ”၊ “ဇော်လင်း နှင့် ဝင်းဇော်ထွန်း၊ မတရားသေဒဏ်ချခံရခြင်း မှ အမြန်ဆုံး အမှန်တရားပေါ်ပေါက်၍ လွတ်ကင်းနိုင်ပါစေရန် စူဠာမုနိလောကချမ်းသာ စေတီတော်မြတ်ထံတွင် ဝတ်ပြုဆုတောင်းပါသည်။”■ မြန်မာနှစ်ဦးအတွက် လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေး မုံရွာမြို့ခံလူထု ဆန္ဒထုတ်ဖော်ဒီဇင်ဘာ ၂၆ ရက် ညနေ ၄ နာရီခန့်တွင် ထိုင်းနိုင်ငံ လိပ်ကျွန်းတွင် သေဒဏ်ချမှတ်ခြင်း ခံထားရသည့် မြန်မာလူငယ်နှစ်ဦးအတွက် မုံရွာမြို့ခံလူထု ၁၀၀ နီးပါးခန့်က ဗိုလ်ချုပ်ကြေးရုပ်မှ ရွှေစည်းခုံဘုရားအထိ ဆန္ဒထုတ်ဖော်ပြီး ရွှေစည်းခုံဘုရားရင်ပြင်တော်တွင် ဝတ်ပြုဆုတောင်းပြီး ငှက်များ လွှတ်ခဲ့ကြသည်။ ဗိုလ်ချုပ်ကြေးရုပ်မှ စီတန်းထွက်ခွာလာစဉ် မုံရွာမြို့ မြို့မရဲစခန်းရှေ့သို့ အရောက်တွင် မုံရွာမြို့ မြို့မစခန်းမှူး ဒုရဲမှူးပြုံးလွင်မှ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းနှင့် စုဝေးခွင့်ဆိုင်ရာ ဥပဒေနှင့်အညီ ခွင့်ပြုချက်ရယူခြင်း မရှိသည့်အတွက် ဆက်လက်ထွက်ခွာခြင်း မပြုလုပ်ရန် တားဆီးခြင်းခံခဲ့ရသော်လည်း အဆိုပါအဖွဲ့မှာ ဆက်လက်ထွက်ခွာပြီး ရွှေစည်းခုံဘုရားသို့ ဆက်လက် ထွက်ခွာခဲ့သည်။■ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူမြို့များတွင် ဆန္ဒထုတ်ဖော်လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချခံရသည့် မြန်မာလုပ်သားနှစ်ဦးနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်မှ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူမြို့များတွင် ဒီဇင်ဘာ ၂၆ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ကျောက်ဖြူမြို့တွင် နံနက် ၈ နာရီခန့်က ဒေသခံ လူပေါင်း ၃၀၀ ခန့်တို့က ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကံ့ကော်တောဘုရားသို့ ချီတက်လာခဲ့ပြီး ဆုတောင်းခြင်း၊ ဘုရားတွင် ဆီမီးထွန်းခြင်းများကို ပြုလုပ်ခဲ့သည်။ အလားတူပင် ကျောက်တော်မြို့တွင်လည်း မွန်းတည့် ၁၂ နာရီခန့်က ကျော်တော်မြို့ပန်းခြံ၌ ဒေသခံ ၂၀၀ တို့က စုဝေးကာ ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး မဟာမြတ်မုနိဘုရားကြီးသို့ ချီတက်ကာ ဆုတောင်းခြင်း၊ ဆွေးနွေးဟော ပြောခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။မြောက်ဦးမြို့တွင်လည်း လူ ၄၀၀ ခန့်တို့က ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခြင်းများကို ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းဆန္ဒထုတ်ဖော်မှုကို ဒီဇင်ဘာ ၂၆ ရက် မွန်းတည့် ၁၂ နာရီခွဲအချိန်က မြောက်ဦးမြို့ နန်းတော်ရာကုန်း တံတိုင်းဘေးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။■ ထိုင်းအစားအစာ လုံးဝရောင်းချခြင်း မပြုကြောင်း မော်လမြိုင် Restaurant တစ်ခုက ဗီနိုင်းထောင်မော်လမြိုင်တွင် Restaurant တစ်ခုက မြန်မာလူငယ်နှစ်ဦးကိစ္စ ဖြေရှင်းမပေးသည့် ထိုင်းအစိုးရ၊ တရားစီရင်ရေးတို့ကို ကန့်ကွက်သောအားဖြင့် ယခင်ရောင်းချနေသော ထိုင်းအစားအစာ၊ ဟင်းလျာများကို လုံးဝရောင်းချခြင်း မပြုကြောင်း ဗီနိုင်းထောင် ကြေညာထားမှုအား ဒီဇင်ဘာ ၂၅ ရက် ညဦးပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နံှ့နေကြောင်း သိရသည်။“ ဒီဗီနိုင်းကို လုပ်ဖြစ်ပါတယ်။ ခရစ္စမတ်နေ့ ညနေ ၃ နာရီလောက်မှာ စထောင်ပါတယ်။ လူငယ်တစ်ဦးက လာမေး၊ ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ် တင်လိုက်တာပါ”ဟု ယူနီတီ စားသောက်ဆိုင်ရှင် ဦးဝင်းမော်သန်း (ခေါ်) မော်ကြီး (၅၅ နှစ်)က ပြောကြားသည်။■ ကော့သောင်းတွင်လည်း တစ်ကိုယ်တော်ဆန္ဒပြမြန်မာ-ထိုင်းနယ်စပ် ကော့သောင်းမြို့ရှိ လူစည်ကားရာနေရာ တစ်ခုဖြစ်သော နာရီစင်အနီးတွင် ဒီဇင်ဘာ ၂၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်က ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု၌ မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးကို သေဒဏ်ပေးမှုအပေါ် မကျေနပ်သဖြင့် တစ်ကိုယ်တော်ဆန္ဒပြခြင်းကို ဒုတိယအကြိမ် ထပ်မံဆန္ဒပြကန့်ကွက်ခဲ့ကြောင်း သိရသည်။အဆိုပါ ဆန္ဒပြသူသည် ကော့သောင်းမြို့ရှိ လူစည်ကားရာနေရာသုံးခုတွင် ယမန်နေ့ က တစ်ကိုယ်တော် ဆန္ဒပြခဲ့သူဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင်လည်း ထပ်မံ၍ မကျေနပ်သဖြင့် တစ်ကိုယ်တော်ဆန္ဒပြခြင်းဖြစ်ကာ ထိုလိပ်ကျွန်း လူသတ်မှုတွင် အပြစ်မရှိသော မြန်မာနှစ်ဦးကို သေမိန့်မှ ပြန်လည်လွှတ်ပေးမည့်အချိန်ရောက်မှသာ ဆန့်ကျင်ကန့်ကွက်မှုကို ရပ်နားမည်ဖြစ်ပြီး ရန်ကုန်မြို့သို့ သွားရောက်ကာ ပူးပေါင်းဆောင်ရွက်ခြင်းများကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်၍ တရားဝင်တောင်းဆိုခြင်းများကို ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။■ မြန်မာလူငယ်နှစ်ဦး သေဒဏ်အမိန့် ချခံရခြင်းအတွက် မိတ္ထီလာမြို့၌ ဆုတောင်းပွဲ ပြုလုပ်ထိုင်းနိုင်ငံ ခိုတောင်ကျွန်းတွင် မြန်မာလူငယ်နှစ်ဦး သေဒဏ်ချမှတ်ခံရခြင်းအတွက် မိတ္ထီလာမြို့ရှိ ဓမ္မသုခကန်ဦးစေတီတွင် ဆုတောင်းမေတ္တာပို့ပွဲကို ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းက ပြုလုပ်ခဲ့သည်။“ဒီဆုတောင်းပွဲမှာ အဖွဲ့အစည်းစုံ၊ ဘာသာပေါင်းစုံ ပါပါတယ်။ အရပ်ဘက်လူမှုရေးအဖွဲ့တွေ ပြည်သူတွေလည်း ပါပါတယ်။ ဆုတောင်းပွဲလုပ်ရတဲ့ ရည်ရွယ်ချက်က သား သမီးချင်းလည်း ကိုယ်ချင်းစာတယ်။ မိခင်ချင်းလည်း ကိုယ်ချင်းစာလို့ ဆုတောင်းဖြစ်တယ်။ သူတို့နိုင်ငံ ဥပဒေအောက်မှာ ကလေးတွေ မမျှတဘူးလို့ထင်တယ်။ တစ်ဖက်သတ်ကြီး ဖြစ်နေတယ်။ ကျွန်မတို့ တိုင်းပြည်ရဲ့ အားနည်းချက်ကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ မပေးနိုင်တာနဲ့ ကိုယ့်ပြည်သူကို ကာကွယ်စောင့်ရှောက် မပေးနိုင်တဲ့အတွက် ကလေးတွေ ဒီလောက်ဖြစ်ရတယ်လို့ ထင်တယ်။ သုံး လေးရက် အခြေအနေစောင့်ကြည့်ပြီး ထူးခြားမှုမရှိဘူးဆိုရင် ဆုတောင်းပွဲတွေ ထပ်လုပ်ဖို့ အစီအစဉ်ရှိပါတယ်”ဟု မိတ္ထီလာမြို့ခံ ဒေါ်မေသက်ဦးက ပြောကြားသည်။■ မြန်မာနိုင်ငံသားနှစ်ဦး အမှုအတွက် တာချီလိတ်မြို့တွင် လူဦးရေ သောင်းချီဆန္ဒပြထိုင်းနိုင်ငံ လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်ပြီး သေဒဏ်ချမှတ်ခံခဲ့ရသည့် မြန်မာနိုင်ငံသားနှစ်ဦးနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၂၆ ရက်က တာချီလိတ်မြို့၌ ဆန္ဒပြခဲ့ရာ လူအင်အား သောင်းချီ ပါဝင်ခဲ့ကြောင်း သိရသည်။ ဆန္ဒပြမှုကို တာချီလိတ်မြို့နယ်တွင်ရှိသည့် ရှမ်းရိုးမကွင်း၌ စုရပ်အဖြစ် ပြုလုပ်ခဲ့ပြီး နံနက် ၉ နာရီခွဲ၌ စတင်ခဲ့ကြောင်း၊ ထို့နောက် မြန်မာ-ထိုင်း နယ်စပ်တံတား၏ မြန်မာဘက်အခြမ်းမှနေ၍ ဆန္ဒပြခဲ့ကြောင်း မြန်မာ-ထိုင်း နယ်စပ်တံတားသို့ ရောက်သည့်အချိန်တွင် မြန်မာနိုင်ငံတော်သီချင်း သီဆိုခဲ့ပြီး လွတ်မြောက်ပါစေဆိုသည့် ဆန္ဒနှင့် ငှက်သုံးကောင် လွှတ်ခြင်းကိုလည်း ပြုလုပ်ခဲ့ကြောင်း ဆန္ဒပြရာတွင် ပါဝင်သည့် ကိုကျော်ကျော်ချစ်က ပြောကြားသည်။■ ထိုင်းဝန်ကြီးချုပ်ထံ သံရုံးမှတစ်ဆင့် ဟင်္သာတမြို့ လူမှုအခြေပြုအဖွဲ့အစည်းများကွန်ရက် ကန့်ကွက်စာပေးပို့မြန်မာလုပ်သားနှစ်ဦးအား ထိုင်းနိုင်ငံတရားရုံးက သေဒဏ်ချမှတ်ခဲ့မှုအပေါ် မကျေနပ်သဖြင့် ထိုင်းဝန်ကြီးချုပ်ထံ သံရုံးမှ တစ်ဆင့် ဟင်္သာတမြို့ လူမှုအခြေပြု အဖွဲ့အစည်းများ ကွန်ရက်က ကန့်ကွက်စာပေးပို့ခဲ့သည်။ဟင်္သာတမြို့ NOBLE ပရဟိတ၊ ဓမ္မဗိမာန်ကျောင်းတိုက်၌ ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီခွဲတွင် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များက စည်းဝေးဆုံးဖြတ်ခဲ့ကာ ထိုသို့ ကန့်ကွက်စာ ပေးပို့ခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ သက်ရှိ၊ သက်မဲ့ သက်သေအထောက်အထား အချက်အလက် ခိုင်လုံမှုမရှိဘဲ သေဒဏ်အမိန့် ချမှတ်ခဲ့ခြင်းအပေါ် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာဥပဒေပညာရှင်များ၊ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများက ကန့်ကွက်မှုများ ရှိနေသည့်နည်းတူ ဟင်္သာတမြို့ လူမှုအခြေပြုအဖွဲ့အစည်းများကွန်ရက်မှလည်း ကန့်ကွက်ကြောင်းနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးပါရန် တောင်းဆိုကြောင်း ဆက်လက်ဖော်ပြထားသည်။■ မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေးအတွက် မြဝတီမြို့ ရွှေမြင်ဝန်ဘုရား၌ ဆုတောင်းမေတ္တာပို့ထိုင်းနိုင်ငံ ခိုတောင်ကျွန်း (လိပ်ကျွန်း) လူသတ်မှုဖြစ်စဉ်ကြောင့် မတရားသဖြင့် သေဒဏ်ပေးခြင်းခံရသည့် မြန်မာနိုင်ငံသားနှစ်ဦး ကွင်းလုံးကျွတ် လွတ်မြောက်နိုင်ရေးအတွက် ဆုတောင်းမေတ္တာပို့သပွဲ တစ်ရပ်ကို ယနေ့ ညနေ ၅ နာရီခန့်က မြဝတီမြို့လယ်ရှိ ရွှေမြင်းဝန်စေတီတော် အရှေ့ဘက်မုခ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ ဆုတောင်းမေတ္တာပို့သလှုပ်ရှားပွဲကို မြဝတီမြို့ရောက် ရခိုင်တိုင်းရင်းသားများအပြင် မြန်မာနိုင်ငံသား တက်ကြွလှုပ်ရှားသူ လူကြီးလူငယ်များ စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့သည်။ ဆုတောင်းမေတ္တာပို့သပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ မြဝတီမြို့ အမှတ် (၄) ရပ်ကွက်မှ ဦးသန်းနိုင်က “မတရားသေဒဏ် စီရင်ချက် ချခံလိုက်ရသည့် ဝင်းဇော်ထွန်း နှင့် ဇော်လင်းတို့နှစ်ဦး ပြန်လည်လွတ်မြောက်ဖို့အတွက် လာရောက် ဆုတောင်းမေတ္တာပို့ကြ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ဆုတောင်းပွဲ တက်ရောက်လာသူများက ရွှေမြင်းဝန်စေတီတော်အား မျက်နှာမူပြီး မတ်တတ်ရပ်ကာ ထိုင်းနိုင်ငံ ခိုတောင်ကျွန်း(လိပ်ကျွန်း) လူသတ်မှုကိစ္စတွင် မတရားသဖြင့် သေဒဏ်ပေးခြင်းခံရသည့် မြန်မာနိုင်ငံသားနှစ်ဦးအတွက် တရားမျှတသည့် တရားစီရင်ချက်ကို လိုလားကြောင်း ထုတ်ဖော်ပြသခဲ့သည်။■ မြန်မာလူငယ်နှစ်ဦးအား ပြန်လွှတ်ပေးရန် ပုသိမ်မြို့ရှိ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ ဆုတောင်းပွဲပြုလုပ်ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုတွင် တရားခံအဖြစ် စွပ်စွဲခံရပြီး သေဒဏ်ပေးခံရသည့် မြန်မာလူငယ်နှစ်ဦးအား ပြန်လွှတ်ပေးရန် ပုသိမ်မြို့ရှိ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက ယနေ့ ည ၇ နာရီခန့်တွင် ရွှေမုဌော ဘုရား အရှေ့ဘက်မုခ်မှ စတင်ကာ နိုင်ငံတော်သီချင်း သီဆို၍ ဆန္ဒထုတ်ဖော်ခဲ့ပြီး တောင်ဘက်မုခ်မှ ဘုရားပေါ်သို့ တက်ရောက်ကာ အဆိုပါ လူငယ်နှစ်ဦး လွတ်မြောက်ရေးအတွက် ရွှေမုဌောဘုရားတွင် ဘုရားမီးပူဇော်၍ ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။
လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချခံရသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားနှစ်ဦးနှင့် ပတ်သက်၍ ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၌ ဆန္ဒထုတ်ဖော်















